All News Editorial

အသုံးစရိတ်ဘတ်ဂျက် စိစစ်ဖြတ်တောက်ခြင်းဖြင့် စစ်တပ်ကို ကိုယ်တွယ် ထိန်းချုပ်ပါ

အယ်ဒီတာ့အာဘော်

အသုံးစရိတ်ဘတ်ဂျက် စိစစ်ဖြတ်တောက်ခြင်းဖြင့် စစ်တပ်ကို ကိုယ်တွယ် ထိန်းချုပ်ပါ

လာမည့်အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ် ငွေကျပ် ၃၃၇၀ ဒသမ ရ၇၈ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံ) တင်ပြတောင်းခံလိုက်သည်။ ယင်းပမာဏာသည် ယခင်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က တင်ပြတောင်းခံခဲ့သော ၃၂၄၈ ဒသမ ၃၆၅ ဘီလီယံ ထက် ပိုမိုများပြားပြီး ယခင်နှစ်ထက် ငွေကျပ် ၁၂၂ ဒသမ ၄၁၃ ဘီလီယံ ပိုမိုတောင်းခံလာခြင်းဖြစ်သည်။

တောင်းခံသည့် ငွေကြေးပမာဏကို ပြန်လည်ဆန်းစစ်မည်ဆိုပါက သာမန်အသုံးစရိတ် ငွေကျပ် ၁၉၃၇ ဒသမ ၅၃၈ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၃ ဒသမ ၂၄၀ ဘီလီယံ ဆိုထားသည်။

သာမန်အသုံးစရိတ်ကို လေ့လာကြည့်မည်ဆိုပါက လစာနှင့်အသုံးစရိတ်အတွက် ၈၈၄ ဒသမ ၀၄၉ ဘီလီယံ၊ ပစ္စည်းများ အတွက် ငွေကျပ် ၄၆၇ ဒသမ ၀၄၂ ဘီလီယံ၊ပို့ဆောင်ရေး အတွက် ငွေကျပ် ၁၆ ဒသမ ၅၃၄ ဘီလီယံ၊ အင်ဂျင်နီယာ အတွက် ငွေကျပ် ၁၆၇ ဒသမ ၃၂၇ ဘီလီယံ ၊ အထွေထွေ အသုံးစရိတ် ငွေကျပ် ၁၈၃ ဒသမ ၀၁၉ ဘီလီယံ၊ လုံခြုံရေးအတွက် ငွေကျပ် ၅ ဒသမ ၁၉၁ ဘီလီယံ၊ စက်ရုံအလုပ်ရုံများအတွက် ငွေကျပ် ၂၀၅ ဒသမ ၀၆၀ ဘီလီယံ၊ အတိုး အတွက် ငွေကျပ် ၅ ဒသမ ၃၁၆ ဘီလီယံ၊ အရေးပေါ်ရံပုံ ငွေ အတွက် ငွေကျပ် ၄ ဘီလီယံတို့ဖြစ်သည်။

ငွေလုံးငွေရင်းအသုံးစရိတ်တွင်မူ ဆောက်လုပ်ရေးအသုံးစရိတ် ငွေကျပ် ၂၀၈ ဒသမ ရ၉၈ ဘီလီယံ၊ စက်ပစ္စည်းအသုံးစရိတ်ငွေကျပ် ၁၂၂၃ ဒသမ ရ၂၉ ဘီလီယံ၊ အခြားအသုံးစရိတ် ငွေကျပ် ၀ ဒသမ ရ၁၃ ဘီလီယံ တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနှင့် အဆင်းရဲဆုံးသော နိုင်ငံများစာရင်း တွင် အပါအဝင်ဖြစ်နေချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တောင်းခံ အသုံးပြုနေသည်။ ကာကွယ်ရေးအသုံးစရိတ်အဖြစ် နှစ်စဉ် တိုင်းပြည်တစ်ခုလုံး အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းအကြား အသုံးပြုနေသည်။ ယင်းပမာဏသည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသော တိုင်းပြည်တစ်ခုအနေဖြင့် များပြားလှသော ပမာဏဖြစ်သည်။

NLD အစိုးရနှင့် လွှတ်တော်သည် ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံသော အသုံးစရိတ်များကို စနစ်တကျ စိစစ်ဖြတ်တောက်ရန် လိုအပ်သည်။ လက်ရှိ နိုင်ငံတွင် ကြီးမားစွာ တိုက်နေသော ပြည်တွင်းစစ်ရှိနေပြီး ခွင့်ပြုပေးလိုက်သော ဘတ်ဂျက်ငွေများသည် ပြည်တွင်းစစ်ကို အရှိန်မြှင့်တင်ပေးသည့် ငွေများ မဖြစ်ရန် စိစစ်ဖြတ်တောက်ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ချထားပေးလိုက်သော ပြည်သူပိုင် ငွေကြေးများကြောင့် ပြည်တွင်းစစ်မီး ပိုမို မလောင်မြိုက်စေရန် စိစစ်သင့်သည်။

အခြားတစ်ဘက်တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာနက ချထားပေးလိုက်သော ဘတ်ဂျက်ငွေများကို အကျင့်ပျက်ခြစားမှု ရှိ၊ မရှိ၊ စနစ်တကျ အလေအလွင့် ရှိ၊ မရှိကိုလည်း လွှတ်တော်အနေဖြင့် အထူးစိစစ်ရန် အလွန်အရေးကြီးလှသည်။

အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က တပ်မတော်နှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုရှိ၊ မရှိ ဥပဒေအရ စစ်ဆေးနိုင်ခွင့်မရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ရာ ချထားပေးလိုက်သော ပြည်သူပိုင်ငွေကြေး မည်သို့ မည်ပုံ သုံးစွဲသည်ကို စစ်ဆေးနိုင်သည့် အခြေအနေ အရပ်ဘက်အဖွဲ့အစည်းများတွင် မရှိပေ။

ထို့ကြောင့် ဘတ်ဂျက်များကို မချထားပေးမီကပင် စနစ်တကျ သုံးစွဲခြင်း ရှိ၊ မရှိ လွှတ်တော်ပိုင်းက စိစစ်ပြီး စာရင်းတင်ပြနိုင်ခြင်းမရှိသော ဘတ်ဂျက်များကို စိစစ်ဖြတ်တောက် သော နည်းဖြင့် ပြည်သူပိုင်ငွေကြေးများ လွှတ်တော်က စနစ်တကျ စီမံခန့်ခွဲသင့်သည်။

မလိုအပ်သော စစ်အသုံးစရိတ်များကို စိစစ်ဖြတ်တောက်ခြင်းသည် ပြည်သူလူထုအတွက် လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအတွက် ဘဏ္ဍာငွေ ပိုမို သုံးစွဲနိုင်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်ဘက် ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသော အဖွဲ့အစည်းတစ်ရပ်ကို ၎င်း၏ အသုံးစရိတ်ဘတ်ဂျက်များကို ထိန်းချုပ်စိစစ်ခြင်းဖြင့် ယင်းအဖွဲ့အစည်းကို ပြည်သူ့သြဇာ အောက်သို့ ရောက်ရှိစေရန် လိမ္မာပါးနပ်စွာ စီမံခန့်ခွဲ ကိုင်တွယ်ရန်မှာ လူထုက မဲပေးရွေးချယ်ထားသည့် NLDလွှတ်တော်နှင့် အစိုးရ၏ တာဝန်ပင်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com