All News Local News Peace

ကယားဌာနေ တိုင်းရင်းသား စာပေနှီးနှော ဖလှယ်ပွဲ ပြည်နယ်အစိုးရ တားဆီပိတ်ပင်ခံရမှု ငြိမ်းချမ်းရေး ထိခိုက်ဟု KNPP ထုတ်ပြန်

ကယားဌာနေ တိုင်းရင်းသား စာပေနှီးနှော ဖလှယ်ပွဲ ပြည်နယ်အစိုးရ တားဆီပိတ်ပင်ခံရမှု ငြိမ်းချမ်းရေး ထိခိုက်ဟု KNPP ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂

ကယားပြည်နယ်အတွင်း ဌာနတိုင်းရင်းသားစာပေနှီးနှောဖလှယ်ပွဲ ကျင်းပရန် တားဆီးပိတ်ပင်သော လုပ်ရပ်များသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ် ယုံကြည်မှု ကျဆင်းစေသည့် လုပ်ရပ်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ဇူလိုင် ၁ ရက်နေ့က သဘောထားတစ်စောင် ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ် ဌာနေတိုင်းရင်းသားစာပေနှီးနှောဖလှယ်ပွဲ တားဆီးပိတ်ပင်မှုသည် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နေသည့် အချိန် တိုင်းရင်းသားများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည့် မွေးရာပါ အခွင့်အရေးကို ပိတ်ပင်တားဆီးမှုများ မလုပ်သင့်သော လုပ်ရပ်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ထောက်ပြပြောဆိုသည်။

“ ဒါမျိုးတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားအခွင့်အရေးပေးတဲ့အရ ဥပဒေအရ ခွင့်ပြုထားတဲ့ကိစ္စလေ။ အစိုးရက ဘာမှ တားစရာအကြောင်းမရှိဘူး။ သူတို့ကလည်း ဘာမှ လုပ်မှာ မဟုတ်ဘူးလေ။ ကျနော်ထင်တာက ကယားပြည်နယ် အစိုးရ က ဥပဒေတွေ မလေ့လာဘူးထင်တယ်။ ကျနော်နားလည်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ သူတို့က ဒီမိုကရေစီ ကြွေးကြော်ပြီး တက်လာတဲ့ အစိုးရလေ။ ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ အခန်း ၈ ၊ ပုဒ် ၃၆၅ မှာ အတည်အလင်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများ စာပေကာကွယ်စာင့်ရှောက်ရေးဥပဒေ ၂၀၁၅ ပြဋ္ဌာန်းဥပဒေထဲမှ ဒါတွေဟာ လွတ်လပ်စွာ လုပ်ခွင့်ရှိတယ်ဆိုတာ ပြောထားပြီးသားဖြစ်တယ်။ အဲ့တာတွေကို ကိုယ်က အစိုးရတာဝန်ယူရင် သိရမယ်။ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတဲ့အခွင့်အရေးကို အစိုးရအဆင့်က သွားပြီး ပိတ်ပင်တယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စ ပဲ ။ ဒါကြောင့် ကျနော်တို့ လုံးဝကန့်ကွက်ရှုတ်ချတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

ကယား ဌာနေတိုင်းရင်းသား စာပေနှီးနှောဖလှယ်ပွဲကို ကယားပြည်နယ် ဌာနတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် ကယားပြည်နယ် ကယန်းစာပေ နှင့် ယဉ်ကျေးမှုကော်မတီတို့က ပူးပေါင်းကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် အစိုးရ နှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့ က ဇွန်လ ၂၈ ရက်နေ့တွင် ညွန်ကြားချက်ထုတ်ပြန် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အစိုးရအနေဖြင့် တိုင်းရင်းသားတွေ ပါဝင်သည့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မည် ဆိုပါက တိုင်းရင်းသားတန်းတူအခွင့်အရေး နှင့် ပတ်သက်သည့် ဖယ်ဒရယ်မူဝါဒအရေးများကို နားလည်သဘောပေါက်ရန် လိုအပ်နေကြောင်း KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

“ ဖယ်ဒရယ်ပြည်ထောင်စု သွားမယ်ပြောတဲ့နေရာမှာ လောလောဆယ် အာဏာကို ကိုင်ထားတဲ့ တာဝန်ရှိတဲ့လူတွေအနေနဲ့ ဖယ်ဒရယ်အနှစ်သာရတွေကို သေသေချာချာသိဖို့ ၊ ဖယ်ဒရယ်မှ ပေးရမယ် အမျိုးသားဆိုင်ရာ တန်းတူအခွင့်အရေး နှင့် ပတ်သက်ပြီး ကျနော်ထင်တယ် အများကြီးလေ့လာဖို့ လိုတယ်။ ဥပမာ- မြေလွတ်မြေလပ်ဥပဒေဆိုရင် ဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုလိုက်တယ် ထားဦး ၊ တချို့လူတွေက တိုင်းရင်းသားဒေသတွေမှ ရှိနေတဲ့ မိရိုးဖလာ အစဉ်အလာ ထုံးတမ်းတွေကို နားကော နားလည်လား၊ မနားလည်ဘဲ ဥပဒေပြုလိုက်တော့ အခုဆိုရင် KNU အဖွဲ့အစည်းက ဒီဥပဒေ ပြန်ရုပ်သိမ်းပါလို့ ဖြစ်လာပြီ။ ကျနော်တို့တိုင်းရင်းသားဒေသတွေမှ မြေလွတ်မြေလပ်ဆိုတာ မရှိဘူး။ ဘိုးဘွားစဉ်ဆက်က ပိုင်ဆိုင်လာတာ ဖြစ်တယ်။ အစိုးရကတော့ စီးပွားရေးဖွံဖြိုံးတိုးတက်ချင်တဲ့ စိတ်နဲ့ ဒါတွေ လုပ်တယ်လို မြင်တယ်။ ” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးထားမှုနှင့်ပတ်သက်၍ နိုင်ငံရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် ပြည်နယ်အစိုးရဘက်မှ စာပေနှီးနှော ဖလှယ်ပွဲများအထိပါ ပိတ်ပင်မှုများ ကြုံတွေ့ လာရခြင်းဖြစ်သည်ဟု ကရင်နီလူငယ် တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts