All News Local News Peace

ကျောက်တော် တိုက်ပွဲတွင် တပ်မတော်သား ၅၀ နီးပါး ကျဆုံးဟု AA သတင်းထုတ်ပြန်မှု တပ်မတော်ငြင်းဆို

ကျောက်တော် တိုက်ပွဲတွင် တပ်မတော်သား ၅၀ နီးပါး ကျဆုံးဟု AA သတင်းထုတ်ပြန်မှု တပ်မတော်ငြင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ရခိုင်တပ်မတော် AA နှင့် တပ်မတော်အကြား တိုက်ပွဲတွင် တပ်မတော်သား ၅၀ နီးပါး ကျဆုံးကြောင်း AA က သတင်းထုတ်ပြန်မှုအပေါ် တပ်မတော်က ငြင်းဆိုလိုက်ပြီး စစ်သည်တစ်ဦးသာ ဒဏ်ရာရရှိကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၄) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား၊ အရှေ့မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေး(သို့မဟုတ်)“သစ်တပုံဆည်”တောင်ဖက်(၁)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌ တပ်မတော်၏အင်အား ၂၃၀ ကျော်ပါစစ်ကြောင်းတစ်ခုအားရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှလျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သား ၅၀ နီးပါးသေဆုံး(မျက်မြင်)ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိကြောင်း အလောင်းများကို ကား(၆) စီးဖြင့်သယ်ဆောင်နေကြောင်း တွေ့မြင်ရကြောင်း သတင်းထုတ်ပြန်သည်။

ယင်းသတင်းထုတ်ပြန်မှုသည် ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ကြောင်း ၊ တိုက်ပွဲတွင် စစ်သည်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“မနေ့က ကျောက်တော်မြို့ရဲ့ အရှေ့ဘက်မှာ ဖြစ်တာရှိပါတယ်။ အဓိကကတော့ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်။ အနည်းငယ်ရှိတယ်။ ထိခိုက်ဒဏ်ရာရ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိတာ ရှိတယ်။ သူတို့ပြောသလိုတော့ မဟုတ်ပါဘူး။ အဲဒီကနေ ဟိုဘက်ကတော့ နင်းမိုင်းတွေ ဖမ်းဆီးရမိတာရှိပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ နင်းမိုင်းတွေ ဖမ်းဆီးရမိတာရှိတယ်။ ဟိုဘက်က ထိခိုက်ကျဆုံးတော့ ကျနော်တို့လည်း မသိပါဘူး။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု ၁ ဦး ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

AAဘက်က သတင်းနှင့်ဓာတ်ပုံများ ထုတ်ပြန်ရာတွင် ဝါဒဖြန့်ချိရေးအပြင် AA၏ ထိခိုက်ကျဆုံးမှု သတင်းများကို ဖုံးဖိချင်သဖြင့် ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်တိုင်းဖြစ်တိုင်းမှာ လက်နက်တွေ တင်ပြလိုက်၊ ရရှိတယ်ဆိုတဲ့ လက်နက်တွေ တင်ပြလိုက် ၊ လက်နက်ပုံတွေ တင်ပြလိုက်။ အဲဒီပုံတွေလည်းမဟုတ်ပါဘူး။ ပုံတွေနဲ့ပတ်သက်ပြီး သေချာကြည့်ရင် သိနိုင်ပါတယ်။ အရင်က ပုံအဟောင်းတွေကိုပဲ အမျိုးမျိုး Photoshop လုပ်ပြီး တင်နေတာရှိတယ်။ ဒါတော့လည်း ကျနော်တို့ဘက်က မထုတ်ပြန်တာက အဲဒါပေါ့။ ဟိုဘက်ကတော့ ဝါဒဖြန့်ချိရေး သက်သက်လုပ်တာရှိပါတယ်။ နောက်ပြီးတော့ကျ သူတို့ရဲ့ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုတွေကိုလည်း ဖာထေးချင်တဲ့ သဘောမျိုးလည်းဖြစ်မှာပေါ့။ သူတို့ အယူအဆကိုတော့ ကျနော်တို့ ပြောလို့မရပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- AA အဖွဲ့မှ စစ်သားတချို့ကို တွေ့ရစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com