Local News Peace political news

ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် ကန်ဒေါ်လာ ၂ ဘီလီယံကျော် တစ်ပြားတစ်ချပ်မှ ဖြတ်တောက်ခြင်းမရှိဘဲ NLD ခွင့်ပြု

ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် ကန်ဒေါ်လာ ၂ ဘီလီယံကျော် တစ်ပြားတစ်ချပ်မှ ဖြတ်တောက်ခြင်းမရှိဘဲ NLD ခွင့်ပြု

ရန်ကုန်၊ ဇူလိုင် ၃၁

ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် ငွေကျပ် ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံ) ကို တစ်စုံတစ်ရာ စိစစ်ဖြတ်တောက်ခြင်းမရှိဘဲ အတည်ပြု ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ဘတ်ဂျက်စိစစ်ရေးပူးပေါင်း အဖွဲ့ ၂ တွင်ပါဝင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်

“ဒီနေ့ အတည်ပြုလိုက်ပါပြီ။ ဘာမှ မဖြတ်တောက်ပါဘူး။ ပူးပေါင်း ၂ မှာက ဒေါက်တာဒေါ်မေဝင်းမြင့်ပါ။ သူက ပါတီမှာ CEC ပါ။ မနှစ်ကတောင် ဖြတ်သေးတယ်။ ဒီနှစ်တော့ ဘာမှ ကို မဖြတ်ဘဲ ခွင့်ပြုလိုက်တာပါ။ Higher Policy အရ ခွင့်ပြုတာထင်ပါတယ်” ဟု လွှတ်တော်အမတ် ဦးဝင်းထွဋ်ဇော်က ပြောဆိုသည်။

လာမည့်အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ် ငွေကျပ် ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံ) တင်ပြတောင်းခံလိုက်ပြီး ယင်းပမာဏာသည် ယခင်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က တင်ပြတောင်းခံခဲ့သော ၃၂၄၈ ဒသမ ၃၆၅ ဘီလီယံ ထက် ပိုမိုများပြားပြီး ယခင်နှစ်ထက် ငွေကျပ် ၁၂၂ ဒသမ ၄၁၃ ဘီလီယံ ပိုမိုတောင်းခံလာခြင်းဖြစ်သည်။

လာမည့်ဘဏ္ဍာရေးနှစ်အတွက် တောင်းခံထားသည့် အသုံးစရိတ်တွင် သာမန်အသုံးစရိတ် ငွေကျပ် ၁၉၃၇ ဒသမ ၅၃၈ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၃ ဒသမ ၂၄၀ ဘီလီယံ အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

သာမန်အသုံးစရိတ်တွင် လစာနှင့်အသုံးစရိတ်အတွက် ၈၈၄ ဒသမ ၀၄၉ ဘီလီယံ၊ ပစ္စည်းများ အတွက် ငွေကျပ် ၄၆၇ ဒသမ ၀၄၂ ဘီလီယံ၊ပို့ဆောင်ရေး အတွက် ငွေကျပ် ၁၆ ဒသမ ၅၃၄ ဘီလီယံ၊ အင်ဂျင်နီယာ အတွက် ငွေကျပ် ၁၆၇ ဒသမ ၃၂၇ ဘီလီယံ ၊ အထွေထွေ အသုံးစရိတ် ငွေကျပ် ၁၈၃ ဒသမ ၀၁၉ ဘီလီယံ၊ လုံခြုံရေးအတွက် ငွေကျပ် ၅ ဒသမ ၁၉၁ ဘီလီယံ၊ စက်ရုံအလုပ်ရုံများအတွက် ငွေကျပ် ၂၀၅ ဒသမ ၀၆၀ ဘီလီယံ၊ အတိုး အတွက် ငွေကျပ် ၅ ဒသမ ၃၁၆ ဘီလီယံ၊ အရေးပေါ်ရံပုံ ငွေ အတွက် ငွေကျပ် ၄ ဘီလီယံတို့ဖြစ်သည်။

ငွေလုံးငွေရင်းအသုံးစရိတ်တွင်မူ ဆောက်လုပ်ရေးအသုံးစရိတ် ငွေကျပ် ၂၀၈ ဒသမ ရ၉၈ ဘီလီယံ၊ စက်ပစ္စည်းအသုံးစရိတ်ငွေကျပ် ၁၂၂၃ ဒသမ ရ၂၉ ဘီလီယံ၊ အခြားအသုံးစရိတ် ငွေကျပ် ၀ ဒသမ ရ၁၃ ဘီလီယံ တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနှင့် အဆင်းရဲဆုံးသော နိုင်ငံများစာရင်း တွင် အပါအဝင်ဖြစ်နေချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တောင်းခံ အသုံးပြုနေကြောင်း၊ ကာကွယ်ရေးအသုံးစရိတ်အဖြစ် နှစ်စဉ် တိုင်းပြည်တစ်ခုလုံး အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းအကြား အသုံးပြုနေပြီး ယင်းပမာဏသည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသော တိုင်းပြည်တစ်ခုအနေဖြင့် များပြားလှသော ပမာဏဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts