All News Local News

ကျိုက်မရောတွင် လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်၊ စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီ လိုနေ

ကျိုက်မရောတွင် လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်၊ စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီ လိုနေ

ရန်ကုန်၊ သြဂုတ် ၁၃

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်တွင် မိုးကြီးပြီး ချောင်းဖျားတောင်ကျရေ စီးဆင်းမှု၊ အတ္တရံမြစ်ရေ မြစ်ရေ မြင့်တက်မှုတို့ကြောင့် လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်ကာ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

“ ကျိုက်မရောက ရွာတွေက အဓိက ပြဿနာရှိတယ်။ သွားရေးလာရေးခက်ခဲတယ်။ လက်ရှိ လူဦးရေ ၅၀၀၀၀ ကျော် ၊ ရွာပေါင်း ၂၇ မြုပ် နေတယ်။ ၊ ကျေးရွာ ၁၀ ရွာလောက် က အခြေအနေဆိုး တယ်။ အဓိကက လှေက အလုံအလောက်မရှိ ဘူး ၊ ရေလမ်းခရီးနဲ့ သွားလာရတယ်။ ကားလမ်းတွေက တံတားကျိုး ၊ လမ်းတွေအကုန်ပျက်နေတယ်။ ဒီနေ့ မ နက် ၃ လက်မ လောက်ကျတယ်။ ရေကျတာက တစ်နေ့ကို ၁ ပေ ၊ ၁ လက်မပဲကျတော့ ကျနော်တို့ ကယ်ဆယ်ရေးစခန်း တစ်လတိတိဖွင့်ရတာ။ အဓိက အခက်အခဲက လှေပဲ လိုအပ်တယ်။ စားနပ်ရိက္ခာ တွေအများကြီး လိုအပ်နေသေးတယ် “ ဟု ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဘဏ္ဍာရေးမှူး ဦးလှကြည်က ပြောသည်။

ကျိုက်မရောမြို့နယ် တွင် သြဂုတ်လ ၃ ရက်ကတည်းက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး သြဂုတ်လ ၁၃ ရက်နေ့ ယနေ့အထိ ရေပြန်လည် ကျဆင်းမှုမရှိသေးကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာ ၊ အိမ်ခြေ ၇၇၀၆ ၊ အိမ်ထောင်စု ၇၈၇၃ ၊ လူဦးရေ ၄၁၅၀ လောက်ရေကြီးမှုဒဏ်ကို ခံစားနေရပြီး ကယ်ဆယ်ရေစခန်း ၈ ခု ဖွင့်လှစ်ထားကာ လူဦးရေ ၁၆၅၅ ဦးခိုလှုံနေရကြောင်း သိရသည်။

“ အရင်က ကြုံလေကြုံထ မရှိဘူး ။အခုကျတော့ သဘာဝဘေး အရင်ထက် ပိုများတော့ ချိတ်ဆက်မှုအားနည်းတယ်။ အဓိက လှေ ပါပဲ ။ ကျနော်တို့ ယူလာတဲ့ ပစ္စည်းတွေကို ကျေးရွာကို ပို့ဖို့ လှေ အခက်အခဲ ရှိတယ်။ ရှိတဲ့ လှေကလည်း ငါးဖမ်းလှေသာသာ ရှိတာကြောင့် ကျနော်တို့ သယ်လာတဲ့ ဆန် ၊ ဆီ တွေ သယ်ဖို့က အခက်အခဲရှိတယ်။ အဓိက လှူဖြစ်တာက ဆန် ၊ ဆီ ၊ ဆား၊ ခေါက်ဆွဲခြောက် ၊ရေသန့် ၊ အသင့်စားလို့ရတဲ့ မုန့်တွေပါတယ် “ ဟု မင်္ဂလာပါ လူငယ်ပရဟိတ အသင်းမှ ကိုဇေယျာထွန်းက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ကျိုက်မရော – မော်လမြိုင် ဘက်က နတ်စန်းလမ်းတွင် ကားလမ်းတစ်လျှောက် ရေကျော်နေမှုကြောင့် ကားသွားလာမှု အဆင်မပြေမှုများ ကြုံနေရကြောင်း သိရှိရသည်။

“ ကျိုက်မရောအနီးအနားက ရွာ ၂၀ ကျော်ကတော့ လုံးလုံးမြုှပ်နေကြတယ်။ အဲ့ဒီအနေအထားမှာ ကျိုက်မရောကို သွားတဲ့ ခုနှစ်ခွေ လမ်းမှ မြေပြိုနေတယ်။ ကားအသေးဆိုရင် ဖြတ်လို့ရတယ်။ ကားကြီးတွေဆိုရင် တောင်တစ်ဖက်ခြမ်းမှာ ထားပြီး ဒီကနေ ကွပ်ကဲရေးရုံးက စီစဉ်ပေးတဲ့ ကားအသေးတွေနဲ့ စုပြီး ပို့မှာ ရတော့မယ်အနေအထားဖြစ်နေတယ် ။ အခုလောလောဆယ် ကျိုက်မရောဘက် သွားတဲ့လမ်း ၃ ပေါက်ရှိတယ်။ မော်လမြိုင်ဘက်က လာရင် နမ့်ဆန်းဘက်ဝင်ပေါက်လမ်း တစ်ခု ရှိတယ်။ ၊ ခုနှစ်ခွေတောင်ကို ကျော်တဲ့ လမ်း ရှိတယ်။ ကျွန်းလှကနေ ကြာအင်းဆိပ်ကြီးဘက်က လာတဲ့ လမ်းတစ်လမ်း ရှိတယ်။ အဲ့ဒီထဲ ခုနှစ်ခွေတောင်ဘက်ကလမ်းကြောင်းပဲ သွားဖို့လာဖို့ ရေလွတ်တော့တယ်။ ကျန်တဲ့ လမ်းတွေက ရေကျော်နေတယ်။ အခု ခုနှစ်ခွေလမ်းဘက်ကပဲ ကယ်ဆယ်ရေးလုပ်ပေးနေရတယ် “ ဟု ကိုနိုင်စိုးက ပြောသည်။

လတ်တလော အတ္တရံမြစ်ရေ၏ စိုးရိမ်ရေမှတ် ၅၅၀ စင်တီမီတာ ရောက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်သည် ရေဘေးရှောင်ဦးရေ အများဆုံးဖြစ်နေသော်လည်း သေဆုံးပျောက်ဆုံးတာမရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts