All News Local News

ပူတာအိုတွင် ရေကြီးမှုကြောင့် အပျက်အစီးများပြား၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ

ပူတာအိုတွင် ရေကြီးမှုကြောင့် အပျက်အစီးများပြား၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ

ရန်ကုန်၊ ဇူလိုင် ၂၆

ကချင်ပြည်နယ် ၊ ပူတာအိုခရိုင် ၊ နောင်မွန်မြို့နယ်အတွင်းရှိ ကဆန်ချောင်း နှင့် ရနမ်ချောင်း ဇူလိုင်လ ၈ ရက်နေ့ကတည်းက ရေကြီးရေလျှံမှု ဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လူနေအိမ်များ နှင့် စပါးကျီးများ ရေမြုပ်ပျက်စီးခြင်း ၊ ကျေးရွာချင်းဆက်လမ်းများ ၊ ကြိုးတံတားများ ၊ လယ်ယာမြေများ ပျက်ဆီးသွားခဲ့ကြောင်း ကချင်ပြည်နယ် ၊ နောင်မွန်မြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောသည်။

လက်ရှိတွင် ပူတာအို မှ နောင်မွန်သွားရာ လမ်းသည် မြေပြိုမှုကြောင့် ပျက်စီးနေပြီး ကားကြီးများ သွားလာရန် ခက်ခဲနေကြောင်း ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံကျေးရွာသားများ၏ စပါးနှင့် ကျွဲနွား ဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာကနေ တွက်ချက်ပြီး ပြန်လည်ထူထောင် ရေးလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

“ ဇူလိုင် ၈ ၊ ၉ ရက်လောက် ဒီဘက်မှာ ရေကြီးတာ ၊ မြေပြိုတာ ၊ လမ်းတွေ မြေပြိုတယ် ။ စပါး ၊လယ်တွေ မြုပ်တယ်။ မိုးတွင်းက မကုန်သေးတော့ အခုထိတော့ ပြိုနေတုန်းပဲ ။ ဒါပေမဲ့ ဇူလိုင် ၈ ရက် ၊ ရေကြီးတာက အနှစ် ၅၀ အတွင်း စံချိန်တင် ရေကြီးတယ်လို့ မှတ်တမ်းတွေ အရ သိရတယ်။ လယ်တွေပျက် ၊ စပါးတွေ ပျက် ၊ အိမ်ခွေတိရစ္ဆာန် ဆုံးရှုံးသွားတာကို လက်ရှိ ပြည်နယ်အစိုးရကို စာရင်း ဇယားနဲ့ တကွ ဆုံးရှုံးမှု တန်ဖိုးတွေကို ကွင်းဆင်းပြီး တင်ပြထားတယ်။ လောလောဆယ် လက်တလော လိုအပ်တဲ့ လယ်သမားမိသားစုတွေအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ ပေါင်းပြီး ယာယီအထောက်အပံ့ အနည်းအကျဉ်းလုပ်ထားတယ်။ ဆုံးရှုံးမှု တန်ဖိုးကိုတော့ တွက်ချက်ပြီး ပြည်နယ်အစိုးရကို တင်ထားတယ်။ နစ်နာကြေးကို အစိုးရအဖွဲ့က သူတို့က တွက်ချက်နေတုန်း ရှိသေးတယ် “ ဟု ဦးချန်တန်ခင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း မိုးတွင်းကာလ ရာသီအခြေအနေဆိုးရွားမှုကြောင့် တောင်ကျရေ ကျဆင်းခြင်း နှင့် မြေပြိုကျခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ ယင်းသဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ဆောင်ရန် ပြည်နယ်အစိုးရက ကာကွယ်ရေး နှင့် အရေးပေါ် ရန်ပုံငွေတွေ ထားရှိသင့်ကြောင်း အကြံပြုချက်များ ရှိနေသည်။

“ သဘာဝဘေးက ဖြစ်လာရင်တားမရဘူး။ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အနေနဲ့ မိုးတွင်းမှာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့ ကယ်ဆယ်ရေး ၊ စားနပ်ရိက္ခာ ထောက်ပံ့ အနည်းဆုံး ခရိုင်အဆင့်လောက် မိုးတွင်းမှာ ကြိုတင်ပြင်ဆင်တဲ့ ယန္တရားတစ်ခုတော့ ထားသင့်တယ်။ တောင်ပေါ်တွေမှ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရအောင် နိုင်ငံတော်အနေနဲ့ အရေးပေါ်မြေတွေ ရှင်းလင်းရအောင် အစိုးရရန်ပုံငွေတွေ ထားရှိသင့်တယ် “ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောသည်။

လတ်တလော ရေကြီးမှုကို ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွေ့ကြုံနေရသည်။

ဓာတ်ပုံ- ရေကြီးမှုကြောင့် ပျက်စီးသွားသော ပူတာအို- ဆွမ်ပရာဘွမ်- မြစ်ကြီးနားလမ်းပိုင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com