All News Local News

7 July အထိမ်းအမှတ်ချီတက်သူ ကျောင်းသား ၈ ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုမှု ပြည်ထဲရေးနှင့် ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိဟု ကျောင်းသားများပြော

7 July အထိမ်းအမှတ်ချီတက်သူ ကျောင်းသား ၈ ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုမှု ပြည်ထဲရေးနှင့် ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိဟု ကျောင်းသားများပြော

ရန်ကုန်၊ ဇူလိုင် ၁၅

7 July အထိမ်းအမှတ် ချီတက်ကြသည့် ကျောင်းသား ၈ ဦးကို လှိုင်မြို့နယ်ရဲစခန်းနှင့် ကမာရွတ်မြို့နယ် ရဲစခန်းတို့တွင် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားမှုသည် ရန်ကုန်တိုင်းအစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့တွင် တာဝန်ရှိကြောင်း တရားစွဲဆိုခံရသော ကျောင်းသားများက ပြောဆိုလိုက်သည်။

၁၉၆၂ ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့ ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခံရမှု ( ၅၇ ) နှစ်မြောက် 7 July အောက်မေ့ဖွယ်အခမ်းအနားကို လမ်းလျှောက်ချီတက်ခဲ့ကြသည့် ဦးဆောင်ပါဝင်သူ ကျောင်းသား ၈ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် လှိုင်နှင့် ကမာရွတ်မြို့နယ် နှစ်ခုက အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦး ရင်ပြင်သို့ ချီတက်အလေးပြုခဲ့ကြသည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ များမှ ဦးဆောင်သူ နှစ်ဦး ဖြစ်သည့် ကိုမင်းဟန်ထက် နှင့် ကိုဇင်မင်းဖြိုးတို့အား ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ ဖြင့် လှိုင်မြို့နယ်ရဲစခန်းက တရားစွဲဆိုထားကြောင်း သိရသည်။

7 July အထိမ်းအမှတ် လမ်းလျှောက်ချီတက်တဲ့ အခမ်းအနားကို ကျောင်းသားသမဂ္ဂက နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး ယခုနှစ်မှာ အမှုဖွင့်တရားစွဲဆိုခြင်းက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ကြောင်း၊ အာမခံမယူဘဲ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၊ ကိုဇင်မင်းဖြိုးက ပြောသည်။

“ ကျနော်တို့က အဖွဲ့ ၃ ခုက ပေါင်းလုပ်တာ။ ကျနော်ရယ် ၊ ကိုမင်းဟန်ထက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲတယ်။ မနေ့ကတော့ ခေါ်စစ်တာ ၊စစ်ချက်ယူတာ။ တရားရုံးတင်တဲ့ ရက်ကို ပြန်ပြောမယ်။ အခုတော့ ရက်အတိအကျမသိရသေးဘူး။ ရက် သိရရင် တရားရုံးကို သွားပြီး ရင်ဆိုင်ရမယ်။ တရားရုံး ရောက်လို့ အာမခံယူလား ၊ မယူဘူးလား မေးရင်တော့ ကျနော်တို့က အာမခံမယူူဘူးလို့ ဆုံးဖြတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အာမခံမယူဘူးဆိုတာ ကျနော်တို့ စဉ်းစားတာက ဒီတရားဥပဒေတွေက တရားမျှတမှု ရှိသလား၊ နံပါတ် ၂ ချက်က ဒါက နှစ်တိုင်းချီတက်နေကြ။ ဒါက ကျနော်တို့ မတရားခံစားရတဲ့ဟာကို အောက်မေ့သတိရတဲ့ အခမ်းအနား ဖြစ်တယ် ၊ ဒီနှစ်လုပ်နေကြ ။ ဒါကို အရင်နှစ်က တရားမစွဲဘဲ ဒီနှစ်ကျမှာ တရားစွဲတာ လုပ်ရိုးလုပ်စဉ် မဟုတ်ဘူး” ဟု

အလားတူပင် 7 July အောက်မေ့ဖွယ်အခမ်းအနားတွင် လမ်းလျှောက်အလေးပြုခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုသူရလင်း ၊ ကိုဝေယံဖြိုးမိုး ၊ စိုင်းသုဝဏ်၊ မအိသီရိကျော် ၊ ကိုခန့်မင်းထက် နှင့် ကိုမင်းသွေးသစ် တို့ကို ကမာရွတ်မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

“ သူတို့ ပြောတာတော့ 7 July ချီတက်အလေးပြုတာမှာ အကြောင်းကြားစာ မပို့တာကြောင့် ပုဒ်မ ၁၉ နဲ့ တရားစွဲတယ် ၊ အဲ့တော့ ကျနော်က ဒီအမှုကို ဘယ်သူက တရားစွဲဆိုလည်း မေးတော့ သူတို့အထက်က မြို့နယ်ရဲမှူးကို တရားလို လုပ်ပြီး စွဲခိုင်းတာ ဖြစ်တဲ့အတွက် မြို့နယ်စခန်းမှူး ရဲမှူးသိန်းဟန်က သူက တရားလိုလုပ်ပြီး ပုဒ်မ ၁၉ ကို စွဲတယ်။ ဒါပေမဲ့ ဘယ်က ညွန်ကြားချက်လာလဲ ၊ ရန်ကုန်တိုင်း အစိုးရကလား ၊ ရဲကလား မေးတော့ အဲ့တာတော့ သူတို့အဆင့်နဲ့ မသိပါဘူး။ အထက်ကလာတဲ့ အဆင့်ဆင့် ညွန်ကြားချက်အရ သူတို့ လုပ်ရပါတယ် လို့ ပြောတယ်။ ကျနော်တို့ကတော့ ရုံးတင်ပြီးသွားရင် သူတို့ စစ်ဆေးချက်ကကြာတော့ ကျနော်တို့ ၆ ယောက် ညှိနှိုင်းကြည့်မယ် ၊ နောက်တစ်ခုက ကျနော်တို့ တစ်ယောက်ချင်းစီ သဘောဆန္ဒအလျောက် လုပ်ဆောင်ခွင့် ရှိတယ်။ အာမခံ ယူမယ် ၊ မယူဘူးဆိုတာက အခုလာမည့် ဇူလိုင် ၂၃ ရက် ၊ ကမာရွတ်တရားရုံး ရုံးတင်မယ် ။ အဲ့နေ့ကျမှာ သိရမယ် ။ အခု စစ်ချက်ယူတာက ၃ ယောက်ပြီးသွားပြီ “ ဟု ကိုမင်းသွေးသစ်က ပြောသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် 7 July အခမ်းအနားဦးဆောင်တဲ့ ကျောင်းသားအချို့ကို ငြိမ်းစုစီဖြင့် တရားစွဲခံခြင်း အပေါ် သက်ဆိုင်ရာ တိုင်းအစိုးရ နှင့် ပြည်ထဲရေး နှစ်ခုစလုံးအပေါ် တာဝန်ရှိကြောင်း ကိုမင်းသွေးသစ်က ပြောသည်။

“ ကျနော်အနေနဲ့ ကတော့ ပြည်ထဲရေးကော ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကော နှစ်ခုလုံးက တာဝန်ရှိတယ်လို့ ယူဆလို့ရတယ်။ ရန်ကုန်တိုင်း အစိုးရ မသိဘဲနဲ့ ပြည်ထဲရေးက ကျနော်တို့ ကျောင်းသားကိစ္စကို တရားစွဲဆို ဖို့ လုပ်မှာ မဟုတ်သလို ပြည်ထဲရေး မပါဘဲနဲ့ ရန်ကုန်တိုင်း အစိုးရလည်း တရားစွဲဆိုခိုင်းတာ ရချင်မှာ ရမှာ ။ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ဘယ်သူက အထက်ကအမိန့်ကို ပေးလိုက်လဲ ဆိုတာ မသိတဲ့အတွက် လောလောဆယ်တော့ အကြမ်းဖျဉ်းအနေနဲ့တော့ နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်လို့ ယူဆတယ်” ဟု ကိုမင်းသွေးသစ်က ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်း မရှိဘဲ စုဝေးခြင်း ( သို့မဟုတ် ) စီတန်းလှည့်လည်ခြင်းပြုကြောင်း ၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts