All News Election Local News

၂၀၂၀ ရွေးကောက်ပွဲအလွန် ပြည်ထောင်စုညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ မျှော်မှန်း

၂၀၂၀ ရွေးကောက်ပွဲအလွန် ပြည်ထောင်စုညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ မျှော်မှန်း

ရန်ကုန်၊ ဇူလိုင် ၃၀

ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ ပူးပေါင်းသော ကချင်ပြည်နယ်ပြည်သူ့ပါတီ ( KSPP ) က ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပြည်ထောင်စုညွှန့်ပေါင်းအစိုးရ အဖွဲ့ ဖွဲ့စည်းရန် မျှော်မှန်းချက်ရှိကြောင်း ကချင်ပြည်နယ်ပါတီ ( KSPP ) ဒု ဥက္ကဋ္ဌ – ၂ ( ယာယီ ) ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ပြည်သူ့ပါတီ ( KSPP ) က ကချင်ပြည်နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ညွန့်ပေါင်းအစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ကျနော်တို့ကတော့လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပါတယ်။ကျနော်တို့ မျှော်မှန်းထားတာတော့ ကချင်ပြည်နယ်မှာ ကျနော်တို့ အနိုင်ရရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါကြောင့် ဒီကတော့ ကြိုးစားရမယ် ။ ပြည်သူ့လူထုအပေါ် ဘယ်လောက်အထိ စည်းရုံးနိုင်မယ်အပေါ် မူတည်ပါတယ်။ အဓိက ကတော့ ရွေးကောက်ပွဲ နိုင်ပြီး အနိုင်ရရှိခဲ့လျှင် အနိုင်ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ ရှေ့လုပ်ငန်းစဉ်လုပ်သွားဖို့က ကျနော်တို့က ပြည်ထောင်စုအဆင့်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖို့ စိတ်ဆန္ဒ ရှိပါတယ်။ ဘယ်ပါတီဆိုတာ ပြောဖို့ စောပါသေးတယ် ။ ကျနော် ပြောနိုင်တာတော့ ရွေးကောက်ပွဲပြီးရင်တော့ ပြောနိုင်မှာပါ ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိမလား ၊ ပြည်ခိုင်ဖြိုး အနိုင်ရရှိမလား ၊ ကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကပဲ အနိုင်ရရှိမလား ဆိုတာ မသိဘူး။ ပါတီတစ်ခုခု နဲ့ ပြည်ထောင်စု အဆင့်ကို ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းချင်တယ်။ ဘာကြောင့်လဲဆိုတော့ ညွန့်ပေါင်းအစိုးရဖွဲ့မှ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာ ပီပီပြင်ပြင်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ် “ ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုတွင် ကော်မတီများ ဖွဲ့စည်းရန် ရည်ရွယ်ထားကာ လက်ရှိတွင် မြို့နယ်ငါးမြို့နယ် တွင် ဖွဲ့စည်းထားကြောင့် လာမည့် ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ် ၅၈ ယောက်က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အခုကတည်းက ပြင်ဆင်ပြီးထားပါတယ်။ မြို့နယ် ၅ မြို့နယ်မှာ ကော်မတီတွေ စတင်ဖွဲ့စည်းနေတယ်။ တခြားမြို့နယ်တွေလည်း တဖြည်းဖြည်း လုပ်ဆောင်သွားမှာပါ ။ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်အတွင်း ကိုယ်စားလှယ် ၅၈ ရှိပါတယ်။ ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်လွှတ်တော် ၊ ရေးရာကိုယ်စားလှယ်ပေါင်း ၅၈ ယောက် ရှိနေပါတယ် “ ကချင်ပြည်နယ်ပါတီ ( KSPP ) ဒု ဥက္ကဋ္ဌ – ၂ ( ယာယီ ) ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ( KSDP ) ၊ ကချင်ဒီမိုကရက်တစ်ပါတီ ( KDP ) နှင့် စည်းလုံး ညီညွတ်ရေး နှင့် ဖွံဖြိုးရေးပါတီ ကချင်ပြည်နယ် ( UDPKS ) တို့က ၎င်းတို့ ပါတီကို ဖျက်သိမ်း၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ ( KSPP ) အမည်ဖြင့် မှတ်ပုံတင်လျှောက်ထားရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင် အမှတ် ( ၁၁၅ ) ဖြင့် ဇွန်လ ၇ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့တာ ဖြစ်သည်။

လက်ရှိတွင် KSPP ပါတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ မနာမ်တူးဂျာ ၊ ဒု ဥက္ကဋ္ဌ – ၁ အဖြစ် ဦးခက်ထိန်နန်တို့က ယာယီပါတီခေါင်းဆောင်အဖြစ် ပါတီ ညီလာခံ မတိုင်မီအထိ တာဝန်ယူထားကြောင်း သိရှိရသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com