Local News Peace political news

တပ်မတော်၊ ရဲနှင့် တရားရုံးများသည် ပြည်သူများ၏ ယုံကြည်မှု အနည်းဆုံးစာရင်းတွင်ပါဝင်နေ

တပ်မတော်၊ ပါတီ၊ ရဲနှင့် တရားရုံးများသည် ပြည်သူများ၏ယုံကြည်မှု အနည်းဆုံးစာရင်းတွင်ပါဝင်နေဟု PACE အဖွဲ့ပြော

ရန်ကုန်၊ ဇူလိုင် ၁၁

မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်မှုနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူရာတွင် တပ်မတော်၊ တရားရုံးများနှင့် ရဲတပ်ဖွဲ့သည် နောက်ဆုံးအဆင့်တွင်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါစစ်တမ်းကို “၂ဝ၂ဝခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်”ဟုခေါင်းစဉ်ပေးထားကြောင်း PACE အဖွဲ့၏ စီမံကိန်းအစီအစဉ် မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောဆိုသည်။

ပြည်သူလူထု ယုံကြည်မှုစာရင်းတွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတစ်ဝန်းလုံးယုံကြည်မှု ၅၉ ရာခိုင်နှုန်း၊ ပြည်နယ်များယုံကြည်မှု ၃၃ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု ၆၈ရာခိုင်နှုန်း၊ ပြည်ထောင်စုအဆင့်လွှတ်တော်သည် နိုင်ငံတစ်ဝန်းလုံးယုံကြည်မှု ၃၅ရာခိုင်နှုန်း၊ ပြည်နယ်များယုံကြည်မှု ၁၉ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု ၄၁ရာခိုင်နှုန်း ရှိကြောင်း အဆိုပါ စစ်တမ်းအရသိရသည်။

ထို့ပြင် တပ်မတော်သည် နိုင်ငံတစ်ဝန်းလုံးယုံကြည်မှု ၂၂ရာခိုင်နှုန်း၊ ပြည်နယ်များ ယုံကြည်မှု အနုတ် ၁ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု ၃၁ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံတစ်ဝန်းလုံးယုံကြည်မှု ၁၅ရာခိုင်နှုန်း၊ ပြည်နယ်များ ယုံကြည်မှု ၁ဝရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု ၁၇ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးအဆင့်တွင်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းလုံးယုံကြည်မှု ၈ရာခိုင်နှုန်း၊ ပြည်နယ်များ ယုံကြည်မှု အနုတ် ၆ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု ၁၄ရာခိုင်နှုန်း၊ တရားရုံးများသည် နိုင်ငံတစ်ဝန်းလုံး ယုံကြည်မှု အနုတ် ၅ရာခိုင်နှုန်း၊ ပြည်နယ်များယုံကြည်မှု အနုတ် ၆ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများယုံကြည်မှု အနုတ် ၅ရာခိုင်နှုန်း စစ်တမ်းတွင်ဖော်ပြထားသည်။

ထိုစစ်တမ်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး / ပြည်နယ်များမှ မြို့နယ် ၂ဝဝကျော် ကျေးရွာ ၅၁၁ခုမှ ပြည်သူ ၃ထောင်ကျော်ကိုမေးမြန်းခဲ့ပြီး ရရှိလာသော အချက်အလက်များဖြစ်သည်ဟု ကိုဟန်စိုးထွန်း ကဆိုသည်။

“ဒီလူဦးရေက ဒီအဖွဲ့အစည်းတွေကို ဒီလိုမြင်တယ်ဆိုတော့ ဘာကြောင့်လဲဆိုတာကိုတော့ ဆက်လက်သုတေသနလုပ်ဖို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ဆိုတာက သက်ဆိုင်သူတွေ ဆက်လုပ်စေချင်တဲ့အပိုင်းပါတာပေါ့”ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်တမ်းကို ၂ဝ၁၉ ခုနှစ် မတ်လအတွင်းက စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး စစ်တမ်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဇူလိုင်လကုန်တွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကိုဟန်စိုးထွန်းက ပြောသည်။

ယင်းစစ်တမ်းတွင် လူပုဂ္ဂိုလ်၊ အင်စတီကျူးရှင်း၊ ရာထူး/တာဝန်များနှင့် ပတ်သက်ပြီး နိုင်ငံသားများအနေဖြင့် မည်မျှ အတိုင်းအတာထိ ယုံကြည်မှု ရှိသနည်းဆိုသော အချက်အလက်များပါဝင်မည်ဖြစ်ကြောင်း PACE အဖွဲ့ကသိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ၇၄ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများကို စစ်ဆေးနေစဉ်။ Photo Credit – တပ်မတော်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com