interview Local News political news

ဘားအံတက္ကသိုလ်၊ အဆောင်များတွင် မူးယစ်ဆေးရှာမည်ဆိုသော ကရင်လူမှုရေးဝန်ကြီး လုပ်ဆောင်ချက် ဥပဒေနှင့်မညီဘဲ တက္ကသိုလ်ဂုဏ်သိက္ခာထိခိုက်စေဟု ရှေ့နေများပြော

ဘားအံတက္ကသိုလ်၊ အဆောင်များတွင် မူးယစ်ဆေးရှာမည်ဆိုသော ကရင်လူမှုရေးဝန်ကြီး လုပ်ဆောင်ချက် ဥပဒေနှင့်မညီဘဲ တက္ကသိုလ်ဂုဏ်သိက္ခာထိခိုက်စေဟု ရှေ့နေများပြော

ရန်ကုန်၊ ဇူလိုင် ၁၃

ကရင်ပြည်နယ်အစိုးရ၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုမောင်က ဇူလိုင် ၁၂ ရက်နေ့တွင် ဘားအံတက္ကသိုလ်၊ အဆောင်များတွင် မူးယစ်ဆေးဝါး ရှာဖွေမည်ဖြစ်ပြီး ဆေးသုံးသော ကျောင်းသားများကို ပြန်လည် ထူထောင်ရေးစခန်းပို့ဆောင်မည်ဟု ပြောဆိုလိုက်ရာ ကျောင်းသားများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မူးယစ်ထိန်းချုပ်ရေးဥပဒေနှင့်ညီ၊ မညီ ရန်ကုန်ခေတ်သစ်က ရှေ့နေများကို ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေနှင့်ဥပဒေအကြံပေးဦးသန်းဝင်းရွှေ

ဒီဟာကတော့ သံသယရှိတဲ့သူရယ်၊ ကျော်စာသတင်းရှိတဲ့သူရယ်၊ စာရင်းဝင်တဲ့ ပုဂ္ဂိုလ်ရယ် တွေကိုသာလျှင် ရှာဖို့သင့်တယ်ပေါ့။ အားလုံးသိမ်းကျုံးရှာမယ်ဆိုရင်တော့ ဂုဏ်သိက္ခာတွေ ထိခိုက်နိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး သုံးသလိုဖြစ်သွားမယ်။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုရင် ကျော်စောသတင်းဘယ်မှာ ရှိမလဲ။ ဥပမာ- အဆောင် ၁ ပေါ့။ အဆောင် ၁ ပထမထပ်ဆိုရင် ပထမ ထပ်ပေါ့။ ဒုတိယထပ်ဆိုရင် ဒုတိယထပ်ပေါ့ဗျာ။ အားလုံးကို သိမ်းကျူံးလုပ်တာက Society တစ်ခု ပေါ့။ ကျောင်းသားဆိုရင် ကျောင်းသား Society ပေါ့။ လူမှုရေးဆိုရင်လည်း လူမှုရေး Society ပေါ့။ အဲလို Society တစ်ခုရဲ့ ကောင်းသတင်းကျော်စောခြင်းကိုတော့ ထိခိုက်စေတယ်။ ဒီဟိုဒင်းကိုတော့ မူးယစ်ဆေးဝါးကိုတော့ ပြန်လည်ထူထောင်ရေးစခန်း ပို့တယ်ဆိုတာက ကောင်းတဲ့အလုပ်၊ လုပ်လည်း လုပ်သင့်ပါတယ်။ နိုင်ငံတော် အကြီးအကဲကလည်း လမ်းညွှန်ထားပါတယ်။

သို့သော် ဆိုင်တဲ့သူကော မဆိုင်တဲ့သူကော အားလုံးကို ဝါးရင်းတုတ်နဲ့ သိမ်းကျူံးလုပ်သလိုမျိုးတော့ လုပ်လို့ မကောင်းဘူး။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဘာလုပ်သင့်သလဲဆိုရင် သူတို့နည်း နဲ့ သူတို့ဟန် နဲ့စုံစမ်းမှုလုပ်ပေါ့။ သူတို့မှာလည်း သူတို့အဖွဲ့တွေရှိတာပဲ။ အဲဒါတွေနဲ့ဖွဲ့စည်းပြီးတော့ သတင်းထွက်တဲ့နေရာ သံသယရှိတဲ့နေရာ ကျော်စောသတင်းထွက်တဲ့နေရာ ရှာလိုက်ပေါ့။ ဒါက ကျပန်း နမူနာကောက်ယူခြင်းလို့ ခေါ်ပါတယ်။ ကျပန်းနမူနာ လုပ်ကွက်ကနေပြီးတော့မှ အလုံးစုံ လုပ်သင့်တာကို လုပ်ပေါ့။

ဥပဒေရှုထောင့်က ကြည့်လို့ရှိရင်တော့ မူးယစ်ထိန်းချုပ်ရေးဥပဒေအရက ကျော်စောသတင်း၊ သံသယရှိသူကိုပဲ လုပ်တာက ဥပဒေနဲ့ ပိုညီပါတယ်။ အဲဒီတော့ ကျော်စောသတင်းရရှိဖို့ လည်း စုံစမ်းရေး အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီ ယူနစ်တွေကနေ ပြီးတော့ ပေးတဲ့သတင်းအပေါ် ဆောင်ရွက်ရင်တော့ ဖြင့် ပိုပြီးတော့ သင့်တော်ပါတယ်။ အဲဒါက ဥပဒေ ရှုထောင့်ပါ။ အားလုံးကို လျှောက်ပြီးတော့ ခြုံပြီး သိမ်းကျူံးပြီးတော့ လုပ်ရမယ်လို့ ဥပဒေမှာ မဆိုထားဘူး။ ဥပဒေက သံသယရှိသူ၊ ကျော်စောသတင်းရှိသူကိုတော့ ဥပဒေနဲ့အညီ ဝရမ်းပါရမယ်၊ ရှာဖွေပုံစံပါရမယ်။ အဲဒါနဲ့ အညီ လုပ်ရပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်
ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ရှေ့နေများနှင့် ဥပဒေရေးရာ အထောက်အကူပြုသူများအဖွဲ့

ဥပဒေကို ဘောင်ကျော်ပြီးလုပ်လို့မရဘူး။ ရှာမယ်ဖွေမယ်ဆိုရင် သက်သေတွေ၊ ရှာဖွေပုံစံတွေ၊ ရှာရတာ။ ဒီလို လုပ်ချင်တိုင်းလုပ် ရှာချင်တိုင်း ရှာလို့မရဘူး။ မတွေ့ဘူးဆိုရင် သူ့တောင် ပြန်တရားစွဲလို့ရတယ်။ နောက်ပြီး ဒါက သူ့အလုပ်မဟုတ်ဘူး။ ရဲအလုပ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရတာ။ ဥပဒေနဲ့မညီဘူး။ ဥပဒေကို ထွင်ပြီး လုပ်လို့မရဘူး

တရေားလွှတ်တော် ရှေ့နေ ဒါ်လှလှရီ
Blessing Law Firm and Metta Land

“ဥပဒေမှာကတော့ ကျော်စောသတင်းနဲ့ သတင်းပေးတာရှိလို့ရှိရင် ရှာခွင့်ရှိတယ်လို့ ပါတယ်ပေါ့။ ဒါပေမယ့် ဘားအံတက္ကသိုလ်မှာ ရှာမယ်ဆိုတာက သူ့ကို သတင်းပေးတဲ့သူရှိလို့လား။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ဆန်းစစ်ရမယ်။ ရှာမယ်ဆိုရင်တော့ ကျောင်းသားလူငယ်တင်မဟုတ်ဘူး။ လူငယ်အားလုံးကို ရှာပေါ့။ ဒါက သမ္မတဆီက ခွင့်ပြုချက်ယူလား၊ သူက အနည်းဆုံးတော့ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်တော့ယူရမယ်။ နောက်ပြီး လူမှုရေးဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်က ဘာတွေလဲ ဒါတွေလည်း ပြန်ဆန်းစစ်ဖို့တော့လိုတာပေါ့။ ရှာမယ်ဆိုပြီး ရှာချင်တိုင်းရှာတာကတော့ နည်းလမ်းတော့မကျဘူးလို့ ပြောလို့ရတယ်”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts