All News Local News

စစ်တပ်၏ ပစ်ခတ်ခံရသော ကိုရဲလင်းနိုင် ညမထွက်ရ အမိန့် ချိုးဖောက်ခြင်းနှင့် လက်ပစ်ဗုံး ပါရှိခြင်းကြောင့် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

စစ်တပ်၏ ပစ်ခတ်ခံရသော ကိုရဲလင်းနိုင် ညမထွက်ရ အမိန့် ချိုးဖောက်ခြင်းနှင့် လက်ပစ်ဗုံး ပါရှိခြင်းကြောင့် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရရှိသွားသော Plan International အဖွဲ့မှ ကိုရဲလင်းနိုင်သည် ညမထွက်ရ အမိန့် ချိုးဖောက်ခြင်းနှင့် လက်ပစ်ဗုံးေတွေ့ရှိ၍ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

Plan International နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသည့် ကိုရဲလင်းနိုင်သည် ဇူလိုင်လ ၂၈ ရက်နေ့ ၊ ည ၈ နာရီခန့် မြောက်ဦးမြို့ ၊ ကျောက်ရစ်ကေရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တပ်၏ ပစ်ခတ်ခံမှုကြောင့် ဘယ်ဘက်ရင်အုံတွင် ကျည်ဆံထိမှန်၍ မြောက်ဦးဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှု ခံယူနေရကြောင်း ဦးလေးတော်စပ်သူ ဦးစိန်ထွန်းက ပြောသည်။

“ လူနာက အခုက သက်သာတယ်။ မြောက်ဦးဆေးရုံက အခြေအနေထက် ကောင်းနေပြီ ။ သက်သာနေပြီ ။ လက်ရှိတော့ စစ်တွေဆေးရုံမှာ ။ လူနာက စကားတွေ ဘာတွေ ပြောလို့ရပြီ ။ သတိရနေတယ်။ ဒါပေမယ့် အသက်ရှုတာတော့ နည်းနည်းတော့ကျပ်နေတယ်။ အောက်စီဂျင်ပေးထားရတယ် ၊ အခု အခြေအနေက သိပ်မစိုးရိမ်ရတော့ဘူး ။ ဒီဖြစ်စဉ်အပေါ် ပြောချင်တာက အပြစ်မရှိတဲ့သူတွေက အပစ်ခံရတော့ ရင်ထဲမှာခံစားရတယ် ” ဟု ဒဏ်ရာရရှိခဲ့သူ ကိုရဲလင်းနိုင်၏ ဦးလေး တော်စပ်သူ ဦးစိန်ထွန်း ပြောသည်။

လက်ရှိတွင် ကိုရဲလင်းနိုင်ကို ဆေးရုံတင်ထားသော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး ( REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့ ၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ကိုရဲလင်းနိုင်သည် ညမထွက်ရ အမိန့်ချိုးဖောက်ခြင်းနှင့် ၎င်းထံမှ လက်ပစ်ဗုံး ရမိကြောင်း၊ ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးထားသည့် AA အဖွဲ့ဝင်ရောက်မည့် လူငယ် များကို စစ်ဆေးချက်အရ မြောက်ဦး၊ မြင်းကုန်းတန် ဘုန်းကြီးကျောင်းတစ်ဝိုက်ကို ရှင်းလင်းစဉ် ကိုရဲလင်းနိုင်ကို ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ညမထွက်ရ အမိန့် ကျနော်တို့ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။ မြောက်ဘက် ကနေ ဆိုင်ကယ်တစ်စီး မီးထိုးပြီး မောင်းလာတယ်။ ကျနော်တို့ အော်ဟစ်သတိပေးတယ်။ ရပ်တန့်မှု မရှိဘဲ ထွက်ပြေးတဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ပစ်ခတ်ဖမ်းဆီးတဲ့အခါ ဒဏ်ရာနဲ့ ဖမ်းဆီးရမိတယ်။ သူ့ဆီကနေ လက်ပစ်ဗုံး ၁ ဗုံး ၊ Laptop ကွန်ပျူတာ ၁ လုံး ၊ စီးနင်းလာတဲ့ ဆိုင်ကယ် ရတာ ရှိပါတယ်။ သူ့ ကို အဲဒီညမှာပဲ မြောက်ဦးရဲစခန်းကို လွှဲပေးပါတယ်။ မနေ့ညက မြောက်ဦးပြည်သူ့ဆေးရုံကို တင်ထားတာ ရှိပါတယ်။ ကျနော်တို့ လုပ်ခဲ့တာ ၂ ကြောင်း ရှိတယ်။ နံပါတ် ၁ က ဇူလိုင် ၂၇ ရက်နေ့ သတင်းထုတ်ပြန်ပြီး ဖမ်းမိခဲ့တဲ့ လူ ၈ ဦးရဲ့ ထွက်ဆိုချက်အရ အဲဒီနေရာကို သွားရှင်းတာ ဖြစ်ပါတယ်။ သွားပြီးတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်တဲ့အခါမှာ ညမထွက်ရ အမိန့် လည်း ရှိတယ်။ အဲ့မှာ လက်ပစ်ဗုံး မိတာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အမှုဖွင့်ဆောင်ရွက်နေတာ ရှိပါတယ်။ နံပါတ်- ၁ က ကျနော်တို့ တားဆီးခဲ့ပါတယ်။ အော်ဟစ် သတိပေးတယ်။ ရပ်ဖို့ တားဆီးတယ်။ မောင်းပြီး ထွက်ပြေးတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

ကိုရဲလင်းနိုင်ထံမှ လက်ပစ်ဗုံး သိမ်းဆည်းမိဟု တပ်မတော်က ပြောဆိုသော သတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က မိသားစုနှင့် ကိုရဲလင်းနိုင်ထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- ကိုရဲလင်းနိုင်ကို ဆေးရုံပို့ဆောင်စဉ်။ Photo Credit – သန်းဌေး ဖေ့ဘုတ်စ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com