Local News Peace political news

AA ခေါင်းဆောင်များကို ဝရမ်းပြေးကြေညာပြီးပါက ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောဆို

AA ခေါင်းဆောင်များကို ဝရမ်းပြေးကြေညာပြီးပါက ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသော AA ခေါင်းဆောင်များကို ဝရမ်းပြေးအဖြစ်ကြေညာပြီးပါက ဖမ်းဆီးပိုင်ခွင့်ရှိပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြောက်ဦးမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး အောင်သူရက AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်၊ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၊ ဦးစံရွှေမောင်တို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဝရမ်းပြေးအဖြစ်ကြေညာလျှင် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုသည်။

” ဝရမ်းပြေးတော့ ဝရမ်းပြေးပဲ ဖြစ်မှာပဲ။ ဥပဒေကြောင်းအရ ဝရမ်းပြေးကြေညာပြီးရင် သူက ဖမ်းဆီးပိုင်ခွင့် ရှိတာပဲ။ လက်တွေ့ ဖမ်းဆီးခြင်း ၊ မဖမ်းဆီးခြင်း အပိုင်းကတော့ ကျနော်လည်း မပြောတတ်ဘူး။ အဲဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေတဲ့ နေရာမှောတာ့ သတိပြုထားဖို့က တချို့တိုင်းရင်းသားအဖွဲ့ အစည်းတွေမှာ တကယ်ပြစ်မှု ကျူးလွန်ထားတဲ့ သူတွေ ရှိကောင်းရှိနိုင်တယ်။ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း ရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆိုသည်။

AA အဖွဲ့သည် အကြမ်းဖက်မှုများ ကျူးလွန်နေ၍ တရားစွဲဆိုလိုသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယခု တရားစွဲမှုသည် နောက်ကျနေပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“တရားစွဲချင်တာက ကြာပြီ ။ အခုတရားစွဲတာက နောက်တောင်နောက်ကျနေပြီ။ ဇန်နဝါရီလ ၄ ရက်နေ့က ရဲစခန်းတွေ တိုက်ခိုက်ခံရတာ ၊ သက်ဆိုင်ရာရဲစခန်းတွေက တရားစွဲချင်တာ ။ ဘာကြောင့်လဲဆိုတော့ ဒီဟာသည် အကြမ်းဖက်ဥပဒေ အရ ၊ အဲ့ဒီကနေ တရားစွဲသင့်တယ်။ ပုဏ္ဍားကျွန်းမှာ ရှိတဲ့ ကျနော်တို့ ဒီရဲစခန်းကလည်း တိုက်ခိုက်ခံရတာပဲ။ ခုတရားစွဲဆိုတာက နောက်တောင်ကျနေပြီးလို့ ကျနော်ပြောချင်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

AA တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မူ ယင်းကဲ့သို့ ထုတ်ပြန်မှုသည် ငြိမ်းချမ်းရေး အတွက် အဟန့်အတားဖြစ်မည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

Photo Credit – Reuters , Arakan Army Facebook

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com