All News Local News

7 July ချီတက်ပွဲကြောင့် အဖမ်းခံထားရသော ကျောင်းသား၂ဦး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်မရှိဟုဆို

7 July ချီတက်ပွဲကြောင့် အဖမ်းခံထားရသော ကျောင်းသား၂ဦး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်မရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၅

7 July အထိမ်းအမှတ် ချီတက်မှုကြောင့် လှိုင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၉ဖြင့် အမှုရင်ဆိုင်နေရသော ကျောင်းသား၂ဦးကို ယနေ့ ဇူလိုင်လ ၂၅ရက်က ဒုတိယကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ကျောင်းသား ၂ ဦးက ပြောဆိုလိုက်သည်။

ယနေ့ ရုံးထုတ်တွင် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့က တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဘဲ ရှေ့နေငှားရမ်းခြင်းမပြုလုပ်ကြောင်း၊ ၎င်းတို့ကိုယ်တိုင် အမှုရင်ဆိုင်မည်ဟုဆိုသည်။

“ ဒီလိုနိုင်ငံမှာ ဒီလိုပုဒ်မနဲ့တရားစွဲတာဟာ အဓိပ္ပာယ်မရှိလို့ယူဆတဲ့အတွက် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမပြုပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ယုံကြည်ရာတွေကို တကယ့်ကိုဖိနှိပ်မှုမရှိဘဲနဲ့ လုပ်ဆောင်ရမယ့်ပတ်ဝန်းကျင် စနစ်တစ်ခုရှိဖု့ိလိုတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ အဲဒါမျိုးမရှိသေးပါဘူး။ အဲ့ဒါမျိုးရှိလာဖို့အတွက် ကိုယ်ယုံကြည်ရာဝါသနာပါရာကို လုပ်ဆောင်နိုင်မယ့် ပတ်ဝန်းကျင်စနစ်တစ်ခုဖြစ်လာဖို့ ကျနော်တို့ဆက်ပြီးတိုက်ပွဲဝင်ရဦးမယ်။ ဆက်ပြီးကြိုးစားကြရဦးမယ်” ဟု ကိုမင်းဟန်ထက်ကဆိုသည်။

ထို့ပြင် ၎င်းတို့ကို တရားစွဲဆိုထားခြင်းသည် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးစွဲဆိုခြင်းဖြစ်သောကြောင့် ပြည်ထဲရေးကစွဲခြင်းဖြစ်သည်ဟုယူဆကြောင်း၊ ပြည်ထဲရေးသည် တပ်မတော်လက်အောက်တွင်ရှိသည့်အတွက် တပ်မတော်စွဲဆိုသည်ဟု အကြမ်းဖျဉ်းယူဆလို့ရသည်ဟု ကိုဇင်မင်းဖြိုးကရုံးထုတ်တွင်ပြောဆိုခဲ့သည်။

ယနေ့ရုံးချိန်တွင် တရားလိုဘက်မှ လိုပြသက်သေ ၇ဦးတင်သွင်းခဲ့ပြီး လာမည့်ရုံးချိန်းဖြစ်သော သြဂုတ်လ ၁ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

7July ချီတက်ပွဲကို တက္ကသိုလ်အသီးသီးရှိ ကျောင်းသားသမဂ္ဂများကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုသူရလင်း ၊ ကိုဝေယံဖြိုးမိုး ၊ စိုင်းသုဝဏ်၊ မအိသီရိကျော် ၊ ကိုခန့်မင်းထက် နှင့် ကိုမင်းသွေးသစ် တို့လည်း ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ ဖြင့်အမှုရင်ဆိုင်နေရပြီး ၎င်းတို့ကို ဇူလိုင်လ ၃ဝရက်တွင် ဒုတိယကြိမ်မြောက်ရုံးချိန်းချိန်းဆိုထားသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်း မရှိဘဲ စုဝေးခြင်း ( သို့မဟုတ် ) စီတန်းလှည့်လည်ခြင်းပြုကြောင်း ၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts