All News Local News

MRTV ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ရာထူးမှ အနားပေးခံရမှု လုပ်ငန်းပိုင်းဆိုင်ရာ ကြောင့် အဓိကဟုဆို

MRTV ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ရာထူးမှ အနားပေးခံရမှု လုပ်ငန်းပိုင်းဆိုင်ရာ ကြောင့် အဓိကဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၅

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့်ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ရာထူးမှ အနားပေးခံရမှုသည် လုပ်ငန်းပိုင်ဆိုင်ရာ ကိစ္စများကြောင့် အဓိကဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများထံမှ သိရှိရသည်။

“ဟုတ်တယ်၊ အနားပေးလိုက်တာ။ လုပ်ငန်းကိစ္စတွေပေါ့။ အပြင်မှာ ပြောနေသလို ဟေမာနေဝင်း သီချင်းလွှင့်တဲ့ကိစ္စ ( တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးနေစဉ် ရုပ်သံလိုင်း ပြတ်တောက်ပြီး ဟေမာနေဝင်းသီချင်း ထုတ်လွှင့်) လည်း တစ်ခုအပါအဝင်ပေါ့။ အခြား လုပ်ငန်းနဲ့ဆိုင်တဲ့ကိစ္စတွေလည်း ပါတယ်လို့ ပြောလို့ရတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် အပါအဝင် ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းခေါ်ဆိုသော်လည်း တစ်စုံတစ်ဦးကမှ ဖုန်းကိုင် ဖြေဆိုခြင်းမရှိပေ။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအဆို ဆွေးနွေးစဉ် ရုပ်သံလိုင်းပြတ်တောက်ခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ဟေမာနေဝင်း သီချင်းကို အစားထိုး ထုတ်လွှင့်ခဲ့သည်။ ထိုသို့ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းသည် လွှတ်တော်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်သို့ ဖိုက်ဘာ ဆက် ကြောင်းမှ တစ်ဆင့်ပေးပို့ထုတ်လွှင့်ရာ ယင်းအချိန်တွ င်ဖိုက်ဘာလိုင်းကျ၍ အစီအစဉ်ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲထုတ်လွှင့်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ရက်ကထုတ်ပြန်ခဲ့သည်။

ဖဖော်ဝါရီ ၇ရက်နေ့တွင် တပ်မတော်က ရုပ်မြင်သံကြားလိုင်းပြတ်တောက်ရသည့်အကြောင်းအရင်းမှာ ယင်းနေ့က ဖိုက်ဘာလိုင်း အသုံးပြုမှုလုံးဝမရှိသဖြင့် ဖိုက်ဘာလိုင်းနှင့် မသက်ဆိုင်ဟုသတင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts