All News Local News

NLD အစိုးရအပေါ် မပူးပေါင်း၊ မဆောင်ရွက်၊ မဲမပေး ဆိုသည့် မသုံးလုံး ပေါ်လစီ ကျင့်သုံးမည်ဖြစ်ကြောင်း ကရင်နီလူငယ်များကြေညာ

NLD အစိုးရအပေါ် မပူးပေါင်း၊ မဆောင်ရွက်၊ မဲမပေး ဆိုသည့် မသုံးလုံး ပေါ်လစီ ကျင့်သုံးမည်ဖြစ်ကြောင်း ကရင်နီလူငယ်များကြေညာ

ရန်ကုန်၊ ဇူလိုင် ၃

ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ၆ ဦး ကို ယနေ့ လွိုင်ကော်ခရိုင် တ ရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံထားရသည့် ကရင်နီလူငယ်များက NLD အစိုးရအပေါ် မသုံးလုံး ပေါ်လစီ ( ကရင်နီလမ်းစဉ်) ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ ရုံးထုတ်စစ်ဆေးပြီး နောက် ကရင်နီလူငယ်များက NLD နှင့် လာမည့် ရွေးကောက်ပွဲတွင် မပူးပေါင်းဘူး ၊ မဆောင်ရွက်ဘူး ၊ မဲမပေးဘူးဆိုတဲ့ မ သုံးလုံး ပေါ်လစီ ( ကရင်နီလမ်းစဉ် ၊ ကိုယ်အားကိုယ်ရေး လမ်းစဉ်မူဝါဒ) ကို ယနေ့ စတင်ပြီး ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကရင်နီလူငယ် ခူးကြူးဖဲကေး(ခ) ဂူးဂူး က ပြောသည်။

“ ကျနော်တို့ ပြောချင်တာက ကရင်နီလမ်းစဉ်ကို ကြေညာတယ်။ လက်ရှိ အချိန်မှာ ကျနော်တို့က နိုင်ငံရေးအာဏာ မရှိတဲ့အချိန်မှာ ဒီလိုလုပ်တာ ဖြစ်တယ်။ အဲဒီတော့ ပြည်နယ်ပါတီကို မဲပေးကြပါ ။ တစ်လက်စတည်းပဲ အာဏာရှင်ရန်သူတွေအပေါ် ကျနော်တို့က ကြေညာရမှာက မ သုံးလုံး ဖြစ်တယ်။ မပူးပေါင်းဘူး ၊ မဆောင်ရွက်ဘူး။ မဲမပေးဘူးဆိုတဲ့ ပေါ်လစီကို ကြေညာဖို့ လိုတယ် ။ မ သုံး လုံး ပေါ်လစီကို ကြေညာတယ်။ ထိုနည်းတူ ကရင်နီလမ်းစဉ်ကို ကျနော်တို့က ကြေညာတယ်။ ကရင်နီလမ်းစဉ်ကို ဒီနေ ဇူလိုင် ၃ ရက်နေ့မှာ ကြေညာတယ်။ ကရင်နီလမ်းစဉ်က ကိုယ်အားကိုယ်ရေး မူဝါဒ ဖြစ်တယ်။ ကျနော်တို့ကို သစ္စာမခံနိုင်တဲ့ ပါတီတွေကို ကျနော်တို့ မဲမပေးဘူး။ တစ်လက်စတည်း ဒီအပေါ် ဘာရှိလဲဆိုတော့ မ သုံးလုံး ပေါလစီ ရှိပါတယ်။ မပူးပေါင်းဘူး ၊ မဆောင်ရွက်ပေးဘူး ၊ မဲမပေးဘူး ။ ကျနော်တို့က ကျနော်တို့ ပြည်နယ်အပေါ် အာမခံချက်ရှိတဲ့ နိုင်ငံရေးပါတီတွေကို ဒီမိုကရေစီ နည်းနာအရ မဲပေးပါမယ်။ ဒါကိုလည်း ကရင်နီ ပြည်သူ့လူထုတစ်ရပ်လုံးကို ပန့်ကြားပါတယ်။ ကရင်နီလမ်းစဉ်ကို လိုက်နာဖို့ လိုအပ်ပါတယ်။ကျနော်တို့ အမျိုးသားတန်းတူရေးကို အဟန့်အတားပြု နေတဲ့ ဘယ်အာဏာရှင်မဆို ကျနော်တို့ ကန့်ကွက်တယ်။ ရှုတ်ချတယ် “ ဟု ကရင်နီလူငယ် ခူးကြူးဖဲကေး(ခ) ဂူးဂူး က ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း တပ်သိမ်းမှုမြေယာပြဿနာကြောင့် ဒေသခံတောင်သူများ ကို တပ်မတော်က အမှုဖွင့် တရားစွဲဆိုခံရခြင်း နှင့် ဌာနေတိုင်းရင်းသားစာပေနှီးနှောဖလှယ်ပွဲ ကျင်းပခွင့် တားဆီးပိတ်ပင်မှု စသည့် အကျပ်အတည်းတွေ ရင်ဆိုင်နေရကြောင်း ကရင်နီလူငယ် ခွန်းသောမတ်စ် က ပြောသည်။

“ ကရင်နီလူငယ်တွေအနေနဲ့ ကရင်နီလူထုအနေနဲ့ ဒီအချိန်မှာ ဆုံးဖြတ်ချက်ကြီး ချဖို့ လိုပါတယ်။ ကျနော်တို့ ဒီလိုမတရားတဲ့ လုပ်ရပ်တွေ ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ လိုပြီ။ ကျနော်တို့ ဒီမတရားတဲ့ လုပ်ရပ်တွေကို ဒီအချိန်က စပြီး ပြင်းထန်စွာ တွန်းလှန်ဖို့ လိုအပ်နေတယ်” ဟု ခွန်းသောမတ်စ်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် ဖြစ်စဉ်ကြောင့် ကရင်နီလူငယ်အင်အားစုများကို ဖမ်းဆီးတရားစွဲဆိုနေသည့်အမှုများကို သက်ဆိုင်သည့် ပြည်နယ်အစိုးရက ပြန်လည်စဉ်းစားသင့်ကြောင်း ၊ အဆိုပါဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး နှင့် အမျိုးသားရေး ပြန်လည်သင့်မြတ်ရေးအပေါ် ထိခိုက်လာနိုင်ကြောင်း ကရင်နီလူငယ် မျိုးလှိုင်ဝင်း က ထောက်ပြပြောဆိုသည်။

“ ကျနော်တို့ ပုဒ်မ ၁၀ နဲ့ လူငယ် ၆ ဦးတရားစွဲဆိုခံရတယ်။ ဒီလို စွဲဆိုတာဟာ လက်ရှိ NLD အစိုးရက ဒီမိုကရေစီ ယဉ်ကျေးမှု အနှစ်သာရ တွေ ရိုက်ချိုးတာပဲလို့ ပြောချင်တယ်။ ဒီလိုလွတ်လပ်စွာ ရေးသားခွင့် ၊ ဆန္ဒထုတ်ဖော်ပွဲကို နည်းလမ်းပေါင်းစုံ နဲ့ ဖိနှိပ်တယ်။ ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေမှ အများကြီး အဟန့်အတား ၊ အတားအဆီးဖြစ်လာနိုင်တယ်လို့ ဒီကနေ သတိပေးချင်တယ် ” ဟု ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း က ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားလိုဘက်က လာရောက်ခြင်း မရှိသဖြင့် လာမည့် ဇူလိုင်လ ၅ ရက်နေ့ တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts