All News interview Local News

စင်ကာပူက နှင်ထုတ်ခံရပြီး အမြန်လမ်းတွင် ဖမ်းဆီးခံရသည့် ကိုတင်လှိုင်ဦး သတင်း အစအန ပျောက်ဆုံးနေသဖြင့် မိသားစုစိတ်ပူ

စင်ကာပူက နှင်ထုတ်ခံရပြီး အမြန်လမ်းတွင် ဖမ်းဆီးခံရသည့် ကိုတင်လှိုင်ဦး သတင်း အစအန ပျောက်ဆုံးနေသဖြင့် မိသားစုစိတ်ပူ

ရန်ကုန်၊ ဇူလိုင် ၁၈

စင်ကာပူအစိုးရက ရခိုင်အသင်းစင်ကာပူမှ ရခိုင်လူငယ်များကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံ ပြန်ပို့ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူငယ်များကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ယင်းတို့ထဲတွင် အမြန်လမ်းတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့ ၂ ဦးလည်း အပါအဝင်ဖြစ်ပြီး ယခုအချိန်အထိ မည်သည့်နေရာတွင် ရှိနေသနည်းဆိုသော သတင်းအစအန ပျောက်ဆုံးလျက်ရှိသည်။ ကိုတင်လှိုင်ဦး၏ ဖခင်ဖြစ်သူ ဦးထွန်းတင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ကိုတင်လှိုင်ဦးက စင်ကာပူနိုင်ငံမှာ ဘာတွေ လုပ်ကိုင်ခဲ့လဲ။ ဘယ်လောက်ကြာလဲ စင်ကာပူမှာ။

ဖြေ။ ။ သူက စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတယ် ။ အင်ဂျင်နီယာတစ်ယောက်ပါ ။ အဲ့ဒီမှာ အလုပ်လုပ်တာ ၁၀ နှစ်လောက် ရှိပါပြီ။

မေး ။ ။ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံ ပြန်လာပြီးတဲ့နောက် အဖမ်းခံထားရတဲ့ ကိုတင်လှိုင်ဦး သတင်း မစုံစမ်းဘူးလား။

ဖြေ။ ။ ကျနော်တို့ သား အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အောင်သပြေစစ်ကြောရေးစခန်းကို သွားမေးပါတယ်။ မေးတော့ ဒီမှာ မရှိဘူးလို့ ကျနော်တို့ကို ပြောပါတယ်။ လက်ရှိတော့ ကျနော်သားနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘူး ဖြစ်နေတယ် ၊ ကျနော်တို့လည်း အတော်လည်း စိတ်ပူနေရတယ်။

မေး ။ ။ လက်ရှိမှာ ကိုတင်လှိုင်ဦးတို့ကို AA တပ်ဖွဲ့ နှင့် ပတ်သက်တယ်ဆိုပြီး စွပ်စွဲနေတာတွေ ကြားရတယ်။ သူတို့က AA တပ်ဖွဲ့ နဲ့ ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးနေတာ ရှိလား ။

ဖြေ။ ။ ကျနော်တို့ကတော့ သူတို့ နဲ့ ပတ်သက်မှု မရှိဘူးလို့ ထင်ပါတယ်။ သူတို့အဖွဲ့က လူမှုရေးအဖွဲ့အစည်းပါ ။ ကျနော်တို့ သာရေးနာရေးတို့ ၊ ရခိုင်ပြည်မှာ ရေဘေး ၊ သက်ကြီးပူဇော်ပွဲ ၊ ကျနော်က ပညာရေးဌာနက အငြိမ်းစားတစ်ယောက်ဖြစ်တော့ ပညာရေးအငြိမ်းစားပူဇော်ပွဲတွေမှာ သူတို့က ကူညီပေးဖြစ်ပါတယ်။ စာကြည့်တိုက် တွေမှ သူတို့က အလှူငွေ တွေ ထည့်ပါတယ်။ သူတို့က ပရဟိတလုပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

မေး ။ ။ AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ညီ အောင်မြတ်ကျော် နှင့် ကိုတင်လှိုင်ဦးတို့ ပတ်သက်မှုရှိနိုင်တယ်လို့ ကြားသိရတယ်။ အဲ့ဒီအပေါ်ကော ဘာများ သိရတာ ရှိလဲ။

ဖြေ။ ။ အဲဒါက သူတို့က စင်ကာပူနိုင်ငံမှာ အတူနေတော့ ရခိုင်အချင်းချင်းဖြစ်တော့ သိတာတော့ ရှိမှာပါ။ မသိဘဲ ဘယ်နေမှာလဲ။ အချင်းချင်းတော့ သိကြမှာပါ ။ စင်ကာပူမှာ အတူတူအလုပ်လုပ်ကြတော့ ရခိုင်အချင်းချင်းဆိုတော့ တွေ့ကြမှာပဲ။ တခြားပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ ယူဆပါတယ်။

မေး။ ။ စင်ကာပူအစိုးရ မြန်မာနိုင်ငံသားတွေကို ပြည်နှင် ပေး သလို ကိုယ်နိုင်ငံကို ပြန်ခိုင်းတဲ့ အပေါ် ဘာများ ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ ကျနော်တို့ သိရတော့ စင်ကာပူ လဝက ကနေ သူတို့ကို ခေါ်ပြီး စစ်တယ်လို့ ပြောသံကြားရတယ်။ သူတို့ပြောသံပေါ့။ အဲလိုစစ်တော့ သူတို့မှာ အပြစ်မရှိဘူး ၊ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ ။ ဇူလိုင် ၁၁ ရက်ကျတော့ မြန်မာနိုင်ငံကို ပြန်လွှတ်လိုက်တယ်။ ဒီကိုရောက်တော့ ကျနော်ဆီက ဖုန်းဆက်ပါတယ်။ ကျနော် ရန်ကုန်ရောက်နေပြီလို ဖုန်းဆက်ပြောတယ်။ လေဆိပ်မှာလည်း သူတို့ကို ဘာမှ မဖမ်းပါဘူး။ နောက်ပြီးတော့ သူတို့ ခရီးသွားတဲ့အခါ ၂၀၁ မိုင် အဲ့ဒီမှာ အဖမ်းခံရတယ်လို့ ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးနောက်ပိုင်း ဘာမှ ကျနော်နဲ့ အဆက်အသွယ်ဘာမှ မရတော့ဘူး။ သူဖုန်းကို ကျနော်ပြန်ဆက်တယ်။ သူဖုန်းက ဝင်တော့ဝင်တယ်။ ဖုန်းက ကိုင်မယ့်သူ မရှိဘူး ဖြစ်နေတယ်။

မေး။ ။ ကိုတင်လှိုင်ဦး နှင့် မအေးမြတ်မွန် အဖမ်းခံရတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စာနဲ့ အကြောင်းကြား ဆက်သွယ်ပြီး ပြောဆိုထားတဲ့ အခြေအနေကော ဘာများ ထူးလဲ။

ဖြေ။ ။ အဲဒါက သူတို့တွေ ဘယ်မှာ ရှိလဲ။ အမေအဖေက အတော်လေး စိတ်ပူရတာနဲ့ ပတ်သက်ပြီး တင်ပြထားတာ။ ကျနော်တို့ဆီကတော့ ဘာမှ အဆက်အသွယ်မပြောသေးပါဘူး။

မေး ။ ။ ကိုတင်လှိုင်ဦးကော ဒီကြားထဲ မြန်မာနိုင်ငံကို အလည်အပတ်ပြန်လာတာ ရှိသေးလား။

ဖြေ။ ။ ရှိပါတယ်။ သူက ခဏခဏပြန်လာပါတယ်။ သူမိန်းမကလည်း စစ်တွေမှာ ရှိတော့ သူမိန်းမတော့ ပြန်လာပါတယ်။ ကျနော်တို့ဆီတော့ သိပ်မလာဘူး။ ကလေးလည်း ရှိပါတယ်။ ကလေး က ၃ နှစ် အရွယ်ယောင်္ကျားလေးပါ။ ကျနော်တို့က အခု သူမိန်းမနဲ့ အဆက်အသွယ်ရှိပါတယ်။ သူမိန်းမလည်း အတော်လေး စိတ်ပူနေပါတယ်။ သူယောင်္ကျားဘယ်မှာ ရှိမှန်းလည်း မသိဘူး။ ရှိရင် ရှိတာပေါ့ ၊ ဘယ်နေရာမှာ ရှိတယ်ပေါ့ ၊ အတိအကျ သူကလည်း သိချင်တယ်။ ကျနော်တို့ မိဘတွေကလည်း သိချင်နေတယ်။ အခုအချိန်ထိတော့ ဘာမှ အဆက်အသွယ်မရသေးဘူး။

မေး ။ ။အခုလို သားဖြစ်သူ အဖမ်းခံရတဲ့အပေါ် တခြားဘာများ ပြောပြချင်တာ ရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ ကျနော်သား ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ သိချင်ပါတယ်။ အာဏာပိုင်များအနေနဲ့ သိရှိရင် စုံစမ်းစစ်ဆေးပြီးတော့ တရားဥပဒေလမ်းကြောင်း ပေါ်မှာ လုပ်ဆောင်ပြီး မိသားစုဆီ အမြန်ဆုံး အကြောင်းကြားစေချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts