All News Local News

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ဝန်းရံသူ ၄ဦး အာမခံရ၊ ၁ဦးမှာ ထောင်အတွင်းမှ အမှုရင်ဆိုင်မည်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ဝန်းရံသူ ၄ဦး အာမခံရ၊ ၁ဦးမှာ ထောင်အတွင်းမှ အမှုရင်ဆိုင်မည်

ရန်ကုန်၊ဇူလိုင် ၂၃

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရုံးထုတ် ဝန်းရံခဲ့သူများ ၅ ဦးကို ယနေ့ ဇူလိုင်လ ၂၃ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ရုံးတင်စတင်စစ်ဆေးခဲ့ပြီး ၄ ဦး အာမခံရကာ ၁ ဦးမှာ ထောင်တွင်းမှ အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အာမခံရရှိသူ ၄ဦးသည် တစ်ဦးလျှင် ငွေကျပ်သိန်း ၂ဝဖြင့်အာမခံရခဲ့ပြီး၊ ကျန် ၁ဦးဖြစ်သော ကိုမင်းဟန်ထက်သည် 7 July ချီတက်လမ်းလျောက်ပွဲကြောင့် လက်ရှိချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသဖြင့် ထောင်အတွင်းမှ အမှုဆက်လက်ရင်ဆိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

မေလကုန်ပိုင်းက ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ဒေါင်းမျိုးတို့မျိုးဆက် သံချပ်အဖွဲ့ရုံးထုတ်စဉ် ရဲတပ်ဖွဲ့နှင့် ဝန်းရံသူများကြား ရုန်းယင်းဆန်ခတ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၀န်းရံသူ ၅ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုခြင်းဖြစ်သည်။

“သူတို့ စတင်တရားစွဲတုန်းက ပုဒ်မ၄ခုနဲ့ စွဲတယ်။ အခုတရားရုံးရောက်တော့ ပုဒ်မနှစ်ခုကို တရားရုံးက ဖြုတ်ချလိုက်တယ်ပေါ့။ ပြီးတော့ အမှုလို်က်ပါဆောင်ရွက်မယ့်ရှေ့နေတွေ ပါဝါတင်တယ်ပေါ့”ဟု အဆိုပါအမှုအားလိုက်ပါ ဝန်းရံသူ ကဗျာဆရာကိုဆောင်းခကဆိုသည်။

တရားစွဲဆိုခံထားရသူ ၅ ဦးမှာ မနီလာသိန်း(၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ မရှားယမုံ(ဒေါင်းတို့မျိုးဆက်)၊ ကိုနန်းလင်း (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း)၊ ကိုနိုင်ကိုသူ(ဒေါင်းတို့မျိုးဆက်)၊ ကိုမင်းဟန်ထက်် (ဒဂုံတက္ကသိုလ်ကျောင်းသား) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု စသည့် ပုဒ်မ၂ခုဖြင့်သာ တရားစွဲဆိုမှုကို တရားရုံးက လက်ခံခဲ့ကြောင်း၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် လာမည့် ဇူလိုင်လ ၃ဝရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts