All News Local News

ကရင်နီသမိုင်းအပါအဝင် လူနည်းစု တိုင်းရင်းသား သမိုင်းမှန်များ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးရန်လွှတ်တော်တွင် တောင်းဆို

ကရင်နီသမိုင်းအပါအဝင် လူနည်းစု တိုင်းရင်းသား သမိုင်းမှန်များ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးရန်လွှတ်တော်တွင် တောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၀

ကရင်နီသမိုင်း အပါအဝင် လူနည်းစု တိုင်းရင်းသားများ ၏ သမိုင်းအမှန်များကို ကျောင်းသင်ရိုးညွန်းတမ်းတွင် ထည့်သွင်းပြဌာန်းပေးရန် လွိုင်ကော်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်သည်။

သြဂုတ်လ ၁၃ ရက်နေ့ က ကျင်းပ ပြုလုပ်နေသည့် နေပြည်တော် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာ ကာလ ( ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဧပြီလ ၉ ရက်နေ့အထိ ) လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာ ၎င်းက အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ခေတ်ကာလနှင့် အညီ ပညာရပ်များ တိုးတက်လာသဖြင့် ပညာရေးသင်ရိုးညွန်းတမ်းများကိုလည်း ပြောင်းလဲသင့်ကြောင်း ၊ ၎င်းသင်းရိုးညွန်းတမ်းများတွင် လူနည်းစုတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ၊ ဝတ်စားဆင်ယင်မှု နှင့် ဓလေ့ထုံးတမ်းအပြင် အဖြစ်မှန်သမိုင်းများကိုပါ ဖြည့်စွက်ပြဋ္ဌာန်းပေးသင့်ကြောင်း ဒေါက်တာ ခင်စည်သူက ဆွေးနွေးသည်။

“ ခေတ်ကာလနဲ့ အညီ ပညာရပ်များ တိုးတက်လာသလို ပညာရေးသင်ရိုးညွန်းတမ်းများ ကလည်း ပြောင်းလဲနေရမှာ ဖြစ်ပါတယ်။ သင်ရိုးညွန်းတမ်းအားလုံးက လက်ခံ နိုင်တဲ့ အခြေအနေ တစ်ခုကို ရှာသင့်တဲ့အပြင် ပြည်သူများက နားမလည်ဘဲ ခံစားနေရတဲ့ လူမှုရေး ၊ ပထဝီဖြစ်စဉ် ၊ အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့ လူနည်းစု တိုင်းရင်းသား တွေရဲ့ ယဉ်ကျေးမှု ၊ ဝတ်စားဆင်ယင်မှု နဲ့ ဓလေ့ထုံးတမ်းအပြင် အဖြစ်မှန်သမိုင်းများကို ဖြည်စွက်ပြဋ္ဌာန်း ပေးရမှာဖြစ်ပါတယ် “ ဟု လွိုင်ကော်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ဆွေးနွေးတင်ပြခဲ့သည်။

ယနေ့ လူငယ်မျိုးဆက်သစ်တွေသည် ဆယ်စုနှစ်များစွာ သမိုင်းဖြစ်ရပ်မှန်တွေကို အမှောင်ချထားခြင်း ခံနေရကြောင်း ၊ ဒါပြင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ သမိုင်းဖျောက်ခံထားရတဲ့ အကျိုးဆက်ကြောင့် အချင်းချင်း အငြင်းအခုံများဖြစ် ၊ ပဋိပက္ခလမ်းစဉ်များကြောင့် စိတ်ဝမ်းကွဲပြီး ငြိမ်းချမ်းရေး တည်ဆောက်၍မရခြင်းဖြစ်ကြောင်း ၊ ယင်းသို့ လူနည်းစု တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှု မဖြစ်စေရန် တိုင်းရင်းသားများ၏ သမိုင်းကို သင်ရိုးညွန်းတမ်းများတွင် ထည့်သွင့်ပြဋ္ဌာန်းပေးရန် အချိန် သင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆွေးနွေးသည်။

“ သမိုင်းသစ်ရေးမယ့် လူငယ်မျိုးဆက်သစ်တွေဟာ သမိုင်းဘာသာရပ်က အလွန်အရေးကြီးပါတယ်။ သမိုင်းသစ်မရေးမီ နဂိုရှိပြီးသား ဖြစ်ရပ်မှန် များကို သိနားလည်ရမှာ ဖြစ်ပါတယ်။ လွန့်ခဲတဲ့ ဆယ်စုနှစ်မြောက်များစွာ လူကြီး ၊ လူငယ်တွေက သမိုင်းဖြစ်ရပ်မှန်တွေကို အမှောင်ချထားခြင်း ခံရပါတယ်။ လူနည်းစု တိုင်းရင်းသားတွေရဲ့သမိုင်း ဖျောက်ခံရတဲ့ အကျိုးဆက်တွေကတော့ အချင်းချင်း ငြင်းခုံဖြစ် ၊ ပဋိပက္ခ လမ်းစဉ်ပေါ်ရောက် ၊ စိတ်ဝမ်းကွဲ ယုံကြည်မှု တည်ဆောက်လို့မရ ၊ မျှတမှု မရှိ စတာတွေ ဖြစ်ပြီး ဆယ်စုနှစ် အတွင်းမှ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းရေးတည်ဆောက်လိုမရတာ အခုထိပါပဲ။ ဒါကြောင့်လူများစု တိုင်းရင်းသားကော ၊ လူနည်းစု တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲမှု မဖြစ်အောင် ဖိနှိပ်ခံရတဲ့ ၊ ကြီးနိုင်ငယ်ကျင့် ယူဆနေရတဲ့ တိုင်းရင်းသား တွေရဲ့ သမိုင်းကို သင်ရိုးညွန်းတမ်းမှာ ဆောလျင်စွာ ထည့်သွင်းပြဋ္ဌာန်းပေးသင့်နေပါပြီ ။ လူနည်းစု တိုင်းရင်းသား ဖြစ်ကြတဲ့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ ရှမ်းတို့ တွေဟာ အရေးကြီးတဲ့ သမိုင်းများ ကိုယ်စီ ရှိကြပါတယ်။ အဲ့တာကို သတိထားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပန်းတိုင်ကို အမြန်ရရှိဖို့ ဖြစ်ပါတယ် “ ဟု ဒေါက်တာ ခင်စည်သူက ဆွေးနွေးသည်။

လတ်တလော ကျောင်းသင်ရိုးညွှန်းတမ်းများတွင် အနော်ရထာ၊ ကျန်စစ်သား အစချီ၍ မြန်မာဘုရင်မင်းအဆက်ဆက်၏ အကြောင်းများကိုသာ အဓိက သင်ကြားမှု ပြုလုပ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts