Local News political news

ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးခြင်းမရှိခဲ့သည့်အပြင် အစီရင်ခံစာကိုလည်း တပ်မတော် ကန့်ကွက်၊ ကြံ့ခိုင်ရေးအမတ်ဦးမောင်မြင့် မိုက်မရဘဲ မတ်တပ်ရပ်အော်ဟစ် ဆွေးနွေး

ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးခြင်းမရှိခဲ့သည့်အပြင် အစီရင်ခံစာကိုလည်း တပ်မတော် ကန့်ကွက်၊ ကြံ့ခိုင်ရေးအမတ်ဦးမောင်မြင့် မိုက်မရဘဲ မတ်တပ်ရပ်အော်ဟစ် ဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၁၅

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ တင်သွင်းသော အချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း(၁၂) ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသောကြောင့် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့များ ကန့်ကွက်ခဲ့ပြီး ပူးပေါင်းကော်မတီက ပြင်ဆင်ရေး အစီရင်ခံစာပြုစုစဉ်ကလည်း ဆွေးနွေးခြင်း တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ယနေ့ ဇူလိုင် ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သော အစီရင်ခံစာကို ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြခဲ့သည်။

ယင်းကော်မတီတွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့သည် ၂ဝဝ၈ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းစဉ်ကပင် ၂ဝဝ၈အခြေခံဥပဒေတွင်ပါဝင်သော အခန်း(၁၂)နှင့် ကိုက်ညီမှုမရှိသောကြောင့်ကန့်ကွက်ခဲ့ကြောင်း ၊ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ခြင်းကြောင့် ပြင်ဆင်ရေးကော်မတီတွင် တပ်မတော်သားကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက်ကိုလေးစားသောကြောင့် တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဖွဲ့စည်းစဉ်ကပင်ကန့်ကွက်ခဲ့သောကြောင့် တပ်တော်သားကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး သဘောထားမှတ်ချက်မပြုခဲ့ကြောင်း၊ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် အခန်း(၁၂) ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း တပ်မတော်သားကိုယ်စားလှယ်များက ပူးပေါင်းကော်မတီအစီရင်ခံနှင့်အတူ ကန့်ကွက်ကြောင်း အဆိုပြုလွှာတင်သွင်းခဲ့ကြောင်း သိရှိရသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဗိုလ်ချုပ်တင်ဆွေဝင်း၊ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်၊ ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဗိုလ်မှူး ဇင်လင်း၊ ဗိုလ်မှူး သိန်းလွင်ငွေ၊ ဗိုလ်မှူး ထက်လင်း တို့ပါဝင်သည်။

အဆိုပါ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီသို့ ပါတီအစုအဖွဲ့အသီးသီးမှ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ဖြည့်စွက်ရန်အတွက် အကြံပြုတင်ပြချက်ပေါင်း ၃၇၆၅ ခုရှိကြောင်းသိရသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက က ခွင့်မပြုဘဲ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်အမတ် ဦးမောင်မြင့်က မတ်တပ်ရပ်အတင်းအကျပ်ဆွေးနွေးမှုများရှိခဲ့သည်။

ကော်မတီ၏ အစီရင်ခံစာ တင်သွင်းပြီးနောက်တွင် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လာမည့် ၁၈ ရက်နေ့ နောက်ဆုံးအမည်စာရင်းတင်သွင်းကြရန် ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာ ရာ USDP အမတ် မင်းကင်းမြို့နယ်မှ ဦးမောင်မြင့်က မတ်တပ်ရပ်ကန့်ကွက်ခဲ့သည်။

ယင်းအပေါ် NLD လွှတ်တော်အမတ်တစ်ဦးက မတ်တပ်ရပ်၍ တန်ပြန်ကွန့်ကွက်မှုလည်းပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် USDP အမတ် ဦးမောင်မြင့် နှင့် NLD အမတ် တစ်ဦးတို့ လွှတ်တော်အစည်းအဝေးခန်းမအတွင်း အပြန်အလှန်ပြောဆိုခဲ့ကြကြောင်း သိရှိရသည်။

“ကျနော်က ထပြီး မိုက်တောင်းပါတယ်။မပေးတော့လည်း အော်ပြောရတာပေါ့ ခင်ဗျာ။ ဒါက အရေးကြီးတဲ့ ကိစ္စလေဗျာ။အဓိက တင်ပြတာကတော့ လုံလောက်တဲ့ အချိန်ပေးပါ ဆိုတာပါပဲ။နာယက, က နည်းနည်း တွေသွားတုန်း အခမ်းအနားမှူးက နာယကကို တိုးတိုး သွားပြောသဗျ၊ အခြေအနေ ကတော့ အချိန်တိုးပေးမဲ့ သဘောပါပဲ။အဲဒီအချိန်မှာ ဟိုဘက်က ဦးအောင်ကြည်ညွန့်က လည်း ထပီး တင်ပြသဗျ။ သူပြောတာကောင်းကောင်း မကြားရပါဘူး၊ ဒါပေမဲ့ မှန်းကြည့်ရတာကတော့ ၁၈ ရက်က လုံလောက်တယ်လို့ပဲ ဖြစ်မှာပါ။ဒါနဲ့ ကျနော်လည်း မိုက်မပါဘဲ ” ဦးအောင်ကြည်ညွန့်၊ ခင်ဗျားပြောတာ ကျနော် မကြားရဘူး၊ ကျယ်ကျယ်ပြောပါဆိုပီး ၃/၄ခါလောက်ဝင်ပြောတော့ သူပြောတာ လုံးထွေးသွားရောဗျ။နောက်ဆုံး နာယက ,က ၂ ယောက်လုံး မိုက်မပေးပါဘူး၊ အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုမှ ကျွန်တော်လည်း ထိုင်လိုက်ပါတယ်။ဥက္ကဋ္ဌကတော့ မဆိုးရှာပါဘူး၊ မူလ ၁၈ ရက်အစား ၂၂ ရက်ထိ တိုးပီး ခွင့်ပြုလို့ ထပြောရကြိုးနပ်ပါတယ်။Break ပေးတော့ မီဒီယာတွေနဲ့ ဗျူးလိုက်ပါ
သေးတယ်၊ အချက် ၃၇၅၆ ချက်ကို ၂ ရက်နဲ့စာရင်းပေးခိုင်းတော့ သူတို့လည်း မျက်လုံးလေးတွေ ပြူးလို့ ပေါ့” ဟု ဦးမောင်မြင့် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းနောက် ဆွေးနွေးလိုသည့် အမည်စာရင်းတင်သွင်းရမည့်နောက်ဆုံးရက်ကို ဇူလိုင် ၂၂ ရက်နေ့ သို့ လွှတ်တော်နာယက ပြောင်းလဲပေးခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com