All News Local News

ဗစ်တိုးရီးယားအမှု ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး ဆန္ဒပြ ပခုက္ကူကျောင်းသားများကို မကွေးအစိုးရက ခံဝန်ထိုးခိုင်း၊ ကျောင်းသားများက ငြင်းပယ်ပြီး ဥပဒေအတိုင်းရင်ဆိုင်မည်ဟုဆို

ဗစ်တိုးရီးယားအမှု ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး ဆန္ဒပြ ပခုက္ကူကျောင်းသားများကို မကွေးအစိုးရက ခံဝန်ထိုးခိုင်း၊ ကျောင်းသားများက ငြင်းပယ်ပြီး ဥပဒေအတိုင်းရင်ဆိုင်မည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၆

နေပြည်တော် ဗစ်တိုးရီးယားဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသော ပခုက္ကူတက္ကသိုလ်ကျောင်းသားများကို ခံဝန်ကတိ လက်မှတ်ရေးထိုးရန် မကွေးတိုင်းဒေသကြီးအစိုးရက ဖိအားပေးလာသော်လည်း ကျောင်းသားများက ငြင်းပယ်လိုက်ပြီး ဥပဒေအတိုင်းရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့က ပခုက္ကူမြို့တွင် နေပြည်တော် ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေး ပခုက္ကူကျောင်းသားသမဂ္ဂက ဦးဆောင် ဆန္ဒပြခဲ့ပြီး ယင်းဆန္ဒပြမှုကို မကွေးတိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ ပခုက္ကူတက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး လက်မှတ်မထိုးလျှင် အမှုဖွင့် အရေးယူမည်ဟု အသိပေးလာကြောင်း သိရှိရသည်။

“ မနေ့က နေလည် ၁ နာရီ ၊ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးအပါအဝင် အမှုဆောင်တွေ အားလုံးကို ခေါ်တွေ့တယ်။ ဥပဒေနှင့်အညီ မလုပ်တဲ့အတွက် ခံဝန်ကတိလက်မှတ်ထိုးဖို့ ၊ဆွေးနွေးကြတယ်။ ကျနော်တို့ အားလုံးက တစ်ယောက်မှ မထိုးနိုင်ဘူးဆိုပြီး ပြန်လာကြတယ်။ သူတို့ဘက်တော့ ဥပဒေနဲ့ အညီ အရေးယူမယ် ၊ ဥပဒေအေရ လုပ်သွားမယ်လို့ ပြောတယ်။ ကျနော်တို့ဘက်ကတော့ ဖြစ်လာတဲ့ ပြဿနာမှန်သမျှ တရားဥပဒေအရ တရားစွဲဆိုမယ်ဆိုရင်လည်း စွဲပေါ့ ။ ကျနော်တို့ကလည်း တရားရင်ဆိုင်သွားမယ်။ ဒါကတော့ ကျနော်တို့ဘက်က တုံပြန်မှုပါပဲ “ ဟု ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောသည်။

ဗစ်တိုးရီးယား အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေး နှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ၊ တရားဥပဒေစိုးမိုးရေးအတွက် ပခုက္ကူ တက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ ဦးဆောင်ပြီး ကျောင်းသား / သူ အင်အား ၆၀ ကျော်ခန့် က ဇူလိုင်လိုင်လ ၁၂ ရက်နေ့ ပခုက္ကူတက္ကသိုလ် မှ ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်တာကြောင့် ယခုကဲ့သို့ ပိတ်ပင်တားဆီးပြီး မလုပ်သင့်ကြောင်း ကိုသက်မောင်မောင်က ပြောသည်။

“ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ ပုဒ်မ ၃၅၄ ( က) (ခ) ( ဂ) ဆိုတာ ရှိတယ်။ (က) – မိမိယုံကြည်ရာတွေ လွတ်လပ်ခွင့် ပြောဆိုပိုင်ခွင့်ရှိတယ်။ (ခ) – လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စီတန်း စုဝေးလှည့်လည်ပိုင်ခွင့် ရှိတယ်။ သူတို့ပြဋ္ဌာန်းထားတဲ့အတိုင်းကျနော်တို့က လုပ်တာ ။ ဒါပေမဲ့ သူတို့က ဘာနဲ့ ပြန်ကပ်လဲဆိုတော့ နည်းဥပဒေနဲ့ ကန့်သတ်ထားတယ်။ ခွင့်ပြုမိန့် တင်ရမယ်။ ၄၈ နာရီ ကြိုတင်အကြောင်းရမယ် ဆိုတာတွေနဲ့ ၊ ပြောရရင်တော့ သူတို့ဆွဲထားတဲ့ Mother Law ကို ကျော်ပြီးတော့ နည်းပညာထက်ကျော်လွန်လုပ်တာမျိုး ဖြစ်နေတယ်။ အဲ့လို့ဖြစ်နေတော့ ကျနော်တို့ အဲ့တာလုံးဝမဖြစ်သင့်ဘူး။ သူတို့ ကိုယ်တိုင်ပြဋ္ဌာန်းထားတာကို သူတို့ကိုယ်တိုင် ချိုးဖောက်နေသလို ဖြစ်နေတယ်။ ဒါက ကျနော်တို့သမဂ္ဂ လွတ်လပ်ခွင့် ၊ နိုင်ငံသား လွတ်လပ်ခွင့်အပေါ် မချုပ်ချယ်သင့်ဘူး။ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အနေလည်း မလုပ်သင့်ဘူး “ ဟု ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts