Local News political news

ပျော်ဘွယ်ကြံ့ခိုင်ရေးအမတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် NLD တရားစွဲဆိုထားမှု သြဂုတ် ၂ ရက်နေ့ စစစ်မည်

ပျော်ဘွယ်ကြံ့ခိုင်ရေးအမတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် NLD တရားစွဲဆိုထားမှု သြဂုတ် ၂ ရက်နေ့ စစစ်မည်

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဌ ဦးညီညီလွင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားသော ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ရေးပါတီမှ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို သြဂုတ်(၂)ရက် နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် တရားရုံးထံမှ သိရှိရသည်။

ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်စိုးကို တရားစွဲဆိုထားသော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အမှု နှင့်ပတ်သက်၍ ပြန်ခေါ်သက်သေ(၃) ဦးအနက် တရားလို ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဌ ဦးညီညီလွင် တစ်ဦးတည်းကိုသာ စစ်ဆေးကာ ကျန်(၂)ဦးကို ပြန်ခေါ်သက်သေစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

“ဒီနေ့မှာတော့ ပြန်ခေါ်သက်သေ(၃)ဦးအနက် ကျွန်တော်စစ်ဆေးပြီး ကျန်တဲ့(၂)ဦး မစစ်တော့ကြောင်းပြောပြီး နောက်တစ်ပတ် သောကြာနေ့ သြဂုတ်(၂)ရက်မှာ တရားစွဲခံရသူ ကြံ့ခိုင်ရေးအမတ် ဦးတင်စိုးကို စပြီး စစ်ဆေးမယ်လို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်” ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။

ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရာစွဲခံထားရသည့် ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်စိုး နေမကောင်းသဖြင့် ရှေ့နေ ဦးစံထွန်းက တရားရုံးသို့ ခွင့်တင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ တရားရုံးစစ်ဆေးမှုတွင် တရားလို ပြန်ခေါ်သက်သေ NLD ပါတီ ဥက္ကဌ ဦးညီညီလွင်ကို နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ကို တောင်းခံခြင်းပြု ခဲ့ပါသလားဟု တရားခံ ရှေ့နေ ဦးစံထွန်းက မေးမြန်းခဲ့ပြီး ဦးညီညီလွင်မှ တောင်းခံခြင်းမပြုခဲ့ကြောင်း တရားခွင်တွင် ပြန်လည် ဖြေကြားခဲ့သည်။

“ပြန်ခေါ်သက်သေ ဦးညီညီလွင်ကို စစ်ပြီးတော့ ကျန်တဲ့(၂)ယောက်ကိုတော့ ပယ်လိုက်တယ်”ဟု တရားစွဲခံရသူ ကြံ့ခိုင်ရေးပါတီ၏ အမတ် ဦးတင်စိုး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးစံထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြည်တည်ကျေးရွာတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ(၂၃)ရက်နေ့ ကျေးရွာဖွံ့ဖြိုးရေးဟောပြောပွဲတွင် ကြံ့ခိုင်ရေးပါတီ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က ဘာသာရေးအကြောင်းပြပြီး ကျေးရွာပြည်သူလူထုအား ထိတ်လန့်အောင်ပြော ဆိုချက်များ နှင့် အစိုးရအား မဟုတ်မမှန်သည့် ကောလဟလများ ဖြန့်ချိကာ အစိုးရအား အကြည်ညိုပျက်စေသည့်စကားများ ပြောဆိုဟောပြောခဲ့ကြောင်း၊ ထို့ကြောင့် ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးညီညီလွင်က ပျော်ဘွယ်မြို့နယ် တရားရုံးသို့ ၂၀၁၈-ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး ၊ အမှုမှာ (၇)လခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) တွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေတန် ရာသည့် အကြောင်းရှိလျှင် ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts