All News Local News

ဘီးလင်းမြစ်ရေ ဆက်တိုက်မြင့်တက်လာ၊ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ပြီး အရေးပေါ် ရေဘေးအတွက် ကြိုပြင်

ဘီးလင်းမြစ်ရေ ဆက်တိုက်မြင့်တက်လာ၊ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ပြီး အရေးပေါ် ရေဘေးအတွက် ကြိုပြင်

ရန်ကုန်၊ ဇူလိုင် ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေသည် ဆက်တိုက်ဆိုသလို မြင့်တက်လာနေပြီး စိုးရိမ်ရေမှတ်နား နီးကပ်သွားသဖြင့် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ကာ ယနေ့ည ဖြစ်ပေါ်လာ နိုင်သည့် အရေးကြီးအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ဘီးလင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာဦးခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေသည် ယနေ့ နံနက်ပိုင်းမှစတင်၍ တရိပ်ရိပ်တိုးလာနေပြီး ညနေ ၃ နာရီခွဲ အချိန် တိုင်းတာချက်အရ မြစ်ရေသည် ၉၈၇ စင်တင်မီတာသို့ ရောက်ရှိလာကြောင်း၊ ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သည် ၁၀၂၂ စင်တီမီတာဖြစ်၍ ဘီးလင်းတစ်မြို့နယ်လုံးတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်နေပြီ ဟု ၎င်းက ပြောသည်။

ယနေ့ ဘီးလင်းမြို့ပေါ်တွင် စတင်ဖွင့်လှစ်သော ကယ်ဆယ်ရေးစခန်း(၄)ခု(၁) ဓမ္မဝိဟာရ(၂) မြို့နယ်တစညရုံး၊(၃)မြို့ဦး၊ (၄) အောင်သိဒ္ဓိ တို့ဖြစ်ပြီး ရေဘေးဒုက္ခသည် တစ်ရာကျော်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ကယ်ဆယ်ရေးစခန်း ၄ ခု ဒီမနက်စဖွင့်တယ်။ မြို့ပေါ်မှာ စခန်း ၃ ခုကတော့ စလက်ခံနေပြီ။ ရွှေ့ပြောင်းမှုတွေ လုပ်နေပြီ။ အဓိကကတော့ အနိမ့်ပိုင်းရပ်ကွက်ကသူတွေ အိမ်ခြေတွေ ပြောင်းနေပြီ။ မနက် စာရင်းအရဆိုရင် ၁၀၃ ဦး စုစုပေါင်း စခန်းမှာ ရောက်နေတယ်။ ဘီးလင်းမြစ်ရေက ၉၈၇ စင်တီမီတာ ။ အခု တောက်လျှောက်တက်လာနေတယ်။ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာ။ တောက်လျှောက်တက်လာတယ်။ သတိပေးမှုတွေ လုပ်နေပြီ။ တစ်မြို့နယ်လုံးလည်း လှည့်ပြောနေပြီ။ ဘီးလင်းမြစ်တစ်လျှောက်မှာရှိတဲ့ ရွာတွေကိုလည်း သတိပေးနေပြီ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ အသင့်ပြင်နေပြီ။ လက်ရှိ အခြေအနေအတိုင်း ရေဆက်တက်နေရင် ဒီညမှာ ကယ်ဆယ်ရေး ဝင်ရမယ့် သဘောရှိတယ်။ မြင်တာပေါ့။ အရေးပေါ် အခြေအနေလို့ တော့ မပြောသေးဘူး။ အရေးတကြီးဖြစ်လာရင် လုပ်လို့ရအောင် အကုန်လုံးပြင်ထားပြီးပြီ။ ပြင်ထားတယ်” ဟု ဒေါက်တာဦးခင်နိုင်ဦးက ဆိုသည်။

လက်ရှိတွင် ရေဘေးအန္တရာယ်ကြုံတွေ့ ရနိုင်သည့် ကျေးရွာများသို့လည်း ရိက္ခာများ စတင်ပို့ဆောင်နေပြီဟု ၎င်းက ပြောသည်။

“နောက်တစ်ခုက ကြို၊ ထောက်ပစ္စည်းတွေ ပို့နေပြီ။ အရင်နှစ်က ကျေးရွာ အုပ်စု ၁၀ အုပ်စုလောက်က လမ်းပန်းဆက်သွယ်ရေး ပြတ်သွားတော့ ရိက္ခာတွေပါ ပြတ်သွားတယ်။ အခုကတော့ အခုကတည်းက ရိက္ခာတွေပို့နေပြီ။ ပစ္စည်း ၆ မျိုး။ ဆန်ဆီဆား စည်သွပ်ဘူး။ ဒီနေ့ ဆန် အရင် ပို့နေပြီ။ ကြိုတင်ပြင်ဆင်မှုက မနှစ်ကထက်စာရင် ပိုပြီးတော့ အားကောင်းအောင် ပြင်ဆင်ထားတယ်။ ဒီညမှာ သတိထား ဖြတ်ကျော်ရမယ့် အနေအထားရှိတယ်” ဟု ဒေါက်တာဦးခင်နိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အမက) ၊ ရွှေလှေ(အမက) ကျောင်း(၃)ကျောင်း ယနေ့ စတင်၍ ယာယီ ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ဘီးလင်းမြစ်ရေကြီးမှုမြင်ကွင်း။ Photo Credit- ဘီးလင်းကွပ်ကဲရေးအဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts