All News Local News

တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးလိုက်ပါမှု အရေးယူရန်ရှိ

တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးလိုက်ပါမှု အရေးယူရန်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၆

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တစ်ဦး လိုက်ပါမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးက ဆုံးဖြတ် အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

မန္တေလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်စဉ် ယင်းအဖွဲ့နှင့်အတူ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူကပါ လိုက်ပါခဲ့ကြောင်း၊ ယင်းသို့ တပ်မတော်နယ်လှည့်ဆေးကုသမှု အဖွဲ့တွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်တစ်ဦး လိုက်ပါမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“ရုံးမှာရောက်ပါပြီး၊ စုံညီကို တင်ပါမယ်၊စုံညီဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်ပုံမှန်အစည်းအဝေးမှာ တင်ပါမယ်၊ ကော်မရှင်အဖွဲ့ဝင်တွေပါတဲ့အစည်းအဝေးပါ၊ ဗုဒ္ဓဟူးနေ့ လုပ်ဖြစ်မယ်၊ဒီဖြစ်စဉ်မှန်ကန်ရင်တော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ မလုပ်သင့်ဘူးပေါ့၊ ဘယ်လိုပုံစံအရေးယူလို့ရလဲဆိုတာကတော့ ပြောလို့မရသေးပါဘူး၊ အဖွဲ့ကိုမတင်ရသေးဘူးလေ၊ အဖွဲ့က ဆုံးဖြတ်မှာပေါ့” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ပျော်ဘွယ်မြို့နယ် တွင်းရွာတွင် ဇွန်လ ၂၆ ရက်နေ့က တပ်မတော်နယ်လှည့်ဆေးကုသမှုအဖွဲ့ လာရောက်ခဲ့ပြီး၊ ရွာသူရွာသားများအား ဆေးကုသမှုမပြုလုပ်မီ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးအောင်ထွန်းဖြူမှ မြို့နယ်ကော်မရှင် အဖွဲ့ဝင်ဖြစ်ကြောင်း မိတ်ဆက်ပြီး အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သဖြင့် ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လိုအပ်သလို အရေးယူပေးရန် မြို့နယ်၊ခရိုင်၊ တိုင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြအစီရင်ခံစာ ပေးပို့တိုင်ကြားခဲ့ ကြောင်း သိရှိရသည်။

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ တွင်းရွာသို့ မလာရောက်မီ မြို့နယ်ကော်မရှင်အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူနှင့် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့သည် ဇွန်လ ၂၀ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ(၅)ဦးခန့် ခေါ်ယူတွေ့ဆုံပြီး တွင်းရွာလိုအပ်ချက်များကို မေးမြန်းခဲ့ကာ ကတ္တရာလမ်းခင်းပေးရန်နှင့် ဆေးကုသမှုပြုလုပ်ပေးရန် တင်ပြခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ၎င်းတို့(၂)ဦးထပ်မံလာရောက်ခဲ့ပြီး ဇွန်လ (၂၆)ရက်နေ့ တွင် တပ်မတော်နယ် လှည့်ဆေးကုသမှုအဖွဲ့ လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ထံ ဆေးကုသမှုခံယူရန်ရောက်ရှိလာသော တွင်းရွာမှ ပြည်သူ(၂၅၀)ခန့်အား ဆေးကုသမှုမလုပ်ခင် အခမ်းအနားမှူးအဖြစ်လုပ်ကိုင်ကာ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးအား မိတ်ဆက်ပေးမှုသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ယောက်၏ ကျင့်ဝတ်များ နှင့် လျော်ညီမှုရှိရဲ့လား မေးခွန်း မေးချင်ပါကြောင်း ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။

“ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဦးအောင်ထွန်းဖြူဟာ ဒီလိုအလုပ်တွေလုပ်တော့ ကျင့်ဝတ်နဲ့လျော်ညီရဲ့လားဆိုတဲ့ မေးခွန်းမေးစရာဖြစ်လာတယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဆိုတာ သီလ သမာဓိ သိက္ခာနဲ့ ပြည့်စုံရမယ်၊ ဘက်မလိုက်တဲ့လူပဲလိုချင်တယ်”ဟု ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။

နယ်လှည့်ဆေးကုသရေး အခမ်းအနားတွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးမှ ကျေးရွာပြည်သူများအား လွှတ်တော်တွင် ဧည့်စာရင်းဥပဒေ ဖျက်သိမ်းခြင်းကို ကန့်ကွက်ခဲ့ကြောင်း၊ ဧည့်စာရင်း ဥပဒေကိုဖျက်သိမ်းသည့်အတွက် အိမ်တစ်အိမ်တွင် တံခါးမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ဖြစ်သွားကြောင်း၊ မုတ်ဆိတ်နှင့်ကုလားများ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နေကြကြောင်း နှင့် ကလေးသူငယ်ဥပဒေအကြောင်းများကို ပြောကြားခဲ့ကြောင်း၊ ဗီဒီယို၊ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးခြင်းများကိုလည်း တားဆီးခဲ့ကြောင်း သိရှိရသည်။

NLD က ရိုက်ကူးထားသော တပ်မတော်နယ်လှည့်ဆေးကုသမှု ခရီးစဉ်တွင် ဗီဒီယိုမှတ်တမ်းနှင့် ဓါတ်ပုံများကို မြို့နယ်၊ခရိုင်၊တိုင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့များထံသို့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ဇူလိုင်လဆန်းပိုင်းက တင်ပြပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts