All News Local News

ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်ရေ မြင့်တက်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၊ လူဦးရေ သောင်းချီ ရေဘေးသင့်နေ

ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်ရေ မြင့်တက်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၊ လူဦးရေ သောင်းချီ ရေဘေးသင့်နေ

ရန်ကုန်၊ သြဂုတ် ၉

ကရင်ပြည်နယ်အတွင်း ၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဂျိုင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကော့ကရိတ် – ကျုံဒိုး- မြဝတီ ကားလမ်းတစ်လျှောက် ရေလွှမ်းမိုးလာသဖြင့် ကုန်ကားကြီးများ နှင့် ခရီးသည်တင်ကား များ သွားလာ၍ မရတော့ဘဲ ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက် ပိုင်း ၉ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ကော့ကရိတ် – ဂျိုင်းတံတားးအနီးတွင် လမ်းများပြတ်တောက်ကာ ယာဉ်သွားလာမှုခဏရပ်နားထားရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောသည်။

“ ဂျိုင်းတံတားကနေ လမ်းတွေက မြုပ်သွားတယ်။ သွားလာဖို့ ခက်ခဲနေတယ်။ ရေက များတယ်။ ကုန်ကားတွေ သွားလာမှု ခဏရပ်တန့်ထားတယ်။ မနေ့က ရေနည်းနည်းကျတော့ ကားတွေကို လွှတ်လိုက်တယ်။ ဒီနေ့က ရေထပ်တိုးတော့ နည်းနည်း ရေကျဖို့ စောင့်ရမယ် ၊ ကုန်ကားတွေက ၊ရေကျရင်တော့ ပြန်ဆင်းဖို့ အစီအစဉ်ရှိတယ်။ ကားက အဆင်းပဲ ရှိတယ်။ အတက်က ခက်ခဲတယ်။ အခုက ကားသေးသွားလာရတယ် ။ ကားကြီးတွေတော့ ခဏရပ်နားထားတယ်” ဟု ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း မုတ်သုန်မိုးကြောင့် မြို့နယ် ၇ ခု စလုံးတွင် ရေဘေးသင့်မှုများကြုံတွေ့ခံစားနေရပြီး ယနေ သြဂုတ်လ ၉ ရက် ၊ နံနက် ၉ နာရီခန့်တွင် ဒေါနတောင်တန်းမှ တောင်ကျရေ စီးဝင်မှုကြောင့် လှိုင်းဘွဲ့ ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်ခွဲတို့တွင် လမ်းပိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရ၏ လမ်းညွန်မှုဖြင့် ပြည်နယ် / ခရိုင် ၊ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပြီး ရေဘေးကယ်ဆယ်ရေးစခန်းများကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ စီစဉ်ထားကြောင်း မြဝတီမြို့ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောသည်။

“ ကယ်ဆယ်ရေးစခန်းတော့ ပြင်ဆင်ထားတယ်။ ထောက်ပံ့ကြေးတွေကို နိုင်ငံတော်က ထောက်ပံ့ပေးထားတယ်။ ကယ်ဆယ်ရေးစခန်းမှာ ပြင်ဆင်ပေးထားတယ်။ ဒါပေမဲ့ မွန်ပြည်နယ်လောက်တော့ မကြီးဘူး။ မွန်ပြည်နယ်လောက်တော့ ထိခိုက်တာ မရှိဘူး။ မွန်ပြည်နယ်ကတော့ တော်တော်လေး များနေတယ်” ဟု ဦးအိုက်ကျန်ခမ်းက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်း ရေဘေးရှောင်စခန်း ၃၀ ခန့်တွင် ရေဘေးသင့်ပြည်သူ ၁၀၅၁၁ ယောက်ရှိပြီး စာသင်ကျောင်းပေါင်း ၁၀၅ ကျောင်းခန့် ယာယီပိတ်ထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts