interview Local News political news

ဗိုလ်မှူးချုပ်မောင်မောင်စကား အာဏာသိမ်းဖို့နဲ့ နိုင်ငံတော်ပုန်ကန်ဖို့ ခြိမ်းခြောက်မှုလား

ဗိုလ်မှူးချုပ်မောင်မောင်စကား အာဏာသိမ်းဖို့နဲ့ နိုင်ငံတော်ပုန်ကန်ဖို့ ခြိမ်းခြောက်မှုလား

By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်ချက်များ လွန်း၍ တိုင်းပြည်အတွက် အန္တရာယ်ရှိကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က တရားဝင် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုလိုက်ရာ ယင်းပြောဆိုမှုသည် အာဏာသိမ်းဖို့ အချက်ပြမှု မှတ်ယူနိုင်ပြီး နိုင်ငံတော်ပုန်ကန်မှု မြောက်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောဆိုလိုက်သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်ချက်တွေ များလွန်းလို့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ ပြောသွားတယ်။ သူပြောတဲ့ အန္တရာယ်ဆိုတာ ဘယ်လိုမျိုးလို့ ယူဆပါသလဲ။

ဖြေ။ ။ သူပြောတဲ့ ဒီခြေဥ ပြင်ဆင်ရေးက အန္တရာယ်ရှိလာတာ မြင်ရမယ်ပေါ့။ ဘယ်လို အန္တရာယ်မျိုးကို မြင်ရမယ်ဆိုတာကို သူကိုယ်တိုင်ကလည်း တိတိကျကျ ဖော်ပြထားတာရှိဘူး။ သို့သော်လည်း သူဟာ စစ်ဝါဒီတစ်ယောက်ဖြစ်တယ်။ စစ်တပ်ရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ကို တက်ရောက်နေတာဖြစ်တယ်။ အဲဒီတော့ ဒီစစ်ဝါဒီ တစ်ယောက်အနေနဲ့ ပြောတဲ့ အသုံးအနှုန်းကို ကြည့်ရင်တော့ အာဏာသိမ်းနိုင်တယ်ဆိုတဲ့ နောက်ဆုံး အဆင့် စကားတစ်ခုကို သူ သွယ်သွယ်ဝိုက်ဝိုက်ပဲ ပြောလား၊ ထိန်းထိန်းသိမ်းသိမ်းပဲပြောတာလားတော့ မသိဘူးပေါ့။ ကျနော်အဲဒီလိုပဲ ယူဆပါတယ်။

မေး။ ။ အခြေခံဥပဒေမှာ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက ကာကွယ်စောင့်ရှောက်ရမယ့်အဖွဲ့အစည်းဖြစ်တယ်လို့ ပြဋ္ဌာန်းထားတဲ့ မူကြောင့်လား။ အာဏာသိမ်းနိုင်တယ်ဆိုတာက။

ဖြေ။ ။ ဒါကတော့ ခင်ဗျား ရှင်းရှင်းပြောရရင်တော့ ဒီစကားတွေက ရေလာမြောင်းပေး လုပ်တဲ့သဘောပေါ့။ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုရင် သူတို့ တပ်မတော်သာလျှင် မဟုတ်ဘူးလေ။ ကျနော်တို့ ပြည်သူလူထု ကလည်း ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတာပဲလေ။ သို့သော်လည်း ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာက ရှင်းရှင်းပြောတာက ဒီဖွဲ့စည်းပုံကို မပြင်ရဘူး မဆင်ရဘူး ဆိုတဲ့ သဘောမျိုး ပြောတဲ့ အဓိပ္ပာယ်မှမဟုတ်ဘဲနဲ့ ။ ပိုမို ကောင်းမွန်တဲ့ အဆင့်ရောက်အောင် ကျနော်တို့ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်လည်းရှိတယ်လေ။ ပြည်သူလူထုမှာ။ ဒါ ပြည်သူလူထု အတွက် အဓိကကျတဲ့ မဏ္ဍိုင်သော့ချက်ကြီးဖြစ်တဲ့ ဖွဲ့စည်းပုံပဲလေ။

မေး။ ။ အခြေခံဥပဒေမှာ တပ်မတော်က အာဏာသိမ်းလို့ရနိုင်လား။ သမ္မတက အာဏာလွှဲပေးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရယူ လုပ်နိုင်မှာမဟုတ်ဘူးလား။ နိုင်ငံတော်သမ္မတ ခွင့်ပြုချက်မရှိဘဲ အာဏာသိမ်းနိုင်တဲ့ ပြဋ္ဌာန်းချက်ရှိလို့လား။

ဖြေ။ ။ အဲဒီလို ပြဋ္ဌာန်းထားတာတော့မရှိဘူး။ သို့သော် ကာလုံဆိုတဲ့ ဖွဲ့စည်းထားတာတော့ ရှိတာပေါ့။ ကာ/လုံ အဖွဲ့အစည်းကနေ ဆုံးဖြတ်ချက်ပေးတာပေါ့။ ကျနော်တို့ ဆိုလိုတာက တစ်တိုင်းတစ်ပြည်လုံးကို အာဏာသိမ်းယူတဲ့ခေတ်က ခေတ်မစားတော့ပါဘူး။ ဒီဖွဲ့စည်းပုံထဲမှာ တိုင်းနဲ့ ပြည်နယ်အလိုက် မငြိမ်မသက်ဖြစ်ပေါ်လာရင် သူထိန်းချုပ်နိုင်တဲ့ 144 ထုတ်ပြီး ထိန်းချုပ်ထားနိုင်တဲ့ဟာ တိုင်းမှူးတွေမှာလည်းရှိတာပဲ။ တိုင်းအစိုးရတွေဆီမှာလည်း ရှိနေတာပဲ။ သဘောပြောရင်။ ဒါကြီးက အထူးတလည် သိမ်းယူလောက်တယ်ဆိုတဲ့ဟာမျိုးကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရင်လည်း တွက်လို့ရတယ်ပေါ့။ ဒါပေမယ့် အာဏာသိမ်းပြီဆိုရင်တော့ ဥပဒေဆိုတာ မရှိတော့ဘူး။ No Law is Law ။ ဘာမှ မရှိတော့ဘူး။ ဘာအခွင့်အရေးမှ မရှိတော့ဘူးဆိုတဲ့ သဘောလည်း ပေါ်ပေါက်ပါတယ်။ မာရှယ်လောပေါ့။ သူ့ဟာသူ တပ်ပိုင်းဆိုင်ရာ အမိန့်ပေါ့။

မေး။ ။ ဗိုလ်မှူးချုပ်မောင်မောင် ပြောတဲ့စကား ဥပဒေနဲ့ ညီရဲ့လား။

ဖြေ။ ။ ဒါရှင်းရှင်းပြောရင် ပုန်ကန်တဲ့စကားတစ်ခု အတွက်ကို ရည်ရွယ်ပြီးတော့ ပြောတဲ့သဘောပဲ။ သူ့မှာတာဝန်ရှိတယ်။ ဒါက ဥပဒေနဲ့ မညီဘူး။

မေး။ ။ ဗိုလ်မှူးချုပ်မောင်မောင်က နိုင်ငံတော်ပုန်ကန်ဖို့ ပြောတဲ့ သဘောမျိုး သက်ရောက်လား။

ဖြေ။ ။ အဲဒီသဘောမျိုးကို ရည်ညွှန်းတယ်လို့ ပြောနိုင်တယ်ပေါ့။ သူ့ အသုံးအနှုန်းကို ကြည့်ပြီးတော့။ အဲဒီတော့ ဒီဟာမျိုးက ဘယ်သူက ဟိုဟာလုပ်မလဲဆိုတော့ ဒါ အစိုးရကပဲ လုပ်ရမယ့် ကိစ္စလေဗျာ။ ဒါကို အစိုးရကပဲ သူပြောတဲ့ စကားအသုံးအနှုန်း တွေအပေါ်မှာ သူတာဝန်ယူရမယ်ဆိုတဲ့ အပိုင်းဖြစ်ရင် အစိုးရကပဲ သူ့ကို စီရင် ဆောင်ရွက်ရမယ့်အပိုင်းပေါ့။ ပြောတဲ့ဥစ္စာက နိုင်ငံတော်ကို ခြိမ်းခြောက်စေတာလား။ လွှတ်တော်ကြီး တစ်ရပ်လုံးကို ခြိမ်းခြောက် ပြောနေတာလား။ သို့မဟုတ် အစိုးရအဖွဲ့တစ်ဖွဲ့ လုံးကို ခြိမ်းခြောက် ပြောနေတာလား။ သို့မဟုတ် ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်ပြောနေတာလား ဆိုတာတော့ နိုင်ငံတော်ဆိုတဲ့ အစိုးရ ပိုင်းခြားစိတ်ဖြာပြီး ပြောရမယ့် အပိုင်းပေါ့။

မေး။ ။ ဗိုလ်မှူးချုပ် မောင်မောင်က တပ်မတော်သားဖြစ်တော့ သူ့ကို အရေးယူမယ်ဆိုရင် အရပ်ဘက် ဥပဒေနဲ့ အရေးယူရမလား၊ တပ်မတော်ဥပဒေနဲ့ အရေးယူရမလား။

ဖြေ။ ။ အဓိကကတော့ အခု ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင်တော့ တပ်ပိုင်းဆိုင်ရာ ကိစ္စမှာ တပ်ကပဲ ဆောင်ရွက်ရမယ်လို့ ပြောထားပြီး အဲဒီမူကို ကျင့်သုံးနေတာပေါ့။ တစ်ခါတစ်ကျေရင် ကျနော်တို့ဘက်ကလည်း တော်တော်စဉ်းစားတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဟာ ပြည်ထောင်စုတရားလွှတ်တော်၊ ပြည်ထောင်စုတရားရုံးချုပ် မှာပဲရှိတယ်လို့ ဆိုပေမယ့် အခုဟာ ကျနော်တို့က ကာကွယ်ရေးဦးစီးချုပ်က ကိုင်တွယ်ထားတဲ့ ရဲနဲ့ တပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူ့မှာ စီရင်ပိုင်ခွင့် အမြင့်ဆုံးအယူခံဖြစ်တဲ့ တရားလွှတ်တော်ကို တင်လို့ မရဘူးပေါ့ဗျာ။ တက်လို့မရဘူးပေါ့။ အယူခံတို့ ပြင်ဆင်တို့။ အဲဒီမှာ ဖြတ်ပစ်ထားလိုက်တာပေါ့။

မေး။ ။ ဗိုလ်မှူးချုပ်မောင်မောင်ပြောစကားကို ပြန်ပြီးတော့ လွှတ်တော်မှာ ဝေဖန် ရှုံ့ချဖို့ တစ်ခုခုများ တုံ့ပြန်ဖို့ရှိလား။

ဖြေ။ ။ အခုလောလောဆယ်တော့ ကျနော်တို့ မတွေ့ပါဘူး။ ဒါပေမယ့် ကျနော်ပြောတာကလည်း လွှတ်တော်တွင်းမှာ ပြောတာမဟုတ်ဘူး။ လွှတ်တော်ကျင်းပနေတဲ့အချိန်မှာ ပြောတာမဟုတ်ဘူး။ လွှတ်တော်ပြီးသွားတဲ့ အချိန် အပြင်မှာ ပြောတာလေ။ သူပြောတာက။ သူအပြင်မှာ ပြောသလိုပဲ ဘယ်မှာပဲပြောပြော ကျနော်တို့လည်း အပြင်မှာ ပြောတာပဲလေ။ တစ်ဦးချင်း အခွင့်အရေးပေါ့။ တစ်ဦးချင်းပြောတဲ့ဟာအပေါ်မှာလည်း အစိုးရနဲ့ပတ်သက်လို့ ငြိစွန်းတယ်ဆိုလို့ရှိရင် အစိုးရက တာဝန်ယူပြီး လုပ်ဆောင်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အလွတ်ပြောတာကိုး။ လွှတ်တော်ထဲမှာ ပြောရင်တော့ လွှတ်တော်ဥက္ကဋ္ဌက သူ တာဝန်ခံရတဲ့အတွက် သူအရေးယူ ဆောင်ရွက်လို့ရတယ်ပေါ့။ အခုက လွှတ်တော်အပြင် မှာေ ပြာတယ်ဆိုတော့ လွှတ်တော်ပိုင်းနဲ့ ဆိုင်တဲ့ စကားရပ်တော့မဟုတ်ဘူးပေါ့။

မေး။ ။ တပ်က တင်းတင်းမာမာ သဘောထားဖြစ်နေတော့ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ ဘယ်လို ရှေ့ဆက်လုပ်ကြမလဲ။ ဘယ်လို အကျိုးဆက်တွေရှိမလဲ။

ဖြေ။ ။ ကျနော်ထင်တယ် ဒီဟာကတော့ဗျာ။ သူတို့ဘယ်လိုပဲပြောပြော လွှတ်တော်နှစ်ရပ်ကနေ ပေါ်ပေါက်လာတဲ့ကိစ္စရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ကျနော်တို့ အဆုံးအဖြတ် ခံယူမှာပဲလေ။ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူရမှာပဲ။ ကွဲပြားခြားနားတွေလည်း ရှိနိုင်တာပေါ့။ အခုက ဒါက လျာထားချက် အဆင့်မှာ အဲဒိလောက်ဖြစ်ပြနေရင် ကျနော်စဉ်းစားလို့မရဘူး။ လျာထားတယ်ဆိုတာက ဥပဒေလည်းမဖြစ်သေးဘူး။ လျာထားချက်ဆိုတာ ဖြုတ်ချင်လည်းဖြုတ်ပစ်မှာပဲ။

မေး။ ။ လျာထားချက်တောင် ဒီလောက်ဖြစ်နေရင် လုပ်ငန်းစဉ်တစ်ခုလုံးကို အကျိုးသက်ရောက်မှုက ဘာဖြစ်မလဲ။

ဖြေ။ ။ ဒါပေမယ့် စောစောကလိုပေါ့ဗျာ။ လျာထားချက်တွေမှာ အပြင်ကို အသံထုတ်နေတာပေါ့ဗျာ။ ဒါပေမယ့် ကျနော် ပြောခဲ့သလိုပါပဲ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအတိုင်း ယူနီဖောင်းဝတ်ပြီးတော့ စကားပြောတဲ့အခါကျတော့ ဦးချိုရှိတဲ့ သတ္တဝါက ဦးချိုကိုပဲ အားကိုးတာပေါ့။ ကျနော်တို့ လွှတ်တော်ဆိုတဲ့ သဘာဝကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်သူကိုပဲ အားကိုးရမှာပေါ့ဗျာ။ ဒီလိုမူနဲ့ ကျနော်တို့ကလည်း လွှတ်တော်ရဲ့ အခင်းအကျင်းကို သွားနေတာပေါ့။ ဒီလိုပြောလိုက်လို့ ဒီလုပ်ငန်းစဉ်တွေ နှောင့် နှေးသွားစရာမရှိဘူး။ အဲလိုတွေရှိမယ်ဆိုရင် ဒီလွှတ်တော်ကြီးကအဟောသိကံဖြစ်သွားမှာပေါ့။ ဒီလွှတ်တော်နဲ့ ဒီအခြေခံဥပဒေကြီးကလည်း တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ ရေးဆွဲခဲ့တဲ့ ခြေဥ ဥပဒေပဲ။ သူတို့ ပဲ တည်ထောင်ခဲ့တဲ့ လွှတ်တော်ကြီးပဲလေ။ အဲဒါကို အဟောသိကံဖြစ်အောင် လုပ်ချင်ရင် လုပ်လို့ရတယ်လို့သူတို့ ယူဆရင် လုပ်ကြည့်ပေါ့။ ကျနော်ကလည်း အဲဒီလိုပဲ ပြောရမှာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com