All News Local News Peace

ညောင်ချောင်းရဲကင်းစခန်းကို AA ဝင်တိုက်၍ ရဲ နှစ်ဦးဒဏ်ရာရပြီး AA အလောင်းများရရှိဟု တပ်မတော်ပြော၊ AA ဘက်က ခြောက်လှန့်ပစ်ခတ်ဟုဆို

ညောင်ချောင်းရဲကင်းစခန်းကို AA ဝင်တိုက်၍ ရဲ နှစ်ဦးဒဏ်ရာရပြီး AA အလောင်းများရရှိဟု တပ်မတော်ပြော၊ AA ဘက်က ခြောက်လှန့်ပစ်ခတ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို ရခိုင်တပ်မတော်AA က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲနှစ်ဦးဒဏ်ရာရရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ညောင်ချောင်း ရဲကင်းစခန်းသည် နယ်စပ်လုံခြုံရေးတွအဓိက ဆောင်ရွက်နေသည့် စခန်းတစ်ခုဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်

“တိုင်းရင်းသားတွေကို အကာအကွယ်ပေးထားတဲ့ ညောင်ချောင်းရဲကင်းစခန်းတွေကို AA တပ်ဖွဲ့တွေက မနက် ၄ နာရီ ၁၅ မိနစ်လောက်မှ လာချတယ်။ မနက် ၅ နာရီ ၄၀ မိနစ် ဝန်းကျင်လောက် အထိ သူတို့ လာပစ်တယ်။ ဝင်လာတဲ့ လမ်းကြောင်းက မေယုမြစ်ကို စက်လှေ ၃ စီးနဲ့ လာတယ်။ လာပြီးတော့ ညောင်ချောင်းနားမှ ကာလီပစ်ဆိုတဲ့ ရွာ နှစ်ရွာကြားထဲမှ မေယုမြစ်ထဲသို့ စီးဝင်သွားတဲ့ ကာလီချောင်းဆိုတာ ရှိတယ်။ ကာလီချောင်းကနေ ဝင်ပြီး ညောင်ချောင်းရဲကင်းစခန်းကို မနက် ၄ နာရီလောက် ဝင်ပစ်တာ။ ဒါပေမဲ့ ကျနော်တို့က လုံခြုံရေး အသင့်လုပ် ၊ ဘာညာပြောထားတဲ့အတွက် အဲ့ရဲစခန်းက ဘာမှ မဖြစ်ဘူး။ ရဲတပ်ဖွဲ့ လုံခြုံရေး ၂ ဦး ဒဏ်ရာ ရတယ်။ ဒါပေမဲ့ AA ဆီက အလောင်းတွေ ၊ လက်နက်တွေ ရတယ်။ အလောင်း ဘယ်လောက်ရလဲ ဆိုတာက အချိန်တန် သတင်းထုတ်ပြန်လိမ့်မယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

AA တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခကမူ ညောင်ချောင်းရဲစခန်းကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ ဒီမနက်မှာ ဘူးသီးတောင်မြို့နယ် ၊ ညောင်ချောင်း စစ်တပ်နှင့် နယ်ခြားစောင့်တပ်တွေ နေတဲ့ စခန်း ၊ အဲ့ဒီမှာ အဓိက ထောက်ပံ့ရေးကို ဘူးသီးတောင် နှင့် ရသေ့တောင်ဘက်ကို လုပ်နေတာ ရှိတယ်။ ဆိုတော့ နောက်ပြီးတော့ အဲ့ဒီစခန်းကနေ ဒေသခံပြည်သူတွေကို မတရားအနှိင်ကျင့်မှု ၊ ခြိမ်းခြောက်မှုတွေ ဒီရက်တွေမှ အများကြီး လုပ်လာတာ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့က အဲ့ဒီစခန်းက တပ်ဖွဲ့ဝင်တွေကို သတိပေး ပစ်ခတ်တဲ့အဆင့် လောက်ပဲ လုပ်တာပါ။ အဲ့ဒီမှာ သွားပြီး သတိပေးပစ်ခတ်တာပါ ။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတာ ဘာမှ မရှိဘူး။ ကျနော်တို့က သွားပြီး သူတို့ကို သတိပေးပစ်ခတ်တဲ့အဆင့်ပါ ။ ပြည်သူ့လူထုကို မတရား အနိုင်ကျင့်တာတွေ ရပ်တန့်သွားဖို့ ကျနော်တို့က သတိပေးပစ်ခတ်တာတွေပဲ လုပ်တာပါ” ဟု ခိုင်သုခက ပြောသည်။

ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ AA အဖွဲ့၏ ပြောဆိုချက် ခြောက်လှန့်ပစ်ခတ်ခြင်းဆိုသည်ကို ပယ်ချလိုက်ပြီး AAက အလစ်အငိုက်ဝင်တိုက်ခြင်းဟုဆိုသည်။

“AA တပ်ဖွဲ့ဝင်တွေက မနက် ၄ နာရီခွဲ အလင်းရောင် ရခါစ ပြန်ဆုတ်ဖို့အတွက် ကာလီရွာကို ဗုံးပစ်လောင်ချာတွေနဲ့ ပစ်ပြီးမှ စက်လှေ နဲ့ ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်သွားတဲ့အတွက် ကာလီရွာမှ ရှိတဲ့ အမျိုးသမီး ဒဏ်ရာ ရသွားတယ်လို့ ကျနော်တို့ သိတယ်။ သူတို့ ဆုတ်ခွာချိန် ရွာထဲကို ဗုံးပစ်လောင်ချာတွေနဲ့ ပစ်ပြီးမှ ဆုတ်သွားတယ်။ အဲ့တာကြောင့်မို့ အဲ့ရွာသား ဒဏ်ရာ ရတာ။ နောက်တစ်ခုကလည်း အဲဒီရဲကင်းစခန်းသည် တိုင်းရင်းသားတွေကို အကာအကွယ်ပေးထားတဲ့ စခန်း ၊ အဲ့နားမှ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ထားတဲ့ စခန်းကို လာချတာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ဒေသခံတိုင်းရင်းသားများကို အကာအကွယ်ပေးနေသည့် ရဲစခန်းကို လာတိုက်ခြင်းဖြစ်ကြောင်း၊ ယခု တိုက်ခိုက်မှုတွင် AA များ အထိနာသွားသည်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ဘာမှ သတိပေးတာ တားတာ မဟုတ်ဘူး။ အဲဒါဆိုရင် ယိုးတရုပ်တုန်းက ဘာလို့ ဝင်ချတာလဲ ။ ဘာမှ ဆက်စပ်မှု မရှိဘူူးလေ။ အဲဒီစခန်းသည် တိုင်းရင်းသားတွေကို အကာအကွယ်ပေးထားတဲ့ စခန်း ၊ ညောင်ချောင်းက ဘာမှ ခြိမ်းခြောက်မှုလည်း မရှိဘူး။ ဘယ်သူကိုမှ မခြိမ်းခြောက်ဘူး။ သူတို့ က တစ်ခုခု လုပ်ချင်ရင် ဒီလိုပဲ ပြောတယ်။ အဲဒါ လုံးဝမဟုတ်ဘူး။ ကျနော်ပြောချင်တာက အဲဒီစခန်းသည် ဒေသခံတိုင်းရင်းသားတွေကို အကာအကွယ်ပေးထားတဲ့ စခန်း ၊ ပြီးရင် တရားဥပဒေစိုးမိုးရေးအတွက် ထားတဲ့ စခန်းကို လာချတာ ။ အဲဒါကြောင့်မို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတဲ့အတွက် AA ဒီတစ်ခါတော့ အများကြီး ခံလိုက်ရတယ်။ ကျသွားတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်များပြတ်တောက်နေချိန် တိုက်ပွဲဖြစ်ပွားမှုများမှာလည်း အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com