All News Local News Peace

ကိုဇော်ဝင်းလှိုင် ကွယ်လွန်မှု နှိပ်စက်မှုကြောင့် ဟုတ်၊ မဟုတ် မသိသေး၍ တပ်မတော်ကို အပြစ်မပြောလို၊ သေဆုံးမှုဖြစ်စဉ် စုံစမ်းရန် မရှိဟု လူ့အခွင့်အရေးကော်မရှင်ပြော

ကိုဇော်ဝင်းလှိုင် ကွယ်လွန်မှု နှိပ်စက်မှုကြောင့် ဟုတ်၊ မဟုတ် မသိသေး၍ တပ်မတော်ကို အပြစ်မပြောလို၊ သေဆုံးမှုဖြစ်စဉ် စုံစမ်းရန် မရှိဟု လူ့အခွင့်အရေးကော်မရှင်ပြော

ရန်ကုန်၊ ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာသား ကိုဇော်ဝင်းလှိုင် သေဆုံးမှုဖြစ်စဉ်တွင် တပ်မတော်က နှိပ်စက်၍ သေဆုံးမှု ဟုတ်၊ မဟုတ် မသဲကွဲသေးသည့်အတွက် တပ်မတော်ကို အပြစ်မပြောလိုကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်ကဆိုသည်။

ကိုဇော်ဝင်းလှိုင်သည် ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ဝေသာလီ ကျေးရွာ တွင် ဘုရားထုလုပ်ပြီး နေရပ် ပေါက်တောပြင်ကျေးရွာသို့ အပြန်လမ်းတွင် တပ်မတော်၏ ဖမ်းဆီးမှုကိုခံခဲ့ရကာ ထိုသို့ ဖမ်းဆီးခံရပြီး စစ်ဆေးစဉ် အတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ကျောက်တော်ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဇွန်လ ၃၀ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း၊ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာမှန်းမှမသိဘဲဆိုတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူးလေ တကယ်လို့နှိပ်စက်တယ်ဆိုရင် လူ့အခွင့်အရေးအရ လူအချင်းချင်းနှိပ်စက်လို့မှ မရတဲ့ဟာကို ။ဟုတ်တယ်မှတ်လား” ဟုဦးယုလွင်အောင်ကဆိုသည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးရန် မရှိသေးကြောင်း၊ ယင်းဖြစ်စဉ်သည် မီဒီယာများတွင် တစ်အားပွထနေမှ ကော်မရှင်ကိုတင်ပြပြီး အစည်းအဝေးထိုင်ကာ ကြေညာချက်ထုတ်မထုတ် ဆွေးနွေးရမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

တပ်မတော်၏ ဖမ်းဆီး စစ်ကြောမှုအတွင်း ကိုဇော်ဝင်းလှိုင် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ (FaceBook)ပေါ်တွင် ကိုဇော်ဝင်းလှိုင်း မသေဆုံးမီ ၎င်းမိခင်အားပြောကြားခဲ့သောစကားများကို ကိုဇော်ဝင်းလှိုင်ဓာတ်ပုံနှင့်ဖော်ပြ၍ တရားမျှတမှုရရှိရေးရရှိသင့်ကြောင်း ဖော်ပြ တောင်းဆိုမှုများ ပေါ်ထွက်လျက်ရှိသည်။

ကိုဇော်ဝင်းလှိုင်က မသေဆုံးမီ “အမေ ကျနော့်ကို ရေမတိုက်နဲ့တော့ ။ ကျနော်သိပ်မကြာတော့ဘူးထင်တယ်။ မကြာခင်သေရတော့မှာပါ။ အထဲက ကလီစာတွေလည်း ကြေမွနေပါပြီ။ အမေ ရေမတိုက်ပါနဲ့တော့။ သားအရမ်းမွန်းကျပ်တယ် အမေ။ အမေသားသွားတော့မယ်” ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ကိုဇော်ဝင်းလှိုင်သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com