All News Local News

ရခိုင်လွှတ်တော်က အတည်ပြုတောင်းဆိုထားသည့် အင်တာနက် ပြန်သုံးခွင့်ပေးရေး အဆို ပြည်သူ့ လွှတ်တော်ပယ်ချ

ရခိုင်လွှတ်တော်က အတည်ပြုတောင်းဆိုထားသည့် အင်တာနက် ပြန်သုံးခွင့်ပေးရေး အဆို ပြည်သူ့ လွှတ်တော်ပယ်ချ

ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်မှ မြို့နယ် ၈ မြို့နယ် နှင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့တို့တွင် အင်တာနက်ဖြတ်တောက်မှုအား အမြန်ဆုံး ပြန်လည်သုံးစွဲခွင့်ပြုရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ရာ လွှတ်တော်အတွင်းဆွေးနွေးခွင့် မပြုဘဲ ပယ်ချလိုက်ကြောင်း ရသေ့တောင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ မနေ့က ဆွေးနွေးဖို့ မပေးဘူးဆိုပြီး ပယ်ချလိုက်တယ်။ ကျမတို့ဖြစ်စေချင်တာက ဒီအဆိုကို တင်လိုက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံး ဆွေးနွေးခွင့်ရမယ်။ ဆွေးနွေးခွင့်ရလာတဲ့အခါ သူအမြင် ၊ ကိုယ်အမြင် ရှိလာမယ် ။ ပြည်သူတွေက အချင်းချင်းဆွေးနွေးရတဲ့အခါ ပြည်သူကလည်း သိရမယ် ၊ ဘာကြောင့် အင်တာနက်ပိတ်ရလဲ ၊ ဘာကြောင့် လုပ်ရလဲ ၊ အဲ့လိုမျိုး သိစေချင်သလို ပြည်သူတွေကလည်း အခက်အခဲဖြစ်နေလို့ ကျမက အဆိုတင်သွင်းလိုက်တာပါ ။ အဲ့တာကို ကျမတို့က ဆွေးနွေးခွင့် မရအောင် ၊ ဆွေးနွေးခွင့်မပြုပါဘူးလို့ ပယ်ချလိုက်တယ် “ ဟု ရသေ့တောင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

အဆိုပါ မြို့နယ်များတွင် အင်တာနက်လိုင်းများကို ဇွန်လ ၂၀ ရက်နေ့ကတည်းက စတင်ဖြတ်တောက်ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်တာနက်ပြတ်တောက်နေမှုအား ပြန်လည်ဖွင့်ပေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်းခဲ့ရာ အတည်ပြုခဲ့သော်လည်း ယနေ့အထိ ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိ၍ ဇွန်လ ၁၇ ရက်နေ့ ၊ ပြည်သူ့လွှတ်တော်၊ ပုံမှန်အစည်းအဝေးတွင် အရေးကြီး အဆိုအဖြစ် ထပ်မံ တင်ပြရခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း အင်တာနက်ပြတ်တောက်မှုအပေါ် ပြည်သူအများစုမှာ စားဝတ်နေရေးအခက်အခဲများ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ နှင့် သတင်းအချက်အလက်များ ချက်ချင်း မရသည့် အခြေအနေတွေ့ကြုံတွေ့နေရသောကြောင့် အစိုးရအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးစားပွဲဝိုင်းတွင်ဖြေရှင်းသင့်ပြီး ပြည်သူ့အသံကို နားထောင်ပေးရန် လိုအပ်ကြောင်း ၊ ရသေ့တောင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြပြောဆိုသည်။

“အခုအချိန် စစ်ရေးပဋိပက္ခ အပြင် ရာသီဥတုဘေး ၊ အခုဆိုရင် ရေအရမ်းကြီးတယ်။ စစ်ဘေးရှောင်အတွက် လုပ်ပေးထားတဲ့ အိမ်တွေမှ ရေတွေ ပြည့်လျံပြီး နေလိုမရလို အတွက် တခြားဘုန်းကြီးကျောင်းတွေ ပြေးရတယ်။ တခြားရေကြီးနေတဲ့ နေရာမှာလည်း တော်တော်များများ နေရာပြောင်းရွေ့ရတဲ့အခါ သူတို့ စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်လာတယ်။ အင်တာနက်ရှိတဲ့အခါ ဒါတွေကို FACEBOOK ရှိတဲ့အခါ ဓါတ်ပုံ မှတ်တမ်းနဲ့ တကွ တွေ့ရတယ်။ ဒီလို့ အင်တာနက်မရှိတဲ့အခါကျတော့ ဖုန်းအဆက်အသွယ်ပဲ ရတယ်။ အရေးကြီးတဲ့ နေရာ ဘယ်နေရာမှ ဖြစ်နေတယ်ဆိုတာ ကျမတို့ အတိအကျမသိရဘူး။ ကျမတို့ သွားပြီး ကူညီတဲ့အခါ နည်းနည်း နောက်ကျသွားတာတွေ ရှိတယ်။ ဒါတွေက အချိန်နဲ့ တပြေးညီ ဖြစ်ရမယ် ပြည်သူ့အသံကို နားထောင်ဖို့ လိုတယ်။ ဒါက မဖြစ်သင့်ဘူးဆိုတာ ကျမက ပြောချင်တယ် “ ဟု ရသေ့တောင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်ထားမှု ၊ လူ့အခွင့်အရေး နှင့် အညီ ဆက်သွယ်ရေးဥပဒေပါ အင်တာနက် ဝန်ဆောင်မှု ဖြတ်တောက်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်သုံးသပ်ရန် ၊ နောင်အနာဂတ်တွင် အင်တာနက်နှင့် အခြားဆက်သွယ်ရေး စနစ်များ ပြတ်တောက်ခြင်း ၊ အမြန်နှုန်းလျှော့ချခြင်းများ မပြုလုပ်ရန် အရပ်ဖက်အဖွဲ့အစည်းများက အစိုးရထံ ဇွန်လ ၂၄ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

“ အဓိက ကတော့ လက်ရှိအစိုးရက ဖြေရှင်းပေးရမှာ ဖြစ်တယ်။ ၂၀၀၇ ခုနှစ်တုန်းက စစ်အစိုးရတုန်းက တစ်ကြိမ် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အင်တာနက်ပြတ်တောက်ခဲ့တယ်။ အခု ၂၀၁၉ မှာ NLD အစိုးရ လက်ထက်မှ စစ်အာဏာရှင်ထက် ဆိုးတဲ့ လူမျိုးရေး ခွဲခြားဆက်ဆံသလို ရခိုင်ပြည်နယ်ကို ခွဲခြားဆက်ဆံပြီး အင်တာနက်ပြတ်တောက်တာကို လုံးဝလက်မခံဘူး။ အင်တာနက်ပြတ်တောက်မှုကြောင့် အခက်အခဲတွေက အများကြီးပဲ။ ဒီအခက်အခဲတွေကို ပြောနေတာနဲ့ ပြဿနာက မပြီးသွားဘူး။ ဆက်ပြီး ဖိနှိပ်နေတာပဲဖြစ်တယ်။ အစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့ ဒါပဲ တောင်းဆိုချင်တယ် “ ဟု ရခိုင်ပြည်နယ်အတွင်း ၊ စစ်ဘေးရှောင်ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ အရှင်သဘာဝနဒီက မိန့်ကြားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com