All News Local News Peace

ဘူးသီးတောင်တွင် ကံပြင်ကျေးရွာသား ၄၀ ဦးကို ဘုန်းကြီးကျောင်းတွင် တပ်မတော်က ခေါ်ယူစစ်ဆေး

ဘူးသီးတောင်တွင် ကံပြင်ကျေးရွာသား ၄၀ ဦးကို ဘုန်းကြီးကျောင်းတွင် တပ်မတော်က ခေါ်ယူစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ၊ စစ်ဘေးဒုက္ခသည်စခန်းမှ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် မိမိနေရပ်သို့ ပြန်လာကြသည့် ကံပြင်ကျေးရွာသား ၄၀ ကို ဇူလိုင်လ ၂ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောသည်။

“ မနေ့က မနက်ပိုင်းလောက်မှ တပ်မတော်စစ်ကြောင်းက ကံပြင်ကျေးရွာကို ရောက်ရှိလာတယ်။ စစ်ကြောင်းရောက်လာတော့ ရွာသားတွေကို ဘုန်းကြီးကျောင်းကို ခေါ်တယ်။ ဘုန်းကြီးကျောင်းမှာ ထိုင်ခိုင်းတယ်။ ပြင်းပြင်းထန်ထန်တော့ မလုပ်ဘူး။ အဲ့ဒီမှာ ထမင်းစားချိန်မှာ ထမင်းစားခိုင်းဖို့ ၈ ယောက် ၁ ဖွဲ့စီ ပြန်လွှတ်တယ်။ ပထမတစ်ဖွဲ့ သွားတယ်။ ပြီးရင် ပြန်လာရတယ်။ ပြန်လာပြီး နောက်တစ်ဖွဲ့ ထပ်လွှတ်တယ်။ နောက်တစ်ဖွဲ့မှ မိန်းခလေး ၂ ယောက်နဲ့ ယောင်္ကျားတစ်ယောက် ၊ သူတို့ပြန်မလာဘူး။ ထွက်ပြေးသွားတာ ။ ထွက်ပြေးတော့ နောက်ထပ် လူတွေကို ထမင်းသွားမစားခိုင်းတော့ဘူး။ ညကျရင် အကုန်စားခိုင်းတယ်။ ညကျရင် သူတို့ကို ရွာကို ပြန်လွှတ်တယ်။ ရွာကို ပြန်လွှတ်ပေးပြီး လူကြီး ၁၀ ယောက်လောက်ကိုတော့ ဘုန်းကြီးကျောင်းမှာ အိပ်ခိုင်းတယ်။ ဖမ်းတော့ မဖမ်းဘူး။ အခုက ဘုန်းကြီးကျောင်းခေါ်ပြီး စစ်ဆေးတယ်။ စစ်တဲ့လူလည်း စစ်တယ်။ မစစ်တဲ့လူလည်း မစစ်ဘူး။ ဘာ စစ်တယ်ဆိုတာလည်း သူနဲ့ အဆက်အသွယ်မရှိဘူး။ ရွာကို လာတဲ့အချိန် သူတို့ဖုန်းတွေကို အကုန်ယူထားတယ်။ သူတို့က ၊ အပြင်လူတွေနဲ့ အဆက်အသွယ်မလုပ်ရတော့ဘူးလေ “ ဟု ဘူးသီးတောင်မြို့နယ် ၊ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောသည်။

ကံပြင်ကျေးရွာသည် အိမ်ခြေ ၅၀ ကျော် နှင့် လူဦးရေ ၁၆၀ ကျော် ရှိပြီး တပ်မတော် နှင့် AA တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် ကျေးရွာဒေသခံအများစုက ဘူးသီးတောင်မြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေရခြင်းဖြစ်ပြီး ယခုမိုးရာသီအတွင်း မိမိတို့လယ်ယာမြေလုပ်ငန်း ပြန်လည်လုပ်ကိုင်ရန်အတွက် စစ်ရှောင်စခန်းများမှ ကျေးရွာသို့ ပြန်လည်နေထိုင်ကြစဉ် ယခုကဲ့သို့ စစ်ဆေးမေးမြန်းခံရတာ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ ၊ နံနက်ပိုင်းတွင် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကံပြင်ကျေးရွာသား ၄၀ ဦးခန့်ကို တပ်မတော်က စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ကံပြင်ကျေးရွာသား ၁၀ ဦးခန့်ကို ပြန်မလွှတ်ဘဲ ဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

“ လူ ၄၀ ကျော်မှာ ညနေကနေ ပြန်လွှတ်လိုက်တယ်။ အခု လူ ၁၀ ကျော်လောက် ကျန်သေးတယ် “ ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။

ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၁၂ ခု ရှိနေပြီး လက်ရှိတွင် စစ်ရှောင်ဦးရေ ၂၇၀၀ ကျော်ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts