All News interview Peace

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ၄ ဖွဲ့ လာဆွေးနွေးပါဆိုတော့ AA က ကန့်လန့် တိုက်နေတာ”

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ၄ ဖွဲ့ လာဆွေးနွေးပါဆိုတော့ AA က ကန့်လန့် တိုက်နေတာ”

By ရန်ကုန်ခေတ်သစ်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်ဆက်သွယ် မေးမြန်းချက်

လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရခိုင်တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့က ကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်တော့ အကျအဆုံးနဲ့ပတ်သက်ပြီး AA ဘက်က သတင်းထုတ်ပြန်တာရှိတယ်။ တပ်မတော်သား ၅၀ နီးပါး ကျဆုံးတယ်ဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ အဲဒါနဲ့ပတ်သက်လို့ သိချင်လို့ပါ။

ဖြေ။ ။ မနေ့က ကျောက်တော်မြို့ရဲ့ အရှေ့ဘက်မှာ ဖြစ်တာရှိပါတယ်။ အဓိကကတော့ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်။ အနည်းငယ်ရှိတယ်။ ထိခိုက်ဒဏ်ရာရ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိတာ ရှိတယ်။ သူတို့ပြောသလိုတော့ မဟုတ်ပါဘူး။ အဲဒီကနေ ဟိုဘက်ကတော့ နင်းမိုင်းတွေ ဖမ်းဆီးရမိတာရှိပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ နင်းမိုင်းတွေ ဖမ်းဆီးရမိတာရှိတယ်။ ဟိုဘက်က ထိခိုက်ကျဆုံးတော့ ကျနော်တို့လည်း မသိပါဘူး။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု ၁ ဦး ရှိပါတယ်။

မေး။ ။ အဲဒါဆိုရင် ဘာကြောင့် သူတို့ဘက်က ဘာကြောင့် တပ်မတော်ဘက်က ဒီလောက်ကျဆုံးတယ်ဆိုပြီး သတင်းတွေ ထုတ်ပြန်နေတာလဲ။ တကယ်တန်းမဟုတ်ဘူးဆိုရင်လေ။

ဖြေ။ ။ အဓိကကတော့ ဒီကိစ္စတွေက ဝါဒဖြန့်ချိရေး သက်သက်ပေါ့။ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ သူတို့ ထိခိုက်ကျဆုံးမှုကိုလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။ ကျနော်တို့ ထိခိုက်ကျဆုံးမှုကိုလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။ ဒီဟာတွေက ကျနော်တို့က ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ကတော့ သောင်းကျန်းမှု နှိမ်နင်းရေး ဆောင်ရွက်လျက်ရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း တံခါးဖွင့်ပေးထားတာရှိတယ်။ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အကျိုးပြုစရာအကြောင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ သတင်းမထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ထိခိုက် အကျအဆုံးတွေနဲ့ပတ်သက်ပြီး သူတို့ပြောသလိုမဟုတ်ပါဘူး။ ကျနော်တို့လည်း တွေ့ပါတယ်။ တိုက်ပွဲဖြစ်တိုင်းဖြစ်တိုင်းမှာ လက်နက်တွေ တင်ပြလိုက်၊ ရရှိတယ်ဆိုတဲ့ လက်နက်တွေ တင်ပြလိုက် ၊ လက်နက်ပုံတွေ တင်ပြလိုက်။ အဲဒီပုံတွေလည်းမဟုတ်ပါဘူး။ ပုံတွေနဲ့ပတ်သက်ပြီး သေချာကြည့်ရင် သိနိုင်ပါတယ်။ အရင်က ပုံအဟောင်းတွေကိုပဲ အမျိုးမျိုး Photoshop လုပ်ပြီး တင်နေတာရှိတယ်။ ဒါတော့လည်း ကျနော်တို့ဘက်က မထုတ်ပြန်တာက အဲဒါပေါ့။ ဟိုဘက်ကတော့ ဝါဒဖြန့်ချိရေး သက်သက်လုပ်တာရှိပါတယ်။ နောက်ပြီးတော့ကျ သူတို့ရဲ့ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုတွေကိုလည်း ဖာထေးချင်တဲ့ သဘောမျိုးလည်းဖြစ်မှာပေါ့။ သူတို့ အယူအဆကိုတော့ ကျနော်တို့ ပြောလို့မရပါဘူး။

မေး။ ။ တရုတ်ရဲ့ OBOR အပါအဝင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုပါတယ်ဆိုပြီး ကြေညာချက်ထုတ်လိုက်တာလည်း တေ့ွပါတယ်။ AAကနေ။ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်လို့ AA ဘက်က ဘာကြောင့် ထုတ်ပြန်တယ်ထင်လဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီအမြင်ကတော့ ရခိုင်ပြည်နယ် အစိုးရကို မေးရင် ပိုပြီး အဆင်ပြေမယ်ထင်တယ်။ ဒီလိုမျိုးဆောင်ရွက်တာက အစိုးရ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာပဲဖြစ်တယ်။ ပြီးရင်တော့ ရခိုင်ပြည်နယ်နဲ့ပတ်သက်လာတော့ကျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျနေ်ာတို့ ပြောပြီးသားပဲ။ NRPC အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်။ လွန်ခဲ့တဲ့ ပစ်ခတ်မှု ရပ်စဲရေး မတိုင်ခင် ကာလကတည်းက ဆောင်ရွက်နေတာရှိတယ်။ သို့သော် အဲဒီမှာလည်း ကန့်လန့်ခံနေတာက AA ပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ပဲ ကန့်လန့်ခံနေတာ။ ပြီးရင်တော့ တိုက်ပွဲ တွေ ဆင်နွှဲနေလို့ ငြိမ်းချမ်းရေး တပ်မတော်က မလိုလားတဲ့ ပုံစံပြောနေတာလည်း တွေ့တယ်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ၄ ဖွဲ့ လာဆွေးနွေးပါဆိုတော့ AA က ကန့်လန့် တိုက်နေတာရှိတယ်။ နောက်ပိုင်းတော့ အမှုဖွင့်ထားလို့ ဘာတို့ပြောတာပေါ့။ အဲဒါ မတိုင်ခင်ကတည်းကသူတို့အနေနဲ့ ကန့်လန့်တိုက်နေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပါးစပ်က ပြောတာက တစ်မျိုး လက်တွေ့ လုပ်တာက ပုံစံတစ်မျိုးဖြစ်နေတယ်။

မေး။ ။ AA ဘက်က ပြောနေတာက သူတို့ခေါင်းဆောင်တွေကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ထားတယ်။ လာလို့ရှိရင် အဖမ်းခံရမလားပေါ့ ပြောနေတာရှိတယ်။ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကလည်း ငြိမ်းချမ်းရေးကို ထိခိုက်မယ်ပြောနေတာလည်းရှိတယ်ဆိုတော့…

ဖြေ။ ။ ကျနော်ပြောချင်တာက အရင်ကတည်းက အတိုင်း ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး အမှုဖွင့်ရခြင်း မဖွင့်ရခြင်းအကြောင်းကို အရင်ပြောချင်တယ်။ အမှုဖွင့်ရခြင်း မဖွင့်ရခြင်းက တရားရုံးမှာပဲဖြစ်ဖြစ်၊ စစ်ကြောရေးမှာပဲဖြစ်ဖြစ် စစ်ဆေးလိုက်တဲ့အခါ ပတ်သက်တဲ့ ပတ်သက်တဲ့သူတွေ ပေါ်ပေါက်လာရင် ဒါနဲ့ပတ်သက်လို့ အမှုသွား အမှုလာအရတော့ အမှုဖွင့်ရမှာပဲ။ ဖမ်းဆီးခြင်း မဖမ်းဆီးခြင်းကိစ္စကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်တွေ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ကျနော်ပြောချင်တာက အဲဒီကိစ္စတွေမတိုင်ခင်ကတည်းက ပြည်တွင်းမှာ လုပ်ဖို့ဟာတွေနဲ့ စောဒက တက်နေတာက AA အဖွဲ့ပဲဖြစ်ပါတယ်။

မေး။ ။ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းရေးအဖွဲ့ ဖွဲ့ထားတာ အဲဒါက နောက်ဆုံး အခြေအနေ သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ စစ်ဆေးနေဆဲပဲရှိပါတယ်။ ကျနော်ပြောသလိုပဲ သူကတော့ သက်သေတွေ စစ်ဆေးရမှာပေါ့။ ထုတ်ပြန်နိုင်တဲ့ အခြေအနေကျရင် ထုတ်ပြန်မယ်။ မထုတ်ပြန်နိုင်ရင်လည်း ပြောနိုင်သလောက် ပြောမှာပေါ့။

မေး။ ။ လွှတ်တော်အစည်းအဝေးအပြီးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်တွေ များလွန်းလို့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ ပြောသွားတယ်။ ဒီအပေါ်မှာလည်း အာဏာသိမ်းဖို့ ခြိမ်းခြောက်တာလားဆိုပြီး ဝေဖန်မှု တွေကလည်း ရှိနေပါတယ်။ အာဏာသိမ်းဖို့ ခြိမ်းခြောက်တာလားဆိုတဲ့ ဝေဖန်မှုတွေအပေါ် ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီးတော့ကျ အာဏာသိမ်းရေး၊ မသိမ်းရေး ကိစ္စကတော့ ဘာမှ မပြောလိုဘူး။ မပြောလိုဘူးဆိုတာက ဒါနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက တပ်မတော်အကြီးအကဲတွေလည်း ပြောခဲ့ပြီးသားဖြစ်တော့ မပြောလိုဘူး။ ဘာမှ ထပ်မပြောလိုဘူး။ လွှတ်တော်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ကတော့ ပြင်ဆင်ရေးလုပ်ငန်းတွေက လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။ လွှတ်တော်တွင်းမှာ ဆွေးနွေးမှုတွေကိုပဲ ဆက်လက်စောင့်ကြည့်ပါလို့ ပြောချင်ပါတယ်။

မေး။ ။ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့စကားကို ထပ်ဆင့်ပြီး မှတ်ချက်မပေးချင်ဘူးပေါ့…။

ဖြေ။ ။ ထပ်ဆင့်ပြီး ပြောစရာမရှိပါဘူး။ တစ်ခါတည်း ကျနော်ဖြေပြီးသားပါ။ အန္တရာယ်ရှိတာ မရှိတာနဲ့ပတ်သက်ပြီး ကျနော်တို့ဆီက သဘောထား ဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်ရေး လုံခြုံရေး တည်ငြိမ်ရေး လိုအပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ အဲဒီလို အချိန်အခါမျိုးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အပြင်ဘက်မှာက ထောက်ခံတဲ့သူတွေ ရှိသလို တချို့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ဒါ ကန့်ကွက်နေတဲ့သူတွေလည်းရှိတာပဲ။ ဆန္ဒပြနေတဲ့သူတွေလည်းရှိတာပဲ။ ဒါတွေက သတိထားစရာကောင်းပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts