All News Local News Peace

တပ်မတော်ယာဉ်တန်းမိုင်းခွဲတိုက်မှုနှင့်ဆက်စပ်၍ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ယောက်ဖအပါအဝင် ၃ ဦးကို ဖမ်းဆီးစစ်ဆေး

တပ်မတော်ယာဉ်တန်းမိုင်းခွဲတိုက်မှုနှင့်ဆက်စပ်၍ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ယောက်ဖအပါအဝင် ၃ ဦးကို ဖမ်းဆီးစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၈

ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ ဓါတ်တော်ကျေးရွာအနီးတွင် မေလ ၁၂ ရက်နေ့ တပ်မတော်မှ စစ်သည်တော်များ သယ်ဆောင်လာသည့် ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာဖွယ် ကျေးရွာသား ၃ ဦး ကို အမ်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်း အနောက်ပိုင်တိုင်း စစ်ဌာနချုပ် ၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

တပ်မတော်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး အခြေစိုက်သော အမ်းမြို့နယ်အနီးတွင် မေလ ၁၂ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က လုံခြုံရေးဆောင်ရွက်နေသည့် စစ်သည်များအား သယ်ယူပို့ဆောင်သည့် တပ်မတော်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသည့်နေရာမှာ အမ်းမြို့နယ် ညောင်ချောင်းကျေးရွာ နှင့် ဓါတ်တော်ကျေးရွာအကြားတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ အမာခံတွေကလည်း သတင်းပို့တယ်။ဒီမိုင်း ခွဲတဲ့ ဖြစ်စဉ်တဲ့အပေါ် ဓါတ်တော်ရွာက ဒီ ၃ ယောက်သည် ပါဝင်ဆက်စပ်နေတယ်ဆိုပြီး သတင်းပေးတယ်။ ပေးတဲ့အတွက် မသင်္ကာမှုနဲ့ ရဲစခန်းမှ ခေါ်ပြီး အမှုဖွင့်မယ်။ အခုလိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်။ သူတို့ မဟုတ်ဘူးဆိုရင် ပြန်လွှတ်ပေးမယ်။ ဟုတ်တယ်ဆိုရင် ဥပဒေကြောင်း အရ အမှုဖွင့်မယ်၊ အရေးယူမယ် ၊ အမှုဖြစ်စဉ်တရားလို ၊ တရားခံ ရှိတယ်။ ကျနော်တု့ိဘက်ကတော့ တရားလိုအနေနဲ့ အမှုဖွင့်မယ် “ ဟု အနောက်ပိုင်တိုင်း စစ်ဌာနချုပ်၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ ဓါတ်တော်ကျေးရွာမှ ရွာသား ၃ ဦးတို့ကို ဇူလိုင် ၆ ရက်နေ့ ၊ နံနက် ၉ နာရီ ခန့်တွင် စစ်တပ်မှ ကား ၂ စီးဖြင့် လာရောက်ခေါ်ဆောင်သွားပြီး အဆိုပါ ခေါ်ဆောင်သွားသူ ၃ ဦးမှာ AA တပ်ဖွဲ့၏ ပြောခွင့် ရသူ ခိုင်သုခ ယောက်ဖဖြစ်သူ ဦးမောင်ဖြူသန်း ၊ ဦးစံအောင်ကျော် နှင့် ပေါက်တောမြို့နယ်မှ ဦးရဲဘော်သူတို့ ဖြစ်ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ လပိုင်းက ကျနော်တို့ အုပ်ချုပ်မှု လုပ်ခဲ့တဲ့ ယာဉ်တန်း မိုင်းဆွဲ ခံရတယ်။ မိုင်းဆွဲ ခံရတော့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရတယ်။ ဒါက ဒီဖြစ်စဉ်မှ မဟုတ်ဘူး။ ကျန်တဲ့ နေရာတွေမှ ဒီလိုဟာ မျိုး ဖြစ်ရင် ဘာကြောင့် ဒီနေရာမှ မိုင်းခွဲတာလဲ ။ မိုင်းခွဲတဲ့လူတွေသည် ဘယ်သူတွေလဲ ။ ဒီရွာနဲ့ ဆက်စပ်တဲ့သူတွေလား ။ ဒါမဟုတ် သီးခြား လာခွဲသလဲဆိုတာ ကျနော်တို့ ပုံမှန် လိုအပ်တဲ့စစ်ဆေးမေးမြန်းမှု နဲ့ စောင့်ကြည်သတင်းရယူတဲ့ အပိုင်းတွေ ကျနော်တို့ အမြဲလုပ်တာ ရှိတယ်။ အခုလည်း အဲ့ဓါတ်တော်ရွာနား မလှမ်းမကမ်း မိနစ်၂၀ ပဲ ဝေးတယ်။ မိုင်းခွဲခံရတဲ့ နေရာက ၊ ဒီရွာက လူတွေနဲ့ဘဲ ဆက်စပ်လိမ့်မယ် ဆိုပြီး ကျနော်တို့က အမြဲထောက်လှမ်းတယ်။ ထောက်လှမ်းတဲ့အပေါ် ကျနော်တို့ အမာခံတွေ အများကြီး ရှိတယ်။ အဲ့အမာခံတွေကနေ မိုင်းခွဲတဲ့ဟာသည် ဒီဓါတ်တော်ရွာ ကနေ ခွဲတာ ။ ဒီလူတွေနဲ့ ဆက်စပ်နိုင်တယ်။ သူတို့ကို နည်းနည်းမေးရင် ဒါနဲ့ ပတ်သက်ပြီး သတင်းရနိုင်တယ်ဆိုပြီး အမာခံက သတင်းပေးတဲ့အတွက် အဲ့တာက တပ်မတော်ကလည်း ဖမ်းတာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ၊ ရဲကနေ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်။ ခေါ်လာပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုလုပ်ဖို့အတွက် ရဲစခန်းမှ အမှုဖွင့်ထားတယ်။ အခု ရဲစခန်းမှာ မေးနေတယ်။ သူတို့ဟုတ်တယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူမယ်။ “ ဟု အနောက်ပိုင်တိုင်း စစ်ဌာနချုပ် ၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

အလားတူပင် ဇွန်လ ၂၂ ရက်နေ့က ၊ စစ်တွေမြို့ ၊ ဆတ်ရိုးကျ ချောင်းဝတွင် ရေတပ်ဆွဲ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရမှု နှင့် ပတ်သက် ပြီး ဖမ်းဆီးစစ်ဆေးခံနေရသူ ၁၀ ဦးတို့ကို ဇူလိုင် ၅ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ဒေသခံ ၃ ဦးကို ပြန်လွှတ်ပေးကာ ကျန် ၇ ဦးကို ရမန် ၂ ပတ်ယူပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မေလ ၄ ရက်နေ့ ရန်ကုန်- စစ်တွေ ကားလမ်းမ ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော တပ်မတော် စစ်ကားတစ်စီး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com