Local News political news

NLD ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ခက်ခဲပြီး တပ်မတော်နဲ့ ပွတ်တိုက်မှုများစွာရှိလာမည်

NLD ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ခက်ခဲပြီး တပ်မတော်နဲ့ ပွတ်တိုက်မှုများစွာရှိလာမည်

By မိုးယံခ/ရန်ကုန်ခေတ်သစ်

NLD ပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင် ကတိဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စတင်သည့်အနေဖြင့် လွှတ်တော်တွင်း ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို တင်သွင်းလိုက်ပြီဖြစ်သည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် စိန်ခေါ်မှုများရှိနေပြီး ရန်ကုန်ခေတ်သစ်က နိုင်ငံရေးသမားများကို ဆက်သွယ်၍ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားအမြင်များကို မေးမြန်းထားပါသည်။

ဦးမင်းဇေယျာ(ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ)

ပြင်ဆင်နိုင်ခြင်း မနိုင်ခြင်းဆိုတာထက် ပြင်ဆင်ချင်ခြင်း မပြင်ဆင်ချင်ခြင်းဆိုတာ အဲဒါကိုတော့ အရင်ဦးစားပေးပြောရမယ်ထင်တယ်။ ပြောချင်တဲ့သဘောက ကိုယ်ကတော့ပြင်ဆင်ချင်တယ်။ မဖြစ်မနေပြင်ဆင်မယ်ဆိုတဲ့ပိုင်းဖြတ်မှုပေါ့။ ဒါကပုံစံတစ်မျိုးကို နောက်တစ်ခုက နောက်တစ်ခုက တင်ပြမယ်ပေါ့။ နိုင်ငံရေးအရအပေါ်စီးရောက်အောင်လို့ တင်ပြရုံပဲ တင်ပြမယ်ဆိုတဲ့ ပိုင်းဖြတ်မှုကတစ်မျိုးဆိုတော့ ဘယ်လိုပုံစံ မျိုးရှိတယ်ဆိုတာကတော့ လောလောဆယ်ပြောဖို့တော့ စောသေးတာပေါ့။

ပြီးတော့ပြောချင်တာက ဖွဲ့စည်းပုံပြင်ဆင်ရေး process ကြီးကလည်း၊ ကျွန်တော်တို့ လုပ်ငန်းသဘောအရ နားလည်တာက အဆင့်တွေကတော်တော်လေးသွားရဦးမှာပေါ့။ ဒီအစီရင်ခံစာကို လွှတ်တော်ထဲဆွေးနွေးမယ် အတည်ပြုမယ်။ သေချာတာတစ်ခုကတော့ အတည်တော့ ပြုမှာပဲ သူကမဲနဲ့ ဆုံးဖြတ်မှာကို အဲဒီတော့ အစီရင်ခံစာကို အတည်ပြုမယ်ဆိုတာက တစ်ပိုင်း အဲဒီလိုအတည်ပြုပြီးသွားတဲ့အခါမှာ အဲဒီအစီရင်ခံစာကို အတည်ပြုဖို့ ဆွေးနွေးတဲ့အခါမှာ ပြင်ဆင်မှုတွေ၊ ဖြည့်စွက်မှုတွေ ငြင်းခုန်မှုတွေ ပွတ်တိုက်မှုတွေကတော့ရှိမှာပဲ။

ဒါပေမယ့် ခုနက ပြောသလိုမျိုး အဲဒီလို အစီရင်ခံစာကို အတည်ပြုပြီးတဲ့အခါမှာ ဒုတိယ အဆင့်က ဒီဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းကိုတင်ရမှာကို အဲဒါဒုတိယအဆင့်သွားမယ့်လုပ်ငန်းစဉ်ပေါ့။ အဲဒီလိုမူကြမ်းကိုတင်တဲ့အခါကျရင်သူက ကိုယ်စားလှယ်အမတ် ၂ဝရာခိုင်နှုန်းကနေပြီးတော့ တင်ရမှာပေါ့။ သဘောက ဒုတိယအဆင့်ကျပဲ ငါတို့က ဘာသိလာမလည်းဆိုတော့ ဘာတွေဘယ်အချက်တွေကို တော့ဘယ်လိုလိုပြင်မလဲဆိုတဲ့ မူကြမ်းကိုတော့ ငါတို့က ပိုပြီးတော့ အသေးစိတ်သိရမယ့်သဘောရှိတာပေါ့။ အစီရင်ခံစာပေါ်မှာပဲ အခြေခံပြီးတော့ဆွေးနွေးမယ်ဆိုရင်တော့ ဒါကအဖြေမဟုတ်သေးဘူးလို့ မြင်တယ်။

ဒေါက်တာတူးဂျာ
ကချင်တိုင်းရင်းသားခေါင်းဆောင်

စောင့်ကြည့်ရမှာပေါ့။ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုတဲ့နောက်ပိုင်း ဘယ်လိုစိန်ခေါ်မှုတွေပြန်ပေါ်လာမလဲတော့ မပြောတတ်ဘူး။ တင်လိုက်လို့ဆိုရင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသားဖြစ်မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အများစုက အဲဒီမှာရှိနေတာကို ဒါပေမယ့် ဒီနောက်ပိုင်းဘာတွေပြန်ဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့။ ဒါကြောင့်မို့လို့ အခုဟာက အတတ်ပြောလို့မရသေးပါဘူး။ ကျွန်တော်ကတော့အောင်မြင်စေချင်ပါတယ်။ ပြင်ရမယ့်ဟာကပြင်ရမှာပဲ မပြင်ဘဲထားလို့လည်းရတဲ့ဟာမဟုတ်ဘူးလေ။

ဒါလွှတ်တော်ထဲမှာ ညှိနှိုင်းနေရမှာပဲ အပေးအယူ အလျော့အတင်း စိတ်စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းယူပြီးတော့မှ အဆင်ပြေအောင်လုပ်သင့်တယ်။ ပြင်ဖို့လိုတယ်ဆိုတာကတော့ သဘောပေါက်ပြီးသာလေ အရမ်းပြေစေချင်တာပေါ့။

ဦးမြအေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်

Procedure အကျယ်ကြီးပဲလေ။ procedure ကလောလောဆယ် အစီရင်ခံစာတင်သွင်းမယ် ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့သူတွေကဆွေးနွေးမယ်။ ပြီးတော့မှဆုံးဖြတ်ချက်ချမယ်။ ပြီးတော့ဥပဒေမူကြမ်းရေးမယ်။ ပြီးတော့မှပြင်တင်မယ်။ ပြီးတော့မှဒါကို ထပ်ပြီးတော့ဆုံးဖြတ်မှာဖြစ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အဲတာနဲ့ သွားမှာကို သွားမှာဆိုတော့ ကျွန်တော့်အမြင်ပြောရရင် ရလဒ်က အရမ်းနည်းလိမ့်မယ်ထင်ပါတယ်။
ခင်ဗျာတို့လည်းသိတဲ့အတိုင်းပဲ (75+1)၇၅ရာခိုင်နှုန်းကျော်ထောက်ခံ မှပြင်လို့ရမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ပြင်ဆင်ရေးကိုဦးတည်တဲ့လုပ်ရပ်ကို မူသဘောအရ ကျွန်တော်တို့ထောက်ခံပါတယ်။ ကျွန်တော် မူအရထောက်ခံတယ်။ ဒီနေ့တိုင်းပြည်မှာလိုအပ်နေတာ ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့ တစ်နည်းအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ Constitution တစ်ခုပီပီပြင်ပြင် ပေါ်ပေါက်လာဖို့ပဲ ဒါပါပဲ။

ဦးမောင်ကျော်ဇံ
ရခိုင်တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

အဲတာပြင်ဆင်နိုင်မယ်လို့မထင်ဘူး။ ဒါပေမယ့် အဲတာကို စိတ်လည်းမဝင်စားဘူး။ သူတို့တင်တာတော့တွေ့တယ်။ ထူးခြားတဲ့ပုဒ်မတွေမှ မပြင်ဆင်ဘဲနဲ့ ဟာကို ဘာထူးခြားလာမှာလည်း အဲတာက သိပ်အရာထင်မယ်လို့မထင်ဘူး။ အရာထင်မှာမဟုတ်ပါဘူး။ သူတို့ပြင်ဆင်လိုတဲ့ပုဒ်မတွေကလည်း အရေးပါအရာရောက်တဲ့ပုဒ်မတွေမှ မဟုတ်တာ ဒါကများသောအားဖြင့် ပြည်နယ်တွေအတွက် ကိုယ်စားမပြုဘူးလေ။ အခုလိုချင်နေကျတာက ပြည်နယ်ကိုယ်စားပြုတဲ့ဥပဒေတွေလိုချင်နေကျတာ ပြည်နယ်ကိုကိုယ်စားပြုတဲ့ ပြည်နယ်ကိုလုပ်ပိုင်ခွင့်တွေပေးတဲ့ စီမံခန့်ခွဲမှုအာဏာတွေပေးတဲ့ ပုဒ်မတွေကသိပ်မပါဘူး။ ပြင်တဲ့ထဲမှာလေ။

ဦးရဲမျိုးဟိန်း
တကောင်း Institute

တပ်မတော်ကတော့ဗျာ ဒီနေ့ သူတို့သဘောထားကို သူတို့ဒီကော်မတီမှာတည်းကသူတို့ သဘောထားမှတ်ချက်ပေးခဲ့တာတွေ့ရတယ်ပေါ့။ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေတောင်မှ ဒါပြင်ဆင်ရေးအခန်းနဲ့ မညီဘူးဆိုတဲ့သဘောထား မှတ်ချက်ကိုသူတို့ပေးခဲ့တယ်ပေါ့။ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင်လည်း တပ်မတော်က အဓိကကျတဲ့နေရာမှာရှိနေတာဖြစ်တဲ့အခါကျတော့ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေတောင်မှ သူတို့က သဘောမတူဘူးဆိုတဲ့ပုံစံကိုပြနေတာဖြစ်တဲ့အတွက် ပြင်ဖို့တော့အတော်လေးခက်မယ်လို့တော့ ကျွန်တော်တော့မြင်ပါတယ်။
တကယ်လို့ပြင်ဖြစ်ရင်တောင်မှ တစ်ချို့သောပုဒ်မလေးတွေလောက်ပဲ ကျွန်တော်ထင်တယ် အဲတာအမြင့်ဆုံးပေါ့ဗျာ ပြင်နိုင်မယ့်အနေအထားလို့ပဲမြင်ပါတယ်။ အခုကတော့ ပြင်ဆင်ရေးကော်မတီနဲ့ သွားတာဖြစ်တဲ့အတွက် နည်းနည်းတော့ခက်သွားတယ်လို့ ကျွန်တော်ကတော့မြင်တယ်ဗျ ။ ဘာလို့မြင်လည်းဆိုတော့ စစချင်းတည်းကညှိနှိုင်းမှုမရှိခဲ့ဘူးလေ စစချင်းတည်းကညှိနှိုင်းမှုမရှိခဲ့ဘဲ အခုမှပြင်ဆင်ရေး ကော်မတီကနေတစ်ဆင့်သွားတာဖြစ်တဲ့အတွက် ကျွန်တော်ထင်တယ်။ တပ်မတော်နဲ့ သဘောတူညီမှုရဖို့ကတော့ နည်းနည်းလေးခက်မယ်လို့တော့မြင်ပါတယ်။

ဒေါက်တာရန်မျိုးသိန်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကတော့ သူကစိန်ခေါ်မှုတွေအကျပ်အတည်းတွေများမယ်လို့မြင်တယ်။ ဒါကအကြိတ်အနယ် ဆွေးနွေးညှိနှိုင်း အဖြေရှာမယ့် သဘောမျိုးရှိနေတယ်လို့မြင်တယ်။ အဲဒီအခါကျတော့ လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို မရေးဆွဲမှီကာလမှာပေါ့လေ။ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ခေါင်းဆောင် ပိုင်းတွေကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ယုံကြည်မှု နာလည်းမှုတည်ဆောက်တာတွေလုပ်ဖို့ လိုအပ်တယ်လို့မြင်တယ်။

လက်ရှိဖွဲ့စည်းပုံဥပဒေကလည်းတပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင် ဘယ်ပုဒ်မကိုမှ ပြင်လို့မရတဲ့အနေအထားရှိနေတယ်။ အဲဒီခါကျတော့ အဲဒီအခြေအနေကို လွှတ်တော်ထဲမှာ ကျော်လွှားနိုင်ဖို့ဆိုရင် အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဖက်ခေါင်းဆောင်တွေကြားမှာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးတော့ သဘောတူညီချက်ရအောင် လုပ်နိုင်ဖို့ လိုအပ်နေတယ်လို့မြင်တယ်။ အဲဒီတော့ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူလူထုဆန္ဒ၊ ပြည်သူလူထုအသံ ၊ တိုင်းရင်းသားပြည်သူလူထု အများစုဆန္ဒ၊ တိုင်းရင်းသားပြည်သူလူထု အများစုရဲ့အသံကို အလေးနက်ထားနားထောင်ပြီးတော့ လိုက်လျောညီထွေ ပြင်ဆင်ပြောင်းလဲနိုင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts