Local News Peace political news

ရခိုင်တွင် တိုက်ပွဲဖြစ်၍ လူသေဆုံးမှု သာမန်ဖြစ်လေ့ဖြစ်ထရှိဟု သမ္မတရုံးပြော၊ အင်တာနက်ပိတ်ပင်ထားမှု အချိန်အကန့်အသတ်မရှိဟုဆို

ရခိုင်တွင် တိုက်ပွဲဖြစ်၍ လူသေဆုံးမှု သာမန်ဖြစ်လေ့ဖြစ်ထရှိဟု သမ္မတရုံးပြော၊ အင်တာနက်ပိတ်ပင်ထားမှု အချိန်အကန့်အသတ်မရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်တွင် တိုက်ပွဲဖြစ်ပွား၍ လူသေဆုံးမှုများသည် သာမန်ဖြစ်လေ့ဖြစ်ရှိသော ဖြစ်စဉ်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

နေပြည်တော်တွင် ဇူလိုင်လ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်း ဖြစ်သည်။

“အဓိကတော့ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အဓိကကတော့ ဥပဒေနဲ့ အညီဆောင်ရွက်ဖို့ ။ ဖြစ်လာရင်လည်း တိုက်ပွဲဖြစ်တဲ့အတွက် လူသေတာတော့ သာမန်ပဲ ၊ ဖြစ်လေ့ဖြစ်ထ ရှိတယ်။အလားတူလည်း ဒီလိုမျိုး ဖြစ်စဉ်မျိုး ကျန်တဲ့ ပြည်နယ်တွေမှာ ရှိခဲ့တယ်။ ရှိခဲ့တော့ အထူးသဖြင့် အဓိက ရည်မှန်းချက်က ဥပဒေနဲ့ အညီ ဖြစ်ရမယ်။ နံပါတ် ၂ က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိရဘူး ၊ နံပါတ် ၃ က ဒါနဲ့ ပတ်သက်ပြီး တွေ့ကြုံခံစားရတာတွေ အများကြီး ရှိနိုင်တယ်။ နှစ်ဖက်လုံးမှာ ၊ ဒီလိုစွဲချက်တွေ ရှိလာနိုင်လို့ ဒါတွေနဲ့ ပတ်သက်လို သတိထားဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေတယ်။ ဒီအတိုင်းပါပဲ ဖြစ်လာရင်လည်း ဥပဒေနဲ့ အညီ ဆက်လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်တိုက်ပွဲများ အဆုံးသတ်ရန် စားပွဲဝိုင်းထိုင်၍ ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲတွေ ရပ်ဖို့ ကတော့ ကျနော်တို့ စားပွဲဝိုင်း ထိုင်ဖို့ လိုတယ်။ အဲ့တော့ အစိုးရအနေနဲ့ NRPC အနေ နဲ့ ၊ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ၊ မြောက်ပိုင်းလေးဖွဲ့ နဲ့ bilateral အပစ်အခတ်ရပ်စဲရေး ရေးထိုးဖို့ လုပ်နေတယ်။ မူကြမ်းပေးထားပြီးပြီ ။ မူကြမ်းအပေါ်မှာ အမြန်ဆုံးတွေ့ပြီးတော့ Bilateral Agreement ရပြီးဆိုရင် ရခိုင်မှာ တိုက်ပွဲ မဖြစ်တော့ဘူး။ ရခိုင်မှာ တိုက်ပွဲမဖြစ်ဖို့အတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းလာဖို့ လိုတယ် ။ စားပွဲဝိုင်းကို မလာဘဲနဲ့ အောက်မှာ ဆက်လုပ်ရင် တိုက်ပွဲက ရှည်နေဦးမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် မြို့နယ်တချို့တွင် အင်တာနက် ပိတ်ပင်ထားမှုနှင့်ပတ်သက်ပြီး ၎င်းက မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်ပေးနိုင်မည်ကို မသိသေးဟု ဆိုသည်။

“အင်တာနက်က ယာယီ ပိတ်တာ ဖြစ်တယ် ။ရက်အကန့်အသတ် ကျနော်တို့ ပြောထားတာ မရှိသေးဘူး။ ဒီအပေါ်မှာ အင်တာနက်ဖြတ်လိုက်တာ ၁၀ ရက်ကျော်သွားပြီ ။ အဲ့အပေါ်မှာ အခြေအနေ အပေါ် ပြန်ပြီး သုံးသပ်နေတယ်။ လောလောဆယ်ဘယ်အချိန်အထိဆိုတော့ အတိအကျပြောလို့မရဘူး။ ရက်အကန့်အသတ် ပေးထားတာ မရှိဘူး။ ဒါပေမဲ့ ယာယီ ပိတ်သိမ်းခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမို ပြင်းထန်လာနေပြီး အရပ်သားသေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts