All News Local News Peace

ကယားဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ကြေးရုပ်ကော်မတီကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာမှု နိုင်ငံရေးအရ ထောက်ပြခြင်းဟု ကရင်နီလူငယ်များပြော

ကယားဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ကြေးရုပ်ကော်မတီကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာမှု နိုင်ငံရေးအရ ထောက်ပြခြင်းဟု ကရင်နီလူငယ်များပြော

ရန်ကုန်၊ ဇူလိုင် ၅

ကယားပြည်နယ် ဝန်ကြီးချုပ် ၊ စီမံဘဏ္ဍာဝန်ကြီး နှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာခဲ့မှုသည် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ မဟုတ်ဘဲ နိုင်ငံရေးအရ ထောက်ပြခြင်းဖြစ်ကြောင်း ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။

“ ဒီကနေ့က တရားရုံး က စစ်ဆေးတယ်။ သူကတော့ အစိုးရကိုယ်စားအနေနဲ့ တရား စွဲတယ်။ ကျနော် တို့ က ပုဂ္ဂိုလ်ရေးအရ ထုတ်တာမဟုတ်ဘူး။ နိုင်ငံရေးအရ ထုတ်ခြင်းဖြစ်တယ်။ ဥပဒေအရ ကတော့ ပုဂ္ဂုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် နှင့် လုံခြုံရေး ဆိုင်ရာ ဥပဒေ ဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအရ ထုတ် တာဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူူး။ နောက်တစ်ခု ပုဂ္ဂိုလ်ရေးအရ ထောက်ရှုရင်လည်း ဦးမော်မော်တို့ကို ထိခိုက်လို တရားစွဲတယ်လို့ ပြောတယ် ၊ ဦးအယ်ဖောင်းလ်ရှို နှင့် ဦးမော်မော်တို့ဟာ ဝန်ကြီးချုပ် ၊ ဝန်ကြီး ၊ အစိုးရသာ မဖြစ်ရင် ကြေးရုပ်ကို သူတို့ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေးရာထူး ရရှိစေလို့ အဲဒီရာထူးကို အသုံးချပြီး ဒီကြေးရုပ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်တယ်။ ကြေးရုပ်တည်ဆောက်တာဟာ ပုဂ္ဂိုလ်ရေးနဲ့ မဆိုင်ဘူး။ ဒါဟာ နိုင်ငံရေး အရ ၊ အမျိုးသားရေးအရ စွဲတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထောက်ပြတာဖြစ်တယ် “ ဟု ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီး (ခ) စစ်မုန်းက ပြောသည်။

၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင် လွိုင်ကော်မြို့ ၊ ဂန္ဓာဟေဝန်ပန်းခြံအတွင်း လာရောက်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ၂၀၁၉ ၊ မတ် ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးတို့က ကြေညာချက်တစ်စောင်ကို လက်မှတ်ထိုးကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် ကယားပြည်နယ်အစိုးရ အဖွဲ့ ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က တရားလိုအဖြစ် လွိုင်ကော်မြို့နယ်တရားရုံးသို့ ဦးတည်လျှောက်ထားကာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ကရင်နီလူငယ် ၆ ဦးတို့အား မေလ ၁၆ ရက်နေ့တွင် တရားစွဲဆိုခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်က ဗိုလ်ချုပ်ကြေးရုပ်ဖြစ်စဉ်အပေါ် ကရင်နီလူငယ်များက ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံရေး အရ မှေးမှိန်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုဒီးဒီး ( ခ) စစ်မုန်းက ပြောသည်။

“ အခုလို တရားစွဲဆိုတာက ကိုယ့်မှာ အာဏာရှိတယ်။ လုပ်ပိုင်ခွင့် ရှိတယ် အသုံးချပြီးမှ ဝန်ထမ်းတွေ ၊ လက်အောက်ခံမှာ ရှိတဲ့ အရာရှိတွေကို ကြပ်ကြပ်မတ်မတ် ထိုးကျွေးပြီးမှ လုပ်ခြင်းဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။ နောက်တစ်ခု သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ၊ သူတို့ သဘောနဲ့ လုပ်တဲ့ဟာကို တခြားဝန်ထမ်းတွေ ၊ နိုင်ငံတော် နဲ့ နိုင်ငံတော်အတွက် အလုပ်လုပ်ရမယ် ဝန်ထမ်းတွေကို သူတို့ရဲ့ စိတ်ထင်ရာ လုပ်ခဲ့တဲ့ ပြဿနာ အရှုတ် အထုပ်ကို ထိုးကျွေးတယ်။ လုပ်ရပ်ကလည်း နိုင်ငံရေး တာဝန်ယူထားတဲ့ ၊ နိုင်ငံရေးရာထူး ယူထားတဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီး ၊ အစိုးရတွေအနေနဲ့ အဲဒီလို လုပ်တာက လုံးဝ မှားယွင်းတဲ့ လုပ်ရပ်လို့ ကျနော်တို့ ပြောချင်တယ်။ ကျနော်တို့ ထုတ်တဲ့ ကြေညာစာဟာ နိုင်ငံရေးအရ ထုတ်ခြင်းဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူး။ ကြေးရုပ်ကနေ စတည်ဖြစ်ပေါ်လာတဲ့ ဒီကြေညာစာတမ်းဖြစ်တယ်။ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ဟာကို ပုဂ္ဂိုလ်ရေး အဆင့်အထိ လျော့ကျသွားအောင် ၊ မှေးမိန်အောင် နိုင်ငံတော်က ဖန်တီး တယ်လို့ ကျနော် ပြောချင်တယ် “ ဟု ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီး ( ခ) စစ်မုန်းက ပြောသည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် တရားလိုပြသက်သေ စတင်စစ်ဆေးမေးမြန်းခဲ့ပြီး လာမည့် ဇူလိုင် ၁၁ ရက်နေ့တွင် ပြန်လည်ရုံးချိန်းထားကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com