All News Local News Peace

” တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၄ မှု၊ အစိုးရဘက်က ၃ မှု၊ AA က ၂ မှု၊ ARSA က ၁ မှု ။ NLD အစိုးရအနေနဲ့ တပ်မတော်က ထပ်ကျူးလွန်နိုင်အောင် ထောက်ခံအားပေးသလို ဖြစ်သွားတယ် “

” တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၄ မှု၊ အစိုးရဘက်က ၃ မှု၊ AA က ၂ မှု၊ ARSA က ၁ မှု ။ NLD အစိုးရအနေနဲ့ တပ်မတော်က ထပ်ကျူးလွန်နိုင်အောင် ထောက်ခံအားပေးသလို ဖြစ်သွားတယ် ”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး ( AASYC) အတွင်းရေးမှူးကိုတိန်ဦး နှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု အရေအတွက် မြင့်တက်လျက်ရှိပြီး ယင်းအခြေအနေများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး ( AASYC) အတွင်းရေးမှူးကိုတိန်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ AASYC အဖွဲ့အစည်း၏ လုပ်ဆောင်မှု ၊ လုပ်ငန်းအခြေအနေ ၊ ရပ်တည်ချက် စတာတွေ မိတ်ဆက်ပြောပြပေးပါ။

ဖြေ။ ။ AASYC က မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် စနစ်ပပျောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ရခိုင်တမျိုးသားလုံးကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးတို့အတွက် အနုနည်းဖြင့် တိုက်ပွဲဝင်နေသော လူငယ်အဖွဲ့အစည်းတခုဖြစ်သည်။ အထက်ပါ ဦးတည်ချက်များအား အကောင်အထည်ဖော်နိုင်ရန်အတွက် AASYC အနေဖြင့် ရခိုင်ပြည်တွင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဌာနေတိုင်းရင်းသားများအခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုရရှိရေးနှင့်ပတ်သက်သည့် အသိပညာစွမ်းရည်မြှင့် သင်တန်းများကို ရခိုင်လူငယ်များအကြား ပို့ချပေးလျက်ရှိသည်။

ရခိုင်ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံ စီမံကိန်းများကြောင့် ဒေသခံပြည်သူလူထုများ၏ လူမှုစီးပွါး၊ ထိခိုက်နစ်နာမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလေ့လာစောင့်ကြည့်လျက်ရှိသည်။ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက် Reparation Law တခုပေါ်ပေါက်လာရေးအတွက် ပြည်လည်ကုစားပေးလျော်ရေးအဖွဲ့ (Reparation Working Group)နှင့်ပူးပေါင်းလုပ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အခြေအခံမူများပေါ်ပေါက်ရေးတို့အတွက် ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (Arakan National Policy Coordination Committee – ANPCC) တွင်ပါဝင်ဆောင်ရွက်လျက်ရှိသည်။

AASYC ၏ရပ်တည်ချက်မှာ လူ့အခွင့်အရေးနှင့်ပတ်သက်၍ Zero tolerance ဖြစ်ပါတယ်။ ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအခြားတိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရတို့အနေဖြင့် ပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများအတွက် တာဝန်ခံ၊တာဝန်ယူမှုရှိစေရမည်။ အစိုးရအနေဖြင့် အမှန်တရားနှင့် တရားမျှတမှုကိုဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ ရခိုင်ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးရန်အတွက် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးကော်မရှင်တခု ဖွ့ဲစည်းရန်လိုအပ်သည်။

မေး ။ ။ AASYC က ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများအပေါ် အစီအရင်ခံ ထုတ်ပြန်လိုက်တဲ့ ရည်ရွယ်ချက် အကြောင်းအရာ မိတ်ဆက်ပြောပြပေးပါ။

ဖြေ။ ။ ရှေ့ဦးစွာဖြေကြားလိုတာက အစီရင်ခံစာအ နေနဲ့သီးသန့်ထုတ်ပြန်တာမဟုတ်သေးပါဘူး။ အစီရင်ခံစာ မထုတ်ပြန်မီ ကျနော်တို့တွေ့ရှိချက်တွေကို ပြည်သူတွေ၊မီဒီယာတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေ မြန်မြန်ဆန်ဆန် အချိန်မီ December လ ၂၀၁၈ ခုနှစ်ကနေ မေလ (၂၀၁၉) ထိ (၆) လတာလက်နက်ကိုင်ပဋိပက္ခကာလတွင်း ရခိုင်ပြည်တွင်း ဖြစ်ပွါးခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားများကို ကိန်းဂဏန်းကျကျ၊ ဘယ်လိုမျိုးချိုးဖောက်မှုများ ဘယ်လောက်ရှိခဲ့သလဲဆိုတာကို သိရှိနိူင်အောင် ဖော်ပြ ပေးတာပဲဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ကျနော်တို့ဘက်က အခုဖော်ပြပေးလိုက်တဲ့ အချက်အလက်တွေကို ကျ နော်တို့လို့အခြားအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊နိုင်ငံတကာအင်အားစုတွေ ။ ဒါပေမယ့် အစီရင်ခံစာထုတ်ပြန်ဖို့တော့ရှိပါတယ်။ အချိန်တော့ နည်းနည်းယူရပါအုံးမယ်။

မေး ။ ။ ဒီအစီရင်ခံစာထုတ်ပြန်ဖို့ AASYC အနေနဲ့ ပြင်ဆင်ဖို့ လုပ်ဆောင်မှုအပိုင်းတွေ ရှိရင်ပြောပြပေးပါ။

ဖြေ။ ။ ပြင်ဆင်မှုအ နေနဲ့ပြောရမယ်ဆိုရင်တော့ ဗမာပြည်မှာဖြစ်လာတဲ့ ပြည်တွင်းစစ်ပွဲတစ်လျှောက်၊ ကမ္ဘာမှာဖြစ်ခဲ့ ဖြစ်လျက်ရှိတဲ့ တိုက်ပွဲတွေမှာ အမြဲတမ်းတွေ့နေရတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ နှင့် အရပ်ဘက်ပစ်မှတ်တွေကို ဘေးအန္တရာယ် သက်ရောက်မှုတွေရှိနေတယ်။ ပြည်တွင်းစစ်ကြာလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေ များလာတာတွေကို ကျနော်တို့ဝိုင်းပြီးထောက်ပြဖို့လိုလာတယ်။

အဲဒီအတွက် ကျနော်တို့လုပ်နိူင်တဲ့ဘက်က လုပ်နိူင်တဲ့ နည်းလမ်းကို အသုံးချပြီးတော့ Online ကနေပြီးတော့ သတင်းတွေ စုဆောင်းတယ်။ အထောက်အထားမခိုင်လုံတဲ့ သတင်းတွေကြတော့ လူကိုယ်တိုင် သွားရောက်ပြီးတော့လည်းကောင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီးတော့လည်းကောင်း နည်းမျိုးစုံနဲ့ သတင်းအချက်အလက်စုဆောင်းတာရေ၊ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အလုပ်အဖွဲ့တွေက ခွဲခြမ်းစိတ်ဖြာတာရေ ပြုလုပ်ခဲ့ကြရတာဖြစ်တယ်။

မေး ။ ။ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဒေသခံတွေ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ တပ်မတော် ၊ ရက္ခိုင်တပ်မတော် ၊ အမည်မသိအဖွဲ့အစည်း ၊ ARSA ကျုးလွန်နေကြောင်း လေ့လာဆန်းစစ်ချက်အရ ဘယ်သူတွေက ဘယ်နှစ်မှု ကျူးလွန်တာလဲ ။ ဘာတွေ ကျုးလွန်ပါသလဲ ။ သိသလောက် ခွဲခြားပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့လေ့လာဆန်းစစ်ချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘလ မှ ၂၀၁၉ ခုနှစ်၊ မေလထိ ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း (၁၉၅)မှု ဖြစ်ပွါးခဲ့ပါတယ်။ ကျူးလွန်သူ အနေနဲ့အင်အားစု(၄)ခု ကို တွေ့ရတယ်။ မြန်မာ့ တပ်မတော်၊ အစိုးရ၊ ရက္ခိုင့်တပ်တော်နှင့် ARSA တို့ဖြစ်ပါတယ်။ အဲဒီထဲမှာ အများဆုံးကျူးလွန်တာက မြန်မာ့တပ်မတော် ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့အမှု စုစုပေါင်း ၁၀၄ မှုဖြစ်ပါတယ်။ အစိုးရဘက်က ကျူးလွန်တာ (၃) မှုရှိပါတယ်၊ ရက္ခိုင့်တပ်တော် ဖက်က ကျူးလွန်တာ ၂ မှု၊ ARSA ကကျူးလွန်တာ ၁ မှုဖြစ်ပါတယ် ။

ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးစား (၉) မျိုးနှင့် အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်ခြင်း (Arbitrary/ Illegal Arrest/ Detention ) (၃၂) မှု၊ ၂။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း (Confiscation/ Destruction of Property) (၁၀) မှု ၊ ၃။ အတင်းအဓမ္မစေခိုင်းခြင်း (Forced Labor) (၆) မှု၊ ၄။ အတင်းအဓမ္မရွှေ့ပြောင်းခြင်း (Forced Relocation) (၅၆) မှု၊ ၅။ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လူမဆန်စွာ နာကြင်စေအောင် ပြုမူခြင်း (Torture and Inhuman or degradation treatment) (၄၄) မှု၊ ၆။ သတ်ဖြတ်ခြင်း (Killing) (၃၇) မှု၊ ၇။ လွတ်လပ်စွာသွားလာခွင့်ကိုတားဆီးခြင်း (Obstruction of Freedom of Movement) (၁) မှု၊ ၈။ အစအနပျောက်ဆုံးခြင်း (Disappearance) (၈) မှု၊ ၉။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်း (Obstruction of Freedom of Expression/Freedom of Speech) (၁) မှုတို့ဖြစ်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်အတွင်း အရပ်သား ၇၆ ယောက် သေဆုံးတဲ့အပေါ် ဘယ်လို့အချက်အလက်ရေတွေ ရရှိလဲ။ စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် သေတာလဲ ။ စုံစမ်းတာ ဘာတွေ သိရှိရလဲ ။

ဖြေ။ ။ အရပ်သားသေဆုံးမှုက ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်ကနေ မေလ ၂၀၁၉ ခုနှစ်ထိ AASYC က မှတ်တမ်းပြုစုထားချက်အရ (၇၆) ဦးမဟုတ်ပါဘူး။ (၅၅) ဦးဖြစ်ပါတယ်။ ဇူလိုင်လအထိဆိုရင်တော့ အရပ်သားသေဆုံးမှု (၇၂) ဦးဖြစ်ပါတယ်။ သေဆုံးတဲ့အပိုင်းမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ လက်နက်ကြီးကျည်ဆံကျတာတွေ၊ မိုင်းနှင်းမိတာတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေကို မတော်တဆ တီးခေါက်ကြည့်တာကြောင့် ပေါက်ကွဲပြီးတော့သေတာတွေရှိတယ်။ ပြီးတော့ မြန်မာ့တပ်မတော်ဘက်က ကျွေးရွာများတွင် အရပ်သားတွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးတာတွေ၊ ရဟတ်ယာဉ်သုံးပြီး တိုက်တာတွေ၊ စစ်ကြောရေးလုပ်တဲ့ နေရာတွေမှာ သေတယ်၊ နောက်ပြီးတော့ တရားခံမ ပေါ်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေပေါ့ ။
ဘယ်လိုစုံစမ်းစစ်ဆေးမှုတွေလုပ်တာလဲဆိုတော့ AASYC ကွင်းဆင်းအချက်အလက်ကောက်ခံသူများမှ သေဆုံးသွားတဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေ၊ ရွာသားတွေကို မေးမြန်းတာတွေ၊ သတင်းမီဒီယာမှ တဆင့်ရတဲ့အချက်အလက်တွေကိုအခြေခံပြီး စုစည်းထုတ်ပြန်တာဖြစ်ပါတယ်။

မေး ။ ။ မြေမြှုပ်ဗုံး အန္တရာယ် ၊ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ထိခိုက် အရပ်သား သေဆုံးမှုအခြေအနေ ထုတ်ပြန်တာ တွေ့ရတယ်။ ဒီအပေါ်ကော ဘာတွေ သိရှိလဲ ပြောပြပေးပါ ။

ဖြေ။ ။ မြေမြှုပ်ဗုံး အန္တရာယ်က ရွာအနီးအနားတွေက တောင်တန်းတွေ၊ တောစပ်တွေမှာ မိုင်းထောင်ထားတာတွေရှိတယ်။ အဲ့ဒါက ဘယ်အဖွဲ့အစည်းကထောင်ထားတဲ့မိုင်းတွေလဲဆိုတာကို မသိရဘူး။ ရွာသားတွေက ဟင်းရှာသွားတာဘဲဖြစ်ဖြစ်၊ ထင်းခုတ်၊ ကျွဲကျောင်း၊နွားကျောင်းသွားတဲ့အခါ မိုင်းနင်းပြီးတော့ ဒဏ်ရာရတာတွေရှိတဲ့အပြင်၊ သေဆုံးတာလဲရှိပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်ဆိုတာက ဧပြီလ ပထမအပတ်တွင် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးမှာ မြန်မာ့တပ်မတော်က ရဟတ်ယာဉ်နဲ့ လကြောင်းတိုက်ခိုက်မှုကြောင့် ဘင်္ဂလီဝါးခုတ်သမား ၆ ဦးသေဆုံးတွေလို့ သတင်းတွေမှာဖော်ပြထားပေမယ့် AASYC အနေဖြင့် သေဆုံးသူ (၄) ဦးစာရင်းကိုဘဲအတည်ပြုနိုင်ခဲ့တယ်။

မေး ။ ။ အစီရင်ခံစာအပေါ် မူတည်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူမှု ဆောင်ရွက်လာဖို့ ဘာတွေ လုပ်ဆောင်ဖို့ ရှိလဲ။

ဖြေ။ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ အခုအချိန်မှာ လုံခြုံရေးအရ ဖြေဖို့အဆင်မပြေသေးပါဘူး။ ဒါပေမယ့် နည်းမျိုးစုံဖြင့် လုပ်ဆောင်သွားဖို့တော့ရှိပါတယ်။

မေး ။ ။ လက်ရှိ အရပ်သားတွေ သေဆုံးနေတဲ့ အပေါ် ကာကွယ်ရေးတားဆီးရေး လုပ်ငန်းတွေအပေါ် ဘာတွေ ဆက်လုပ်ဖို့ ရှိနေလဲ။

ဖြေ။ ။ လက်ရှိအရပ်သားတွေ သေဆုံးနေတဲ့အပေါ် ကာကွယ်တားဆီးရေးအတွက် အစိုးရကို တောင်းဆိုသွားဖို့ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်ပေးဖို့အဓိက တာဝန်ရှိတာက အစိုးရဘဲရှိတဲ့အတွက်ကြောင့် အစိုးရကိုပဲအားကိုးရမှာဖြစ်ပါတယ်။ အစိုးရအနေဖြင့် အခုလို့မျိုး အရပ်သားများ မတရားသဖြင့် သေဆုံးခံနေရတာကို ကာကွယ်ပေးနိုင်အောင်အတွက် အစိုးရကို တိုက်တွန်းတောင်းဆိုသွားဖို့ အစီအစဉ်တွေရှိပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရေး ၊ ငြိမ်းချမ်းရေး အလားအလာအပေါ် ဘာများ သုံးသပ်ပြောချင်တာ ရှိလဲ။

ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ် အလားအလာကစိုးရိမ်စရာလို့မြင်ပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်ကတည်းကနေ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရလက်ထဲကိုရောက်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်က တိုးတက်မလာဘဲနဲ့ နောက်ပြန်ဆုတ်လာတာကိုတွေ့ရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းကနေ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အင်အားစုအားလုံးကို တန်းတူရည်တူပါဝင်ခွင့်မပေးဘဲ pre-condition (ကြိုတင်ကန့်သတ်ချက်) တွေအမျိုးမျိုးဖြင့် ကန့်သတ်ထားခဲ့တယ်။

တပ်မတော်ဘက်က သဘောမတူရင် ငြိမ်းချမ်းရေးဖြစ်စဉ် (NCA) စာချုပ်လည်း ဘာတခုမှ့လုပ်လို့မရဘဲ ရှိမတိုးနိုင်တဲ့အခြေအနေကို ရောက်နေတယ်။ ဒီလိုမျိုးလုပ်ထားခြင်းသည် အုပ်ချုပ်သူလူတန်းစားအဆက်ဆက်အနေဖြင့် ပြည်ထောင်စုပြဿနာကိုဖြေရှင်းရာတွင် တပ်မတော်ဘက်မှ မရိုးသားမှု၊ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးနေခြင်းနှင့် ၁၉၄၇ ပင်လုံအခြေခံ ဗိုလ်ချုပ်အောင်ဆန်းကတိကဝတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဆန္ဒမရှိဘူးလို့ သုံးသပ်မိပါတယ်။

လက်ရှိ ၂၁-ရာစုပင်လုံက ၂၀-ရာစုက ရရှိခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်မှ ပြည်တွင်းငြိမ်းချမ်းရေးရနိုင်မှာဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့မဟာ လူမျိုးကြီးဝါဒကိုကျင့်သုံးနေရင် နိုင်ငံအတွင်းပြည်တွင်းစစ်သံသရာထဲ၌ အနိဌာရုံများနှင့် တဝဲလည်လည် ဆက်ရှိနေဦးမယ်။ အုပ်ချုပ်သူလူတန်းစားတွေအနေနဲ့ ဗလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်မျိုးနဲ့တိုင်းပြည်အုပ်ချုပ်မှ တိုင်းပြည်ငြိမ်းချမ်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ရင် တိုင်းပြည်က ရှေ့အလားအလာ ကောင်းမှာမဟုတ်ဘူး။ အုပ်စိုးသူလူတန်းစားတွေ ဆင်ခြင်တုံတရားဖြင့် လူထုနှင့် တိုင်းပြည်၏ မျက်နာကိုမထောက်ဆိုရင်တော့ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးဟောကိန်းထုတ်သလို လာမယ့် ၂၀၅၀ မှာ မြန်မာပြည်ကြီး ပျောက်ကွယ်သွားနိုင်တယ်။

မေး ။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ဖြတ်တောက်မှုတွေအပေါ် ပြည်သူတွေ ထိခိုက်မှု ကြုံတွေ့နေရတဲ့ အပေါ် ဘာများ သုံးသပ်ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ လက်ရှိ ရခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ မြန်မာ့ တပ်မတော်က စစ်ဆင်ရေးလုပ်နေတဲ့နယ်မြေတွေမှာ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်နေတာတွေရှိတယ်။ အဲ့ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းမီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ မသိနိုင်အောင် သူတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များကို ဆက်လက်ကျူးလွန်နိုင်ရန်အတွက် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်တယ်။ ပြည်သူများရွေးကောက်တင်မြောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် ယခုလို တပ်မတော်ဘက်က တောင်းဆိုမှုဖြင့် ပိတ်ထားလိုက်ခြင်းသည် အရပ်သားပြည်သူတွေအပေါ် ဆက်လက်၍ မလိုလားအပ်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်ဖြစ်လာနိုင်အောင်၊ တပ်မတော်မှထပ်ကျူးလွန်နိုင်အောင် ထောက်ခံအားပေးသလို ဖြစ်သွားတယ်။

အကယ်၍ ဒီလိုသတင်းအမှောင်ချထားခြင်း ၊အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အချိန်ကာလတွင် တပ်မတော်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ခဲ့သည်ရှိသော် NLD အစိုးရအနေဖြင့် ၎င်းလူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် မြန်မာ့တပ်မတော်နှင့်အတူ အပြည့်အဝတာဝန်ရှိပြီး တာဝန်ခံရမှာဖြစ်တယ်။

အဲ့ဒါကြောင့် အစိုးရအနေဖြင့် အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသများတွင် အင်တက်နက်လိုင်းများ အမြန်ဆုံးဖွင့်ပေးဖို့လိုတယ်။

မေး ။ ။ ဘာ့များ ဖြည့်စွက်ပြောပြချင်တာ ရှိသေးလဲ။

ဖြေ။ ။ အခုလို မြန်မာ့တပ်မတော်မှ အရပ်သားပြည်သူများအပေါ်လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေကို အစိုးရအနေဖြင့် တစုံတရာအရေးယူဆောင်ရွက်မှု မလုပ်နိုင်ဘူးဆိုရင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် နိုင်ငံသားများအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု ဆိုသည့် ယဉ်ကျေးမှုကိုချိုးဖောက်ရာရောက်တယ်။ လက်ရှိရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအခြားတိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာဖြစ်တယ်။ အတိုချုပ်ဖြင့်ပြောရမယ်ဆိုရင် နိုင်ငံရေးပြဿနာဖြစ်ပါတယ်။

အဲ့ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာအဖြေရှာဖို့အတွက် ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသည့် အစိုးရအပါအဝင် လက်နက်ကိုင်အင်အားစုများကို တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်ပွါးတဲ့ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားပြည်သူတွေထိခိုက်နစ်နာတဲ့ လုပ်ရပ်တွေကိုမလုပ်ဖို့၊ နိုင်ငံတကာ စစ်ဥပဒေနှင့် အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးတွေကိုလေးစား လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts