All News Election Local News

DNP ပါတီထူထောင်ခြင်း ဦးသန်းရွှေလမ်းညွှန်ချက်မပါ၊ အဝတ်ပင် မဝတ်နိုင်သော တိုင်းရင်းသားများကို လက်တွဲခေါ်မည်ဟု ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်ပြော

DNP ပါတီထူထောင်ခြင်း ဦးသန်းရွှေလမ်းညွှန်ချက်မပါ၊ အဝတ်ပင် မဝတ်နိုင်သော တိုင်းရင်းသားများကို လက်တွဲခေါ်မည်ဟု ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်ပြော

ရန်ကုန်၊ ဇူလိုင် ၂၇

အမျိုးသားနိုင်ငံရေး ဒီမိုကရကာတစ်ပါတီ(DNP) ထူထောင်ခြင်း ဦးသန်းရွှေ အပါအဝင် တစ်စုံတစ်ဦး၏ လမ်းညွှန်ချက်မပါဝင်ဘဲ မဖြစ်မနေ လုပ်ရမည့် အခြေအနေကြောင့် နိုင်ငံရေးတွင်ပါဝင်လာရဟု ပါတီဥက္ကဌဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်ပြောဆိုသည်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၏ ပါတီမူဝါဒ ရှင်းလင်းပွဲကို ယနေ့ဇူလိုင် ၂၇ရက်တွင် Orchid Hotel၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပါတီတည်ထောင်ရခြင်းနှင့် ပတ်သက်ပြီး မနေနိုင်မထိုင်နိုင် ထကိုလုပ်ရမည့် အခြေအနေရောက်နေ၍ ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးစိုးမောင်ကဆိုသည်။

” ကျွန်တော်တို့ရောက်ရှိခဲ့တဲ့ဒေသတွေမှာ အဝတ်အစားတောင် ပြည့်စုံအောင် မဝတ်နိုင်သေးတဲ့ တိုင်းရင်းသားညီကိုမောင်နှမတွေယနေ့ထိရှိနေပါသေးတယ်။ ဒါတွေကိုကျွန်တော်တို့ လက်တွဲခေါ်ရမှာဖြစ်ပါတယ်။ သူတို့ကိုကျွန်တော်တို့ရှေ့ရောက်အောင် လက်တွဲခေါ်ဖို့ တာဝန်ရှိပါတယ်။ ဒါတွေကိုခင်ဗျာတို့မယုံသေးဘူးဆိုရင်သွားကြည့်လို့ရပါတယ်။ ကျွန်တော်တို့က စာဖတ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့က မျက်စိနဲ့ မြင်ခဲ့တဲ့ အခြေအနေအပေါ်မှာမူတည်ပြီး သုံးသပ်ပြီး ခင်ဗျာတို့ကို ဗဟုသုတပေးတာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က မနေနိုင် မထိုင်နိုင် ထကိုလုပ်ရတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒီပါတီကိုတည်ထောင်ရတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ၎င်းသည် တောင်သူလယ်သမားနှင့် ဈေးရောင်းသော လုပ်ငန်းလုပ်ကိုင်သည့် မိသားစုကမွေးဖွားလာခြင်းဖြစ်ပြီး အများနည်းတူ ကျောင်းသားဘဝက ခေတ်စနစ်တွေကို ဖြတ်သန်းလာခဲ့ရခြင်းဖြစ်ကြောင်း၊ မြေကြီးပေါ်တွင် ပလတ်စတစ်ခင်းကာ ကျောက်ခဲခေါင်းအုံးအိပ်လာခဲ့ရပြီး တောငှက်ပျောခဲဖြင့် ထမင်းစားလာခဲ့ရသည့် ဘဝများဖြစ်ကြောင်းဦးစိုးမောင်ကပြောသည်။

“ကျွန်တော်တို့ရုန်းကန်လှုပ်ရှားရင်းနဲ့ ကျွန်တော်တို့ဒီအဆင့် ရောက်လာတော့လည်းပဲ 5 star hotal မှာရေပူရေအေးနဲ့ ကျွန်တော်တို့ရေချိုးပြီးတော့ ရွှေပန်းကန်နဲ့ ထမင်းစားခဲ့ရတဲ့ ဘဝတွေလည်းရောက်ပါတယ်။ သိပ်ထူးခြားတဲ့အလုပ်တွေမဟုတ်ပါဘူး။ အဲ့တော့ကျွန်တော်တို့က ဒေါင်ကျကျပြားကျကျသွားရမယ်။ တစ်နေ့လူတွေဟာ ခင်ဗျာတို့ကော ကျွန်တော်တို့ကော တစ်နေ့သေမှာပဲ”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

DNP ပါတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးမောင်သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ဒုတိယဥက္ကဌဖြစ်သော ဦးလွန်းမောင်သည် ယခင် စစ်အစိုးရလက်ထက်က တပ်မတော်၏ စာရင်းစစ်ချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် တစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ညွန်ကြားမှုဖြင့် ပါတီဖွဲ့စည်းခဲ့သလားဟု မီဒီယာများ၏ မေးမြန်းမှုကို ဦးစိုးမောင်က ၎င်းတို့ကိုယ်တိုင်သာ ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)တွင် ပါတီမူဝါဒဖြင့် ၄၁ချက် ချမှတ်ထားပြီး အမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီလက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com