All News interview

“အဖတွေက သမီးတွေကို မုဒိမ်းကျင့်တာတွေရှိတယ်။ ပြည့်တန်ဆာရှိရှိမရှိရှိ၊ လိင်ဆက်ဆံဖော်ရှိရှိမရှိရှိ ကလေးသူငယ်တွေသည် ကျူးလွန်စရာကို မဟုတ်ဘူး မုဒိမ်းမှုကျူးလွန်စရာမလိုဘူး”

“အဖတွေက သမီးတွေကို မုဒိမ်းကျင့်တာတွေရှိတယ်။ ပြည့်တန်ဆာရှိရှိမရှိရှိ၊ လိင်ဆက်ဆံဖော်ရှိရှိမရှိရှိ ကလေးသူငယ်တွေသည် ကျူးလွန်စရာကို မဟုတ်ဘူးဆိုတာ မုဒိမ်းမှုကျူးလွန်စရာမလိုဘူး”

By နန့်အိသူ /ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာလျက်ရှိနေပြီး ရန်ကုန်ခေတ်သစ်က သက်ငယ်မုဒိမ်း ဖြစ်ပွားမှု အခြေအနေများ၊ တားဆီးနိုင်မှု အခြေအနေများနှင့်ပတ်သက်ပြီး အခရာ အမျိုးသမီးအဖွဲ့တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါ်ထားထားကို ဆက်သွယ်မေးမြန်းထားပါသည်။

အခရာမြန်မာအမျိုးသမီးအဖွဲ့တည်ထောင်သူနှင့်ဒါရိုက်တာ ဒေါ်ထားထားနှင့် တွေ့ဆုံခြင်း

မေး ။ ။ မြန်မာနိုင်ငံ သက်ငယ်မုဒိမ်းဖြစ်ပွားမှု များပြားလာတာက ဘယ်လိုအခြေအနေကြောင့် ဖြစ်ပွားမှု များပြားလာတယ်လို့ ထင်လဲ ။

ဖြေ ။ ။ သက်ငယ်မုဒိမ်းမှုတွေက အရင်ထဲကလည်း ဖြစ်နေတယ်။ ဒါပေမယ့် မပြောရဲကြဘူး။ အရှက်တရားအကြောက်တရားနဲ့ ဖုံးထားတော့ တစ်ခုခုမတရားခံရရင်တောင် ထုတ်မပြောရဲခဲ့ကြဘူး။ အခုခေတ်မှာတော့ ပြောရဲလာကြပြီ။ မတရားတာခံရရင် အရင်ကထက် ပိုတိုင်ရဲလာကြတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာတွေ ဘာတွေပေါ်မှာ ဖြန့်ကြတော့ပိုပြီးသိလာကြတယ်။ အမှုတွေပိုပေါ်လာတယ်။

အဓိကကတော့ ဒီလူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုလေး စားတန်ဖိုးထားမှုမရှိလို့ ဖြစ်နေတာလို့မြင်တယ်။ ခံရတာ အများစုသည် မိန်းကလေးငယ်တွေ ခံနေရတယ်။ ဒါဟာ တန်ဖိုးထားလေးစားမှုမရှိလို့ လုပ်ချင်တဲ့သူတွေကလဲ လုပ်ရဲနေတယ်။ တစ်ခုခုဖြစ်ပြီဆို ဖုံးထားပေးတဲ့သူတွေကလဲ ဖုံးထားရဲတယ်။ သွားတိုင်တဲ့အခါမှာလဲ တရားဥပဒေအရ မှန်မှန်ကန်ကန်အရေးယူရမယ့်သူတွေကလဲ အရေးမယူပဲ နေရဲတယ်။

နောက်တစ်ခုကတော့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အပြာရုပ်ရှင်တွေ၊ ပုံတွေ၊ စာပေတွေကို လွယ်လွယ်ကူကူရတော့ လိင်စိတ်ပိုကြွကြတယ်။ စိတ်ဓာတ်တွေပိုပျက်စီးလာကြတယ်။ ဒါပေမယ့် ဒီ နည်းပညာအပေါ်အပြစ်ပုံချလို့မရဘူး။ ဒီလိုစိတ်ကြွတယ်လာရင် ကလေးတွေအပေါ် ဒါမှမဟုတ် အမျိုးသမီးတွေအပေါ်ပုံချကျူးလွန်စရာမလိုဘူး။ ဓားစာခံလုပ်စရာမလိုဘူး။ ဒါတွေကို ကြည့်နေတဲ့သူတိုင်းကလဲ ကျူးလွန်နေကြတာမဟုတ်ဘူး။

တကယ်က ကိုယ်က စိတ်ကြွတဲ့ဟာတွေကို ကြည့်မိတယ် ကြွလာတယ်ဆိုရင် ကိုယ့်ကိစ္စကိုယ်တာဝန်ယူ၊ ကိုယ့်ဘာကိုယ် ထိန်းရမှာ။ သူများကို သွားဒုက္ခပေးလို့မရဘူး။ ဒါပေမယ့် ဒီလူမှုအသိုင်းအဝိုင်းမှာ လိင်ပိုင်းဆိုင်ရာအယူအဆအမှားတွေကြောင့် ယောကျာ်းလေးတွေသည် လိင်မှုဆန္ဒဖြစ်လာရင် ထိန်းလို့မရဘူး ဆိုတဲ့ အယူအဆအလွဲတွေ ရှိနေတယ်။

တကယ်က လုပ်မယ်၊ မလုပ်ဘူးဆိုတာကို ရော လူ့ကိုယ်ခန္ဓာကိုအစိတ်အပိုင်းအားလုံးကို ဦးနှောက်ကပဲ ထိန်းချုပ်ထားတယ်။ စိတ်ပြောင်းလွှဲလိုက်လို့ရတယ်။ ဒီမှာက ယောကျာ်းလေးတွေကို ထိန်းချုပ်ဖို့ရယ် ဘယ်လိုထိန်းရမယ်ဆိုတာရယ်ကို မသင်ထားဘူး။ ဒါကတစ်ချက်။နောက်တစ်ခုက ဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုတွေ ပြဌာန်းမှုတွေ အားနည်းနေတော့ ကျူးလွန်တဲ့သူတွေက ကျူးလွန်ရဲနေတယ်။

မေး ။ ။ သက်ငယ်မုဒိမ်းမှု အများဆုံးက ဖခင်ဖြစ်သူကနေ သမီးကို အဓမ္မ လိင်အကြမ်းဖက်ခံရတာတွေလည်း ရှိနေတယ်။ ဘယ်လိုမြင်လဲ ၊ ကျူးလွန်သူတွေက ဆင်းရဲလို့လား ၊ ပညာမတတ်လို့လား ၊ ဘယ်လို့အချက်တွေအရ သုံးသပ်ပြောဆိုချင်တာ ရှိလဲ။

ဖြေ ။ ။ ကျွန်မအနေနဲ့ ဆင်းရဲတာ၊ ပညာမတတ်တာနဲ့မဆိုင်ဘူး လို့ပြောချင်တယ်။ ဒီလိုပြောရင် ဆင်းရဲတဲ့သူတွေ၊ ပညာမတတ်တဲ့သူတွေကို ခွဲခြားဆက်ဆံရာရောက်တယ်။ ဆင်းရဲမွဲတေမှုနဲ့ ပညာနည်းတာက တွန်းပို့တဲ့အချက်တွေတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့နိုင်ငံမှ မဟုတ်ဘူး၊ ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ချမ်းသာတဲ့အဖေတွေက သမီးတွေကို မုဒိမ်းကျင့်တာတွေရှိတယ်။ တကယ်က သက်ငယ်မုဒိမ်းတွေ၊ မိသားစုဝင်အချင်းချင်းက ကျူးလွန်တဲ့မုဒိမ်းတွေသည် ချမ်းသာတဲ့အသိုင်းအဝိုင်း၊ ပညာတတ်တဲ့မိသားစုတွေမှာလည်း ဖြစ်နေတယ်။

ဒါပေမယ့် ဆင်းရဲတဲ့သူတွေမှာ သိက္ခာတွေ၊ အသိုင်းအဝိုင်းတွေ၊ လျို့ဝှက်စရာတွေ ဘာမှ ငဲ့ကွက်စရာမရှိနေတဲ့အတွက် သူတို့မှာ မတရားတာခံရတဲ့အခါ ပိုတိုင်ရဲတယ်။ ဆိုပါစို့ ကျိကျိတက်ချမ်းသာတဲ့ ကုပ္မဏီပိုင်ရှင်အဖေတစ်ယောက်ယောက်က သမီးကို မုဒိမ်းကျင့်ရင် ဒီသမီးလေး ဂုဏ်သိက္ခာပိုထိခိုက်မယ်၊ ဟိုးလေးတကျော်ကျော်ဖြစ်မယ်၊ မိသားစုသိက္ခာကျမယ်၊ ယူမယ့်လူ မရှိတော့မှာစိုးတယ် …စသဖြင့် ငဲ့ကွက်စရာရှိတော့ မတရားခံရရင်တောင် အမေတွေက မတိုင်ရဲကြဘူး။

တိုင်ရဲရင်တောင် အာဏာရှိတဲ့သူ၊ ပိုက်ဆံရှိတဲ့သူဆို ဒီကျူးလွန်တဲ့အဖေသည် လိုက်နှုတ်ပိတ်မှာပဲ။ ပေါ်လာစရာအကြောင်းမရှိတော့ဘူး။ ဒါကြောင့် ဆင်းရဲသားတွေ၊ ပညာမဲ့တွေက ပိုတိုင်ရဲလို့ သူတို့ဆီမှာ အမှုတွေပိုများတယ်ထင်နေရတာပါ။ ဒါပေမယ့် သူတို့ကိုအဲ့လို ခွဲခြားပြီး မီးမောင်းထိုးပြနေတာသည် တစ်ဖက်က ချမ်းသာတဲ့၊ အာဏာရှိတဲ့ မိသားစုတွင်းမှာ ဖြစ်နေတာတွေကို လူမသိသူမသိဖြစ်အောင်၊ ပိုမပေါ်လာရဲအောင် လွှတ်ထားပေးသလိုဖြစ်နေတယ်။ ဒီဖက်ကို အာရုံစိုက်နေရင် သူတို့ဆီမှာ ပိုဖြစ်လာလိမ့်မယ်။ မိန်းကလေးတွေကို လေးစားတန်ဖိုးထားမှုမရှိတဲ့အတွက် ဒီလို ဆင်းရဲတဲ့၊ ခွဲခြားနှိမ်ချဆက်ဆံခံရတဲ့ မိန်းကလေးတွေသည် ပိုခံရတယ်။ ပိုပုံချကြတယ်။

အပေါ်ကပြောသလို ဆင်းရဲချမ်းသာ ဒီနိုင်ငံမှာက လိင်မှုကိစ္စကိုမသင်ပေးဘူး။ ယောကျာ်းလေးတွေကို ထိန်းဖို့မသင်ပေးဘူး။ ဘယ်လိုထိန်းရမလဲ မသင်ပေးထားဘူး။ ဆင်းရဲချမ်းသာမရွေး ညစ်ညမ်းဖျော်ဖြေရေးတွေကို လက်လှမ်းမှီနေတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေမှာလဲ ဥပဒေက ဆင်းရဲ၊ချမ်းသာ အကာအကွယ်ပေးမှု မလုံလောက်နေဘူး။

မေး ။ ။ ကလေးသူငယ်နှင့် ပတ်သက်တဲ့ ဥပဒေ ရေးဆွဲနေတယ်လို့ ကြားသိရတယ်။ တရားဥပဒေအရ ကာကွယ်ပေးမှု အခန်းကဏ္ဍ ၊ဘယ်လိုရှိနေလဲ။

ဖြေ ။ ။ ကလေးသူငယ်ဥပဒေရေးဆွဲနေတယ်လို့ ကြားတယ်။ ဥပဒေ အရပြောရင် အခုက ကလေးတွေကို ၁၆နှစ်အောက်လို့ သတ်မှတ်ထားတယ်။ မြန်မာနိုင်ငံမှာ အားနည်းနေတာသည် ကလေးသူငယ်ဆို ၁၈နှစ်အောက် ဖြစ်ရမယ်။ ကျန်တာက ကလေးသူငယ်ဆိုရင် အစိုးရရော၊ ပြည်သူလူထုရော၊ ဥပဒေရေးဆွဲသူတွေရော နားလည်ကြတယ်။ကလေးမုဒိမ်းဆိုရင် လူထုကလဲ အနှစ်၂၀ချဖို့ အင်တိုက်အားတိုက် တွန်းအားပေးကြတယ်။ ဥပဒေက သက်ငယ်မုဒိမ်းမှုမှာ အနှစ် ၂၀ဆို ခိုင်မာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တကယ်အကောင်အထည်ဖော်တဲ့အခါမှာ ဥပဒေဘက်တော်သားတွေအနေနဲ့ လာဘ်စားမှုတွေရှိရင် ဘက်လိုက်မှုတွေရှိရင် ထိရောက်တဲ့ပြစ်ဒဏ်မချမှတ်ဖြစ်တော့ဘူး။

မေး ။ ။ လက်ရှိ သက်ငယ်မုဒိမ်းနှင့် ပတ်သက်ပြီး ဥပဒေပြုရေးအခန်းကဏ္ဍကော ဘာတွေ အားနည်းနေလဲ။

ဖြေ ။ ။ သက်ငယ်မုဒိမ်းဟေ့ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ဒီအစိုးရတက်တက်ချင်း ရက်၁၀၀စီမံကိန်းနဲ့တိုးတဲ့အတွက် အမြန်ဆုံးစီရင်ချက်ချတယ်၊ ဆောင်ရွက်လာကြတယ်။ အရင်က တစ်နှစ် နှစ်နှစ်တရားရင်ဆိုင်ရာကနေ ရက်လေးဆယ်တစ်လနဲ့ စီရင်ချက်ချတယ်။ အနှစ်နှစ်ဆယ်ဆို နှစ်ဆယ်အတိချမှတ်ကြတယ်။ ဒါပေမယ့် စီမံချက်ကာလလည်း ပြီးရော သိပ်ထိထိရောက်ရောက် မချမှတ်ကြတော့ဘူး။ အစ်မတို့ ရဲ့ အတွေ့အကြုံအရပြောရရင်နောက်ပိုင်းတော်တော်လေး ပြန်ခက်သွားတယ်။ လာဘ်စားမှု၊ ဘက်လိုက်မှုတွေရှိနေလားဆိုရင် ရှိနေတယ်။ ဒါတွေကို သက်သေမရှိဘဲနဲ့မပြောနဲ့ဆိုရင် ခက်ပြန်ရော။ လာဘ်စားမှုတွေ၊ ဘက်လိုက်မှုတွေ ရှိနေလို့ပဲ ထောင်ဒဏ်ချတဲ့နှစ်တွေကို ပြန်ကြည့်ရင် တော်တော်လေးကွာနေတယ်။ နှစ်၂၀ ချရမှာကို ၄၊ ၅၊ ၆နှစ် ၇နှစ်တွေ တအားလျှော့ချထားတဲ့အမှုတွေ အများကြီးပဲ။ ဒီဟာသည် ဥပဒေအထက်မှာ လူတွေ၊ အာဏာတွေ၊ မတရားမှုတွေရှိနေလို့သာ ၄နှစ်တို့ ၅နှစ်တို့ ဖြစ်နေတာ။

နောက်တစ်ခုက ပြည်သူလူထုက အရမ်းအာရုံစိုက်လာကြတာ အရမ်းကောင်းတယ်ဆိုပေမယ့် တကယ်ခံရတာသည် မိန်းကလေးငယ်တွေများတယ်။ တတယ်တမ်း အမှုဖြစ်လို့ သွားတိုင်တဲ့အခါ အမျိုးသားတွေနဲ့ တွေ့ရတယ် ။ ရဲစခန်းမှာ ရဲသားကြီးတွေက မေးတယ်စစ်တယ်။ ရဲသားကြီးတွေသည် တကယ်အားကိုးရပါတယ် တခြားကိစ္စတွေမှာ။ ဒါပေမယ့် မိန်းကလေးကိစ္စမှာ အမျိုးသားတွေသည် အမျိုးသမီးတွေလောက် အရေးတယူမရှိဘူး။ အမျိုးသမီးတွေလောက် မခံစားပေးနိုင်ဘူး။ အဲ့မှာတင်ဘဲ တော်တော်အားနည်းနေပြီ။ ဘာမှမလုပ်ရသေးဘူး။

နောက်ပြီး သက်သေပြရန်တာဝန် (Burden of Proof)သည် ကျူးလွန်ခံရသူ၊ တရားလိုမှာပဲ တာဝန်ရှိနေတယ်။ ဒါတွေဟာ ဥပဒေမှာ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုမှာ တရားမျှတမှုကိုရရှိဖို့ အတားအဆီးတွေဖြစ်တယ်။

မေး။ ။ တရားဥပဒေ နှင့် ပတ်သက်ပြီး အပြစ်ပေးတာတွေ ထိရောက်မှုမရှိတာတွေ မြင်တွေ့ရတဲ့အပေါ် ဘာများ သုံးသပ်ပြောပြချင်တာ ရှိလဲ။

ဖြေ။ ။ ပြည်သူလူထုကို ပြောချင်တာက တရားဥပဒေမမျှတမှုတွေ လေးနှစ်ချတာတွေ၊ ငါးနှစ်ချတာတွေကို ငြိမ်ခံမနေဘဲနဲ့ စာရင်းပြုစုပြီး ဒီဟာတွေကို မီဒီယာတွေနဲ့ချိတ်ဆက်ပြီး တိုင်သင့်တယ်။ အရေးယူပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုကြပါ။ တွန်းအားပေးကြပါ။

ဥပမာ- အစ်မတို့ သိတဲ့အမှုနှစ်မှုသုံးမှုလောက်ဆိုရင် လေးနှစ်၊ ငါးနှစ်လောက်ပဲချတယ်။ အမှုရင်ဆိုင်ရတာက နှစ်နှစ်လောက်ဆိုတော့ မုဒိမ်းကောင်သည် ခဏနေရင်ပြန်လွတ်လာတော့မယ်။ တချိုကပြန်လွတ်လာတော့ ရင်းနှီးတဲ့သူက ပြုကျင့်တယ်ဆို ကျူးလွန်ခံရသူတွေက လမ်းတစ်လမ်းထဲကဆို မနေရဲတော့ဘူး။ ရွာတစ်ရွာထဲသားဆိုရင်လည်း ကျူးလွန်ခံရတဲ့သူတွေက မိသားစုလိုက် ပြောင်းပြေးရတယ်။ ဘယ်လောက် အန္တရာယ်များလဲ။ ဘယ်လောက် သူတို့ ရပ်တည်ဖို့ ခက်ခဲမလဲ စဉ်းစားပေးစေချင်တယ်။

အဲ့တာကြောင့် ပြည်သူလူထုအနေနဲ့ အဲ့လို မမျှတတဲ့အမှုတွေကိုပါ အာရုံစိုက်ပြီး မတရားတာတွေ့ရင် မီဒီယာတွေ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အထက်ကိုတက်ကြ တိုင်ကြပါ။ ငြိမ်မခံကြပါနဲ့လို့ မေတ္တာရပ်ခံချင်တယ်။

မေး ။ ။ အခုလို သက်ငယ်မုဒိမ်းနဲ့ ဆက်စပ်တဲ့ ပြစ်မှုဆိုင်ရာတွေကို ဘယ်လိုပုံစံ မျိုးနဲ့ တားဆီးနိုင်မလဲ ။ဥပမာ – အပြစ်ပေးမှုနဲ့ တားမလား၊ အသိပညာပေးပြီး တားမလား။

ဖြေ ။ ။ ပြစ်ဒဏ်တိုးသတ်မှတ်တာ၊ သေဒဏ်ပေးတာတွေက တစ်ဖက်ပေါ့။ လက်ရှိမှာ နှစ်၂၀ချရမယ်လို့ ပြောရင် နှစ်၂၀ကို အပြည့်ထိထိရောက်ရောက် ချမှတ်လိုက်ရင်တောင် နည်းနည်းတန့်သွားမယ်ထင်တယ်။

ဒါပေမယ့် ဒီအခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ဆိုရင် အသိပညာပေးမှုတွေလိုတယ်။ ခုနကပြောသလို မိန်းကလေးတွေအပေါ်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကို ပြောင်းလဲရမယ်။ မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာတွေ ၊ တန်ဖိုးမထားတာတွေကို ပြောင်းလဲရမယ်။ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ယောကျာ်းလေးတွေကို ဘယ်လိုထိန်းရမလဲဆိုတဲ့ဟာတွေကို သင်ပေးရမယ်။ အခုဆို ကလေးတွေကို ဘာတွေ ဘယ်လို သင်ထားသင့်သလဲဆိုတာကို ပြောလာကြပြီ။ ဒါပေမယ့် အဲ့ထဲကမှ ဘယ်လိုသင်ထားသင့်လဲ ဆိုတာကို ထပ်ခွဲချပြီးတော့ သေချာလေးသင်ပေးသင့်တယ်။

Jessica Mozart ရဲ့ ကလေးလိင်ပညာပေးစာအုပ်လေးတွေက လက်တွေ့အသုံးချပြောပြဖို့ အရမ်းအသုံးဝင်တယ်။သူ့စာအုပ်တွေမှာ အစ်မသဘောကျတာနှစ်ချက်ရှိတယ် (၁) အချက်က သက်ငယ်မုဒိမ်းလို့ပြောရင် ခံရတာသည် မိန်းကလေးတွေချည်းပဲ မဟုတ်ဘူး ယောကျာ်းလေးတွေလဲ ခံရနိုင်တယ်ဆိုတာကို ထည့်ထားတယ်။

နောက်တစ်ခုက သူ့စာအုပ်ထဲမှာ ဒါတွေ ဒါတွေ အချက်တွေကို သင်ပါ၊ ပြောပါလို့ပဲ ကလေးတွေကို တကယ်လက်တွေ့မှာ သင်ပေးပြောပြပေးနိုင်မယ့် ရုပ်ပုံလေးတွေနဲ့ ထိရောက်တဲ့ messageလေးတွေကို ပေးထားတာတွေ့ရတယ်။ ဒါသည် အလွန်အသုံးဝင်ပါတယ်။

ကျွန်မတို့အခရာအနေနဲ့လည်း ကလေးသူငယ် လိင်အသိပညာပေးဆိုင်ရာစာအုပ်လေးအုပ် ဘာသာပြန်ထုတ်ထားတာရှိပါတယ်။ ရာသီပန်းပွင့်ချိန်၊ မလုပ်နဲ့လို့ပြောနေတယ်၊ ငါ့ခန္ဓာကိုယ် ငါပဲပိုင်တယ်၊ ငါ့မှာဘာတွေဖြစ်နေတာလဲ၊ ဆိုပြီး ထုတ်ထားတာရှိတယ်။မိဘပြည်သူတွေ၊ ဆရာဆရာမတွေ ဒီစာအုပ်လေးတွေကနေတဆင့် ကလေးငယ်တွေ သင်ပေး၊ ပြောပြပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

အစ်မနောက်တစ်ခု ပြောချင်တာက တချို့တွေက ကလေးတွေကို သင်ထားပါ၊ Danger Zone လို့ဆိုတာသည် ကလေးတွေဘဝမှာ ဒီပစ္စည်းတွေပိုင်ဆိုင်ထားရတာဟာ အန္တရာယ်ကြီးပိုက်ထားရသလို မခံစားရစေချင်ဘူး။ တကယ်တော့ ဒီအစိတ်အပိုင်းတွေသည် အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တယ်။ အကြောက်တရားဘက်ကို မသွားစေချင်ဘူး။

ယောကျာ်းလေးတွေ အဖေပဲဖြစ်ဖြစ် ဦးလေးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် စိတ်ကြွလာပြီဆိုရင် ကိုယ့်ဘာကိုယ်ထိန်းပါ၊ အာရုံလွှဲပါ။ အခြား အကြောင်းအရာတစ်ခုခုကို စဉ်းစားလိုက်ပါ လို့အသိပေးချင်တယ်။ ဒါသည်လတ်တလောလုပ်လို့ ရနိုင်တဲ့အရာဖြစ်တယ်။ ပြီးတော့ ဒီအချက်အလက်ကို ယောကျာ်းလေးအချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ။

မေး ။ ။ ပြည့်တန်ဆာ ပပျောက်ရေး ပြန်ပြင်ဖို့ လိုလား ၊ အဲ့ဥပဒေတွေအပေါ် ဝေဖန်မှု တွေ ရှိနေ
သလို ပြန်ပြင်ဖို့လည်း ပြောဆိုချက်တွေ ကြားသိရတယ်။ ဘာကြောင့်လဲဆိုတော့ အခု လို သက်ငယ်မုဒိမ်းမှုတွေ အပေါ် ဒီဥပဒေက ဆက်စပ်နိုင်လား ၊ ဘယ်လိုထင်မိမြင်လဲ ။

ဖြေ ။ ။ ပြည့်တန်ဆာပပျောက်ဖို့ဆိုတာသည် မဖြစ်နိုင်တဲ့ကိစ္စပဲ။ ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်က ရှိနေတာပါ။ ဘာလို့ ရှိနေလဲဆိုတော့ ပြည့်တန်ဆာဆီသွားတဲ့သူတွေ ရှိနေလို့…။ ပြည့်တန်ဆာ ပပျောက်ချင်ရင် ပြည့်တန်ဆာဆီသွားနေတဲ့သူတွေ အရင်ပပျောက်မှ ရမယ်။ ပြည့်တန်ဆာတွေကို ရှုတ်ချတယ်ဆိုရင် ပြည်တန်ဆာဆီသွားနေတဲ့သူတွေကိုလဲ ရှုတ်ချရမယ်။ ပြည့်တန်ဆာတွေကို ပပျောက်ရေးဆိုတာထက် သူတို့ကိုလဲ လူတွေလို့ပဲ မြင်ပြီး ခွဲခြားဆက်ဆံခံရတာတွေ၊ ဖိနှိပ်ခံရတာ၊ အကြမ်းဖက်နှိပ်စက်ခံရတာတွေ မရှိအောင်၊ အန္တရာယ်ကင်းအောင် လုပ်ပေးရမယ်။ ဒါမှ ကူးစက်ရောဂါတွေ၊ မတရားမှုတွေကို ထိန်းချုပ်နိုင်မယ်။ သက်ငယ်မုဒိမ်းနဲ့ ပြည့်တန်ဆာပပျောက်ရေးသည် တကယ်တော့ မသက်ဆိုင်ဘူးလို့ပဲမြင်တယ်။

ကျူးလွန်တဲ့သူတွေသည် ပြည်တန်ဆာဆီမသွားနိုင်လို့၊ မိန်းမမရှိလို့ စတဲ့အကြောင်းပြချက်တွေဟာ ကလေးသူငယ်တွေကို ဓားဆာခံလုပ်စရာမလိုဘူး။ ပြည့်တန်ဆာရှိရှိမရှိရှိ၊ လိင်ဆက်ဆံဖော်ရှိရှိမရှိရှိ ကလေးသူငယ်တွေသည် ကျူးလွန်စရာကို မဟုတ်ဘူးဆိုတာ မုဒိမ်းမှုကျူးလွန်စရာမလိုဘူးဆိုတာ ကိုယ်ကျင့်သိက္ခာရှိတဲ့သူဆိုရင် သိတယ်။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ကျင့်ဝတ်နဲ့ သိက္ခာနဲ့သာဆိုင်ပါတယ်။

မေး ။ ။ သက်ငယ်မုဒိမ်းမှု နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍအပေါ် ဘယ်လိုမြင်လဲ။ အားနည်းချက်တွေ ရှိနေတဲ့အပေါ် ဘာတွေ သုံးသပ်ချင်လဲ။

ဖြေ ။ ။ ဒီနေရာမှာ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍချည်းပဲလို့မပြောချင်ဘူး။ ရဲတပ်ဖွဲ့ရဲ့အခြေအနေကို အားလုံးသိပြီးသားပဲ။ ရဲတပ်ဖွဲ့အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ကော်မတီတွေ၊ တရားရုံး၊ တရားဥပဒေအရ အကာအကွယ်ပေးတဲ့သူတွေ အုပ်ချုပ်ရေးပို်င်းတာဝန်ယူထားတဲ့သူတွေ၊ အမှုဖြစ်စဉ်မှာ တရားမျှတမှုရရှိရေးဆောင်ရွက်တဲ့နေရာမှာ ပါဝင်သူတွေ အားလုံးနဲ့ဆိုင်ပါတယ်။ မြန်မာပြည်မှာ အဂတိလိုက်စားမှုကအရမ်းကြီးဆိုးနေတော့ ရေများရေနိုင်ဖြစ်နေတယ်။ အဲ့တာကို လျှော့ချရမယ်။

နောက်တစ်ခုကကျတော့ရဲတပ်ဖွဲ့နဲ့ပတ်သက်ရင် ဥပမာ- ဗစ်တိုးရီးယားအမှုနဲ့ဥပမာပေးရရင်…
နံပါတ် (၁) အမှုဖြစ်ဖြစ်ချင်း သွားတိုင်ရင် ရဲက အမှုဖွင့်ကိုဖွင့်ပေးရမယ်။ ဒါကို ပြည်သုူတွေက ရပိုင်ခွင့်သိရမယ်။

နံပါတ် (၂) က ရဲစခန်းမှာ တွေ့ရမှာသည် ရဲသားကြီးဖြစ်လို့ မရဘူး။ ရဲမေနဲ့တွေ့ရမယ်။ ရဲသားကြီးတွေက အခြားနေရာတွေမှာ အားကိုးလို့ရပါတယ်။ ဒါပေမယ့် သက်ငယ်မုဒိမ်းတို့၊ မုဒိမ်းတို့၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်တို့ စသည်ဖြင့်ဆိုရင် ရဲမေတွေကစစ်ရမယ်။ အဲ့ဒီ ရဲမေတွေသည် သေသေချာချာ သင်တန်းပေးခြင်းခံရမယ်။

ကလေးတွေအထူးသဖြင့် ငယ်ငယ်လေးတွေ အသက် ၁နှစ်၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ် မုဒိမ်းကျင့်ခံရရင် ဘယ်လိုသိနိုင်မလဲ။ အမှုဖြစ်ရင် ကလေးတွေကို မေးရင် ဟိုလိုဖြေမယ်၊ ဒီလိုဖြေမယ်။ ခြိမ်းခြောက်ထားတာတွေရှိတော့ အမှန်ပြောချင်မှ ပြောမယ် ။ လူရုန်းရုန်းနဲ့ ရဲစခန်းကြီးကို ခေါ်သွားတယ်။ ရဲသားကြီးတွေက မေးတယ်။ ကြောက်ပြီး ဖြေတာရှိမယ် မဖြေတာရှိမယ်။ ဖြေတတ်တာရှိမယ်။ မဖြေတတ်တာရှိမယ်။

ဒီကလေးကိုယ်တိုင်ကလည်း မုဒိမ်းဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ဘူး။ ဘာကို ဘာလို့ ခံရမှန်းတောင် သိမှာမဟုတ်ဘူး။ တစ်နေ့လုံးကစားတာရှိမယ်၊ တခြားအဖြစ်အပျက်တွေရှိမယ်။ ရောထွေးနေတာတွေလည်း ဖြစ်နိုင်တယ်။ မေးတဲ့သူတွေသည် ကလေးအတွက် ကြောက်စရာကောင်းတဲ့သူတွေ ဖြစ်လို့မရဘူး။ ကလေးဆိုတာသည် ရဲသားကြီးမပြောနဲ့ သူစိမ်းဆိုရင်တောင်ကပ်ခံရမှာ ကြောက်တယ်။ ဒီလိုအကြောင်းတွေပြောပြဖို့ဆိုတာ ဝေး။ မေးတဲ့အခါမှာလည်း ရဲသားကြီးတွေသည် ကိုယ်လိုချင်တဲ့အချက်တွေကိုပဲ မေးတာဖြစ်တယ်။ ကလေးနဲ့ ဘာမှ မအပ်စပ်တဲ့ဟာတွေ၊ ကလေးအသိဉာဏ်နဲ့လိုက်မမှီတဲ့ဟာတွေ ဖြစ်နေပြန်ရော။ ဒီလုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲပစ်ရမယ်။
ကလေးတစ်ယောက် သက်ငယ်မုဒိမ်းမှုဖြစ်လို့ ရောက်လာပြီဆို သမီးပိပိကို ဘယ်သူလုပ်လဲ၊ သမီးကို ဘယ်သူကိုင်လဲ တန်းမေးလို့ မရဘူး။ ပထမဦးဆုံး မေးတဲ့သူက လူစိမ်းဖြစ်နေတယ်။ နေရာစိမ်းဖြစ်နေတယ်။ အကြောင်းအရာတွေသည် အစိမ်းသက်သက်ကြီးဖြစ်နေတယ်။ အဲ့တော့ အရင်ဆုံးကလေးနဲ့ ရင်းနှီးမှုတည်ဆောက်ရမယ်။ သူ့ယုံကြည်မှုရအောင် လုပ်ရမယ်။

မေးတဲ့အခါမှာ တည့်ကြီးသွားမေးလို့ မရဘူး။ ကလေးနည်းနဲ့မေးရမယ်။ ကလေးနေရာကဝင်တွေးရမယ်။ ကလေးစကားနဲ့မေးရမယ်။ ဒါကြောင့် ကလေးကို စစ်မယ့်သူတွေသည် Child Psychology ကို အနည်းဆုံးအခြေခံတော့နားလည်ရမယ်။ Child Counselling ကို ကျွမ်းရမယ်။ အဲ့လိုမှ မမေးရင် ပေါ်ကိုမပေါ်ဘူး။ကလေးနည်းနဲ့မေးသင့်တယ်လုပ်သင့်တယ်လို့ အကြံပေးတာထက် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြချင်တယ်။

ကလေးတစ်ယောက်သည် မုဒိမ်းကျင့်ခံရတယ်ဆိုပါတော့… ဒီကလေးရဲ့ ရင်းနှီးတဲ့သူ အဖေ၊အမေရှိမယ်၊ ရဲဝန်ထမ်းတွေရှိမယ်… အရင်ဆုံးရင်းနှီးအောင်လုပ်ရမယ်..အရုပ်လေးတွေပေးမယ်..သူကြိုက်တတ်တဲ့ဟာလေးတွေပြောပြမယ်.. စသဖြင့်.. ပြီးရင် အရုပ်လေးတွေ အသုံးပြုမယ်၊ ပုံလေးတွေ ဆွဲပြပြီး… ဒါက ဖွားဖွား..ဒါက ဖေဖေ ဒါက ဘယ်သူစသဖြင့် ကိုယ်စားပြုတဲ့ ဇာတ်ကောင်လေးတွေ သုံးပြီး ဒါကကျောင်း၊ ဒါက အိမ်စသဖြင့် သူအခင်းဖြစ်တဲ့ပတ်ဝန်းကျင်က လူတွေရဲ့ စရိုက်တွေ၊ ပတ်ဝန်းကျင်အခင်းအကျင်းတွေ ရုပ်လုံးပေါ်လာအောင်လုပ်ရမယ်။

ဥပမာ-ဗစ်တိုးရီးယားအမှုမှာဆိုရင် သမီးက ကားကြီးနဲ့ ကျောင်းသွားတာလားကားပုံဆွဲပါဦး…ကားကဘာအရောင်လဲ ဘယ်သူလိုက်ပို့လဲ စသဖြင့်ပေါ့…ဝူးးး….သွားတယ်..သွားတယ် ..ကျောင်းဂိတ်ကြီးက အကြီးကြီးပဲလား…ဆွဲပြပါဦး သမီးအချစ်ဆုံးဆရာမက ဘယ်သူလဲ ကျောင်းမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲ …သမီးက ဘယ်နားမှာ ရှိတာလဲ ပုံဆွဲပြပါဦး စသဖြင့် ဆွဲရင်းဆွဲရင်းနဲ့ အဲ့မှာလုံလောက်တဲ့ မြေပြင်အနေအထားရလာမယ်။ အဲ့ကနေတဆင့် သမီးကျောင်းမှာ ဘာသင်လဲ၊ သူငယ်ချင်းတွေက ဘယ်သူတွေလဲ ဘယ်သူတွေနဲ့ဆော့ဖြစ်တာများလဲ… သမီးတို့ဆော့ရင် ဘယ်လိုဆော့ကြလဲ…ဆက်ပြီးမေးရမယ်။ အဲ့ကနေတဖြည်းဖြည်း အခင်းဖြစ်ပွားတဲ့ အချိန်၊ နေ့၇က်ကို ရောက်သွားမယ်… သမီးအဲ့နေ့က ဘယ်သွားလဲ၊ သမီးကို ဘယ်သူလာခေါ်လဲ … ဘယ်သူကလက်တွဲသွားလဲ …. သွား..သွား…ဘယ်နားခေါ်သွားလဲ …ဟော ဒီနားရောက်တော့ ထိုင်တယ်…ထိုင်ပြီးတော့ ဘာဆက်လုပ်ကြလဲ…စသဖြင့်….မေးသွားရင်တောင် ဘယ်သူဘယ်ဝါဆိုတာ ပေါ်တယ်။

နောက်တစ်ခုရှိတာက ကလေးကိုစစ်ဆေးတဲ့အခါ ဆရာမနှင်းနုနဲ့အတူစစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားချက်အရ သိရတယ်။ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စ။ တခြားလူနဲ့အတူထားစစ်တယ်ဆိုတာ ဖြစ်ကို မဖြစ်သင့်တဲ့ကိစ္စ ကလေးကို သီးသန့်စစ်ဆေးရမှာ။ အခု သူက သူ့အပေါ်သြဇာလွှမ်းနိုင်တဲ့သူရှိနေရင် ဟန့်လိုက်တယ်ဆိုရင် မပြောရဲတော့ဘူး။

မေး ။ ။ အခရာ အဖွဲ့အစည်း လက်ရှိ ကူညီ လုပ်ဆောင်ပေးနေတဲ့ သက်ငယ်မုဒိမ်း အမှု တွေအပေါ် သုံးသပ်ပြောဆိုချင်တာ ဘာများရှိသေးလဲ။

ဖြေ ။ ။ အခရာအဖွဲ့က ရောက်လာတဲ့ သက်ငယ်မုဒိမ်းဆိုရင် ကျွန်မတို့သည် အဆုံးထိလိုက်တာများတယ်။ ဒါကြောင့် ကျွန်မတို့ဆီရောက်လာတဲ့ အမှုတော်တော်များများသည် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ် ခံရတာများတယ်။ နောက်ပြီးတော့ အချို့အမှုတွေသည် ကျူးလွန်သူတွေကိုယ်တိုင်က ၁၈နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေဖြစ်နေတာတွေ့ရတယ်။

အဲ့ခါကျရင်တော့ အစ်မတို့အတွက် အတော် Challengeဖြစ်တယ်။ သူသည် ကလေးသူငယ်ဖြစ်တဲ့အတွက်ရော၊ သူ့ကို ထိန်းချုပ်ဖို့ ၊စောင့်ထိန်းဖို့ လူမှုအသိုင်းအဝိုင်းမိသားစုကရော သွန်သင်မခံရတဲ့အတွက် ဒါသည် သူတစ်ယောက်ထဲရဲ့အပြစ်မဟုတ်တော့ဘူး။ အစ်မတို့ လူကြီးတွေ၊ တာဝန်ရှိတဲ့သူတွေ၊ ကျောင်းတွေ၊ အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတစ်ခုလုံးက သူ့ကို သေချာမသင်ကြားပေး၊ မထိန်းကျောင်းထားပေးတဲ့အတွက်၊ တာဝန်ယူမှုမရှိတဲ့အတွက် ဖြစ်ရတာ။ ဒါပေမယ့်တစ်ဖက်မှာ သူက ကျူးလွန်သူဖြစ်နေတဲ့အတွက် တော်တော် Challenge ဖြစ်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com