Features Local News political news

ပြည်သူပိုင်ငွေ ၁၀ ဘီလီယံကျော်ဖြင့် ဝယ်ယူထားသော ကျောင်းကားများ ဖျောက်ဖျက်ခံနေရပြီလား

ပြည်သူပိုင်ငွေ ၁၀ ဘီလီယံကျော်ဖြင့် ဝယ်ယူထားသော ကျောင်းကားများ ဖျောက်ဖျက်ခံနေရပြီလား

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝယ်ယူထားသည့် ကျောင်းကား အစီး ၂၀၀ အနက် ရောင်းမကုန် ဖြစ်နေသည့် ကျောင်းကားများကို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပြီး ရောင်းချရန် စီမံချက်ချလုပ်ဆောင်ခဲ့သော်လည်း ယင်းစီမံချက်မှ ရွှေသံလွင် ကုမ္ပဏီစွန့်ခွာသွားပြီးနောက် ကျောင်းကားများကို လူမမြင်ကွယ်ရာ အင်းစိန်မြို့နယ် ရွာမရှိ စွမ်းအင်ဝန်ကြီးဌာနပိုင် ဝင်းတစ်ခုတွင် သွားရောက် ရပ်နားထားကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံတန် ကျောင်းကား အရှုပ်တော်ပုံအစ

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူပိုင်ငွေကျပ် ၅ ဘီလီယံ၊ ကမ္ဘောဇဘဏ်မှ ချေးငွေ ၅ ဒသမ ၅ ဘီလီယံကျပ် စုစုပေါင်း ၁၀ ဒသမ ၅ ဘီလီယံဖြင့် ကျောင်းကား အစီး ၂၀၀ ဝယ်ခဲ့သည်။

မူလက ကျောင်းကားစီးရေ ၂၀၀ စတင်ဝယ်ချိန်က မထသက ရရှိသည့် ငွေကြေး ၅ ဘီလီယံ၊ ရွှေလက်ကုမ္ပဏီက ၅ ဒသမ ၅ ဘီလီယံ ပူးပေါင်းပြီး ကျောင်းကားများ ဝယ်ယူခြင်းဟု အများစုက သိရှိထားခဲ့ကြသော်လည်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ရွှေလက်ကုမ္ပဏီပျောက်သွားပြီး ကမ္ဘောဇဘဏ်က ကျပ်ငွေ ၅ ဒသမ ၅ ဘီလီယံ ချေးငှားဝယ်ယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရကျောင်းကားအစီး ၂၀၀ကို G to G စနစ်ဖြင့် Posco Daewoo ကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီက စွန့်ခွာခြင်း

ရန်ကုန်တိုင်းအစိုးရက ကျောင်းကား အစီး ၂၀၀ ဝယ်ခဲ့ပြီးတဲ့နောက် ကျောင်းကား ၇၅ စီးသာ ၂၀၁၇ ခုနှစ်အတွင်းမှာ လွှဲပြောင်းရောင်းချနိုင်ခဲ့ပြီး ၁၃၅ စီးကို တစ်နှစ်ကျော် ရပ်ထားခဲ့ရသည်။ ယင်းသို့ ရပ်နားထားမှုအပေါ် ၂၀၁၈ ခုနှစ်အတွင်း လွှတ်တော်အမတ်များက လွှတ်တော်အစည်းအဝေးများတွင် ဝိုင်းဝန်း မေးခွန်းထုတ်၍ ကျောင်းကားကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရ အကြီးအကျယ် ဝေဖန်ခံခဲ့ရသည်။

ယင်းနောက် ရန်ကုန်တိုင်းအစိုးရက ရွှေသံလွင်ဥက္ကဋ္ဌ ဦးကျော်ဝင်းကို ကျောင်းကားကိစ္စ အကူအညီတောင်းခံခဲ့ပြီး ရွှေသံလွင်ကုမ္ဗဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျောင်းကား အများပိုင်ကုမ္ပဏီဖွဲ့စည်းရေး အစည်းအဝေးတစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တာမွေ ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်ခဲ့သည်။

ရွှေသံလွင်ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းအစိုးရ၏ ကမ်းလှမ်းမှုအတိုင်း ၁ နှစ်ကျော်ကြာ ရပ်နားထားသည့် ကျာင်းကား ၁၃၅ စီးကို ဝယ်ယူပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောဆိုခဲ့သည်။

သို့ရာတွင် ရွှေသံလွင် ဦးကျော်ဝင်းသည် ကျောင်းကားကိစ္စ အများပိုင် ဖွဲ့စည်းရေးတွင် မပါဝင်တော့ကြောင်း ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ (YRTA) မှ ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ အဖွဲ့ဝင် ဦးသန်းနိုင်ဦးက ရွှေသံလွင်ကုမ္ပဏီ ကျောင်းကားများကို မဝယ်ယူဖြစ်ဟု သိရှိထားကြောင်း ပြောဆိုသည်။

” ရွှေသံလွင် မယူပါဘူး။ ယူမယ်လို့ ပထမကမ်းလှမ်းတာဘာညာမျိုးကြားတယ်” ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

ကျောင်းကားအစီး ၁၀၀ ရောင်းမကုန်၊ အခမဲ့ ပြေးဆွဲမှုများ ပင်လုပ်ပေးနေရ

၂၀၁၈ ခုနှစ်အတွင်းမှာ ကျောင်းကား အစီး ၂၀၀ အနက် ၁၃၅ စီး ကျန်ရှိနေခဲ့ပြီး ၁ နှစ်ကျော် ရပ်နားထားခဲ့ရသည်။ ကျန်ရှိ ကျောင်းကား ၁၃၅ စီးအနက်မှ ၃၅ စီးကို ကျောင်းများသို့ ခွဲတမ်းဖြင့် ချထားပေးခဲ့ပြီး အစီး ၁၀၀ ကျန်ရှိနေသေးသည်။

YRTA မှ ဒေါက်တာမောင်အောင် “အစီးရေ ၁၀၀ ကျန်သေးတယ်။ ကျနော်တို့က တစ်ပိုင်တစ်နိုင်ကျောင်းကားပြေးနေတဲ့သူတွေကိုလည်း ငဲ့တာပေါ့။ ဒီလုပ်ငန်းက ဝန်ကြီးချုပ်ကြီးလည်းပြောသွားတဲ့အတိုင်းပါပဲ။ Social Business ပါ ။ ကျောင်းကားတွေကို မြောက်ဥက္ကလာက မိဘမဲ့ကလေးကျောင်းအတွက်ဆိုရင် အခမဲ့တောင် ပြေးဆွဲပေးနေပါသေးတယ်။ ဒီလုပ်ငန်းက အမြတ်အစွန်းအတွက် မဟုတ်ပါဘူး။ ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူတွေဆိုရင် ကားတွေ ရောင်းပေးပါတယ်။ ဒီနှစ်လည်း မကုန်ပါဘူး။ ကျောင်းကားတွေ ထပ်မှာဖို့တော့ မရှိပါဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော YRTA က ကျောင်းကားတစ်စီးလျှင် ငွေကျပ် သိန်း ၅၆၁ သိန်းဖြင့် ရောင်းချပေးနေကြောင်း ဒေါက်တာမောင်အောင်၏ အဆိုအရ သိရှိရသည်။

ကျောင်းကားများ ရောင်းမကုန်သည့်ကိစ္စ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘာပြောလဲ

YRTA ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းကားများ ကိစ္စ ထည့်သွင်းပြောကြားခဲ့ပြီး ကျောင်းကားများကို မှာယူခဲ့ခြင်းသည် ကျောင်းကားစနစ် ပြောင်းလဲရန် ဟုဆိုသည်။

“ကျောင်းကားနဲ့ပတ်သက်ပြီး ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလုပ်ပေးနိုင်မယ့် ပူးပေါင်းပါဝင်မယ့် အများပိုင်ကုမ္ပဏီတစ်ခုလုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကဏ္ဍနယ်ပယ်ကို YRTA ဝင်လုပ်တယ်ဆိုတဲ့ အလုပ်မျိုး ကျနော်တို့ မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျောင်းကားကို စနစ်ဖြစ်ချင်တာပါ။ ကျောင်းကားစနစ်တစ်ခုကောင်းစေချင်တာ။ အခု ကျနော်တို့မှာ ဖြစ်နေတဲ့ ကျောင်းကားစနစ်က တရားဝင် စီးပွားရေး မဖြစ်ဘူး ဖြစ်နေပါတယ်။ တရားဝင် စီးပွားရေးပုံစံမျိုးနဲ့ ကျောင်းကားပုံစံကို ကျနော်တို့ ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့ ကျောင်းကားစနစ်တစ်ခုဖြစ်စေချင်တဲ့အတွက် ကျနော်တို့ဘက်က ကြိုးစားပါတယ်။ ဒါပေမယ့် အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်ဖို့အတွက်ကတော့ လက်ရှိ အချိန်အထိ စိန်ခေါ်မှုတွေ ရှိနေဆဲပါပဲ။ လက်ရှိ လုပ်နေတဲ့သူတွေကို အခွင့်အလမ်းကို အများကြီးပေးနေပါတယ်” ဟု YRTA ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ကျောင်းကားများ ရောင်းမကုန်ဖြစ်နေသော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကျောင်းကားစနစ်ပြောင်းလဲရေးကို လက်မ လျှော့သေးဟု ပြောဆိုခဲ့သည်။

“ဒီစနစ်ကို ဖြစ်အောင် လုပ်ရပါ့မယ်။ ဒီစနစ်ကို ဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ကလေးငယ် အတွက် သယ်ယူပို့ဆောင်ရေးအတွက် ကျောင်းကားတွေရှေ့မှာ ကားတွေ ဖြတ်သန်းသွားလာရ ခက်တဲ့ ပြဿနာတွေ ဒီလို ကိစ္စရပ်တွေ ပြသနာတွေ ကြုံနေရပါတယ်။ နောက်တစ်ချက်ကတော့ ယာဉ်စည်းကမ်းအနေနဲ့ ကျောင်းတွေ ရှေ့မှာ ယာဉ်တွေ ထပ်ရပ်ထားတာတွေ ဒီလို ပြဿနာတွေ အားလုံး ပေါ်နေတဲ့အတွက် စနစ်ကျတဲ့ ကျောင်းကား စနစ်တစ်ခု ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို အမြတ်အစွန်းမပါဘဲနဲ့ လုပ်ပေးလို့ရနိုင်တဲ့ အဆင့်အထိ ဈေးနှုန်းကို လျှော့ချပြီး ဆောင်ရွက်နိုင်တဲ့အထိ YRTA ကနေ ကားအစီး ၂၀၀ ပေါ်မှာ ဒီလို မူဝါဒ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အနိမ့်ဆုံး ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲဆိုတာကို ကျနော်တို့ တွက်ပါ့မယ်။ ဒါဟာ Social Business ပဲဖြစ်ပါတယ်။ အကျိုးအမြတ်တစ်ခုခု ရပြီး လုပ်မယ့် Business မျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ပုဂ္ဂလိက ကဏ္ဍနဲ့ ဆောင်ရွက်တဲ့ အခြေအနေမှာလည်း ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ကမ္ဘောဇဘဏ် ချေးငွေ ၅ ဒသမ ၅ ဘီလီယံ ပြည်သူပိုင်ငွေဖြင့် ဆပ်နေရသလား

ကျောင်းကား အစီး ၂၀၀ အတွက် ကုန်ကျငွေ ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံတွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံမှာ ကမ္ဘောဇဘဏ်မှ ချေးယူခြင်းဖြစ်သည့်အတွက် အတိုးငွေ ပေးဆပ်ရမည်ဖြစ်ရာ လက်ရှိအခြေအနေတွင် အစိုးရက ပြည်သူပိုင်ငွေဖြင့် အတိုးပေးနေသည့်သဘောရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

“ကျမပြောချင်တာက အခုအခြေအနေမှာက ရွှေသံလွင်ကလည်း မယူတော့ဘူး။ YRTA က လွှဲပြောင်းယူထားတယ်ဆိုရင် အတိုး ငွေက အစိုးရက ဆပ်နေရတာ။ ပြည်သူပိုင်ငွေနဲ့ ဆပ်နေရတဲ့သဘောပဲ။ ငွေချေးထားရင်တော့ အတိုးကတော့ ပေးရမှာပဲလေ။ ဒီကျောင်းကားကိစ္စနဲ့ပတ်သက်ရင် လွှတ်တော်အမတ်တွေ ဘယ်လောက်ပဲ မေးခွန်းထုတ်ထုတ် ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု အဆိုပါ လွှတ်တော်အမတ်က ဆိုသည်။

လွှတ်တော်ဝင်းထဲမှသည် လူသူ အမြင်နည်းသည့် ရွာမ စွမ်းအင်ဝင်းအတွင်းသို့

၂၀၁၈ ခုနှစ် တစ်နှစ်လုံး ရောင်းမကုန်သော ကျောင်းကား ၁၃၅ စီးကို လွှတ်တော်ဝင်းထဲတွင် ရပ်ထားသည့်အတွက် နွယ်ပင်များ ဖုံးလွှမ်းပြီး မီဒီယာများ၊ လမ်းမများပေါ်မှ ဖြတ်သန်းသွားလာသည့် ပြည်သူအများ တွေ့မြင်ခဲ့ကြရသည်။ ယင်းသို့ မြင်တွေ့နေရခြင်းကပင် လွျှွှ်တော်တွင်း မေးခွန်းထုတ်ရသည်အထိ ဖြစ်လာခဲ့သည်။

ယခုအခါတွင် ရောင်းမကုန်သော ကျောင်းကားများကို အင်းစိန်မြို့နယ်၊ ရွာမရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ Retest Factory 2 ဝင်းအတွင်းတွင် ရပ်နားထားသည်။

စွမ်းအင်ဝန်ကြီးဌာနဝင်းသည် လွှတ်တော်ဝင်းထက် လူသူ အမြင်နည်းပါးသည်က အသေအချာပင်။

” အဲဒီဝင်းထဲမှာ ကားအဝါကြီးတွေ မီနီဘတ်စ်တွေ ရပ်ထားတာတော့ လနဲ့ချီနေပြီ။ ကျနော်တို့လည်း ဘာအတွက် ရပ်ထားတာလည်းတော့ သိပ်မသိဘူး။ ကျနော်တို့ထင်တာက စက်ရုံတစ်ခုခုက ပိုင်တဲ့ကားတွေ ရပ်ထားတယ်လို့ပဲ ထင်တာပဲ” ဟု ထန်းခြောက်ပင် မီးပွိုင့်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော်အမတ်ကမူ ” မရောင်းရလို့ဖြစ်မှာပေါ့။ ကျွန်မတို့ကိုပြောတော့ ကားတွေက ဒီနှစ်ကျောင်းတွေကိုပဲ ခွဲတမ်းနဲ့ အထူးသဖြင့် မြို့ပြင်လောက်မှာပေါ့နော်၊ မြောက်ဥက္ကလာတို့ဘာတို့ အဲ့လိုမျိုးနေရာတွေကိုတော့ ခွဲတမ်းတွေနဲ့ရောင်းပစ်တယ်လို့ပြောတယ်။အပြင်ထက်ဈေးအရမ်းကြီးနေတာဖြစ်တဲ့အတွက် ဘယ်သူမှမဝယ်ကြဘူး။ကိုရီးယားကလည်း ဘာပြောလဲဆိုတော့ ၂၀၀၇ မော်ဒယ်ကို ၂၀၁၇ မော်ဒယ်ဆိုပြီး လိမ်ရောင်းတာ။အမှန်တော့လိမ်နေတာ မကုန်သေးဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo by အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com