All News Features

Cyber Bullying ကြောင့် အနာဂတ်တစ်ခု ဖျက်ဆီးခံရခြင်း(သို့မဟုတ်) အချိန်မတိုင်မီ ထွက်ခွာသွားသူ ကိုကျော်ဇင်ဝင်း

By ကံဇော်/ ရန်ကုန်ခေတ်သစ်

အခုရက်ပိုင်း Facebook လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာ အပြုံးချိုချို၊ အနောက်တိုင်းဝတ်စုံ စနစ်တကျ ဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးရဲ့ဓာတ်ပုံကို အဆက်မပြတ်ရှယ်ကြပြီး ဝမ်းနည်းစကားတွေ ဆိုနေကြပါတယ်။ ငယ်ရွယ်လွန်းလှသူ၊ ပြုံးနေတဲ့ သူ့ပုံရိပ်တွေက လူမှုကွန်ရက်မှာ နှမြောတသဖြစ်မှုတွေ၊ သူ့ကို ဘယ်လို လူတွေက အနိုင်ကျင့်ခဲ့သလဲ ဆိုတဲ့ ဒေါသထွက်တွေမှု စတဲ့ Comment ပေါင်းများစွာ ထွက်ပေါ်နေတယ်။

သူက အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းပါ။ သူဟာ လိင်စိတ်ကွဲပြားမှု အပေါ် အခြေခံလို့ ခွဲခြားဆက်ဆံပြီး လှောင်ပြောင်ရာက အိပ်ဆေးသောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ လူငယ်တစ်ဦး လည်းဖြစ်ပါတယ်။

သူ့ကိုယ်သူ ဆေးသောက်ပြီး အဆုံးမစီရင်မီ သူ့ရဲ့ လူကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ စာသားတွေကလည်း အခုအချိန်အထိ လူမှုကွန်ရက်မှာ ဖြန့်ချိနေကြဆဲပါပဲ။အဝေးသင်တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ကလည်း Myanmar Imperial University မှာ စာကြည့်တိုက်မှုး အဖြစ် အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။

သူ့ကို ဘာတွေက ဖိစီးခဲ့ပါသလဲ။ အသက်မရှင်ချင်တော့ဘဲ လူ့လောကကြီးကို စိတ်ကုန် ထွက်ပြေး တဲ့အထိ ဘယ်အရာတွေက တွန်းပို့ခဲ့ပါသလဲ။

“ဘဝဆက်တိုင်း ဆက်တိုင်းမှာ” အစချီပြီး “လူငယ်ကဘယ်လောက်မှန်မှန် တောင်းပန်ရမယ်၊ လူကြီးက ဘာလုပ်လုပ် အကုန်အမှန်ဆိုတဲ့ နိုင်ငံ၊ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို လှောင်ပြောင်တဲ့နိုင်ငံ၊ အထက်ဖား အောက်ဖိတွေပေါသော နိုင်ငံ၊ ရာထူးရှိနဲ့ ရာထူးမဲ့မှာ ရာထူးမဲ့တွေဘယ်လောက်မှန်နေနေ အမှန်တရားကို ပြောပြ ထောက်ပြလို့မရသေးတဲ့နိုင်ငံ ၊ ဒီလို နိုင်ငံမျိုးမှာ လူမဖြစ်ရပါစေနဲ့” ဆိုတဲ့ သူရေးသားထားတဲ့ စာသားတွေက သူ့ဘ၀ နောက်ဆုံး နေဝင်ချိန် မတိုင်မီ ရေးသားခဲ့တာပါ။

သူ့အဖွားနဲ့ အန်တီကို ချစ်တဲ့အကြောင်း၊ ဒါပေမယ့်လူတွေကို ပိုကြောက်တဲ့အတွက်ကြောင့်ဒီလို လုပ်လိုက်ရပါတယ်ဆိုတဲ့အကြောင်းကို ရေးခဲ့ပြီး သူအလုပ်လုပ်နေတဲ့ MIU က ဝန်ထမ်း Viber Chat Group မှာ သူ့ကို ထိရှ နာကျင် ကြောက်လန့်စေခဲ့တဲ့ ပို့စ်တွေကို Screenshot ဖမ်းပြီး နောက်ဆုံးအနေနဲ့ လူမှုကွန်ရက်မှာ သူ တင်သွားခဲ့ပါတယ်။

ကိုကျော်ဇင်ဝင်းက ဇွန် ၂၂ ရက်နေ့မှာ ဆေးသောက်အဆုံးစီရင်ခဲ့ပေမယ့် မိသားစုက အချိန်မီ သိလို့ ဆေးရုံ တင်ပို့ခဲ့ပါသေးတယ်။ဒါပေမယ့် ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီမှာ သူ ဆုံးပါးသွားခဲ့ပါတယ်။

“Screenshot တွေတင်သွားတယ်၊ သူ့မှာ နောက်ဆုံးဆန္ဒတစ်ခုခုရှိသေးတယ်။ အဲ့ဒါကြောင့်တင်သွားတာ၊ ဒါတောင် Screenshot ပဲရှိသေးတယ်။ နောက်ကွယ် မျက်မြင်ကိုယ်တွေ့မှာ ဘယ်လောက်အထိပြောမလည်းဆိုတာ ကာယကံရှင်ကလွဲပြီး မသိနိုင်တော့ဘူး။ ဒါက နားလည်မှုလွဲတဲ့ Case မဟုတ်တော့ဘူး ၊ ဒါက တမင်လုပ်တာ၊ ပြီးတော့ စတာနောက်တာလို့လည်း မြင်လို့မရဘူး။ ဥပမာ နင်တို့ ဒီလိုမဖြစ်အောင်တို့၊ ဓါတ်ပုံနဲ့ အရင်တုန်းက ယောင်္ကျားလေး အခုယောင်္ကျားလေး အဲ့လိုမျိုးပေါ့၊ ပြီးတော့ သူ့ကိုပြောသလို စစ်ထဲပို့ရမယ် အဲ့လိုမျိုးတွေပေါ့ အဲ့ဒါတွေက စတာမဟုတ်တော့ဘူး” လို့ သူငယ်ချင်းဖြစ်သူ ကိုကျော်လင်းအောင်က ဆိုပါတယ်။

သူ့ကို ဘာတွေ က ဖိစီးစေခဲ့သလဲ

သူအလုပ်လုပ်တဲ့ MIUက မန်နေဂျာနဲ့ ပြဿနာတက်နေတဲ့ အကြောင်းပတ်သက်ပြီး တာဝန်ရှိသူတွေကို မေးလ်ပို့တိုင်တန်းရာမှာ မန်နေဂျာက “နင်က အဲ့လို မေးလ်ပို့လိုက်တာ သတ္တိရှိတာမဟုတ်ဘူး ၊ နင်က ရိုင်းတာ” ဆိုပြီးပြောကြား တောင်းပန်ခိုင်းကြောင်းနှင့် သူကလည်း မတောင်းပန်ခဲ့ကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

“Meeting လုပ်တဲ့အချိန် အကုန်ထွက်သွားပြီး ကျနော်တစ်ယောက်တည်းပဲ ကွက်ချန်ခိုင်းပြီး ကျနော်မဖြေချင်တဲ့ ကျနော်ရဲ့လိင်စိတ်ခံယူချက်ကို အတင်းမေးပါတယ်၊ ကျနော်မိသားစုတောင် ကျနော်ပေးမသိခဲ့ပါ၊ ဒီအမကတော့ အတင်းမေးပါတယ်။ မဖြေချင်လို့စကားလမ်းကြောင်းလွှဲလည်းမရပါ။ နောက်ဆုံးပြီးပြီးရော ကျနော် ဝန်ခံခဲ့ပါတယ်။ ကျနော် Gay ဆိုတာ ဟုတ်ပါတယ်ဆိုတာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။

“Viber Group ထဲကလူတွေအားလုံးကော၊ အစည်းအဝေးမှာ တက်တဲ့သူတွေအားလုံးကောဟာ တာဝန်ရှိတယ်လို့ထင်ပါတယ်၊ ၃ယောက်ထဲတော့မဖြစ်တန်ဘူး၊ ဒါဟာ သေသေချာချာ စီစဉ်ထားတဲ့ကိစ္စတစ်ခုလိုမျိုးပဲထင်မိတယ်” LGBT အရေး လှုပ်ရှားသူ David Aye Myat က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထောက်ပြပါတယ်။

“စီမံခန့်ခွဲမှုတွေကိုပို့ချနေပေမယ့် စီမံခန့်ခွဲမှုပိုင်းပြောပြလို့မရအောင် ညံ့ဖျင်းနေတာ မဟုတ်ရင် ဒါဟာ စီမံခန့်ခွဲမှုသိပ်ကောင်းပြီး မုန်းတီးမှုကြောင့် စနစ်တကျ အကွက်ချစီစဉ်ထားတဲ့လုပ်ကြံမှုတစ်ခုပါပဲ” လို့ David Aye Myat က ရေးသားပါတယ်။

ကိုကျော်ဇင်ဝင်း ဇွန်လ ၂၅ ရက်နေ့ မနက် ၁၂ နာရီကျော်ခန့်တွင် Myanmar Imperial University MIU မှ ကိုကျော်ဇင်ဝင်းအတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည် ဆိုတဲ့ စာနှင့်အတူ Facebookတွင် Profile ချိန်း၍ တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း MIU ရဲ့ ပို့စ်စာမျက်နှာအောက်မှာ ကိုကျော်ဇင်ဝင်း သေဆုံးမှုနဲ့ပတ်သက်လို့ ထိရောက်တဲ့ အရေးယူမှုတွ လုပ်ပေးဖို့ ဝိုင်းဝန်း တောင်းဆို ဝေဖန်မှုတွေ မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။

မိသားစုနဲ့ သူငယ်ချင်းတွေဘက် မျှော်လင့်မှု

“စခန်းသွားသေးတယ်။ ဒါပေမယ့် အမှုဖွင့်လည်းပုဒ်မက သေးတယ်၊ ဘာမှမထိရောက်ဘူး ဆိုလို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာရာကနေ အခုလိုမျိုး Facebook ပေါ်မှာရော၊ သတင်းထောက်တွေရောက အင်တိုက်အားတိုက် ဖြစ်လာတော့ သူတို့အနေနဲ့ မျှော်လင့်ချက် ပြန်ရပါတယ်” လို့ ကိုကျော်လင်းအောင်က ကိုကျော်ဇင်ဝင်းမိသားစုရဲ့ ခံစားချက်ကို ပြန်ပြောင်းပြောဆိုပါတယ်။

သူငယ်ချင်းဖြစ်သူ ကိုကျော်လင်းအောင်ကတော့ ကိုကျော်ဇင်ဝင်းအတွက် အခုအချိန်အထိ နာကျင် ထိခိုက်ကြေကွဲနေဆဲပါပဲ။ ဘယ်လိုမှလည်း ဖြည်ဆည်မရတဲ့အပြင် မြန်မာ့လူ့အဖွဲ့အစည်းမှာ လိင်စိတ်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှုတွေ ပျောက်စေချင်တယ်လို့ဆိုပါတယ်။

“လူတိုင်းလူတိုင်းရသင့်တဲ့အခွင့်အရေး၊ ကျနော်တို့လည်းရသင့်တယ်သူတို့လည်းရသင့်တယ်။ နောက်တစ်ခုက သူများထက်ပိုပြီးတော့ အခွင့်အရေးကို ယူချင်တာမဟုတ်ဘူး။ အခြောက် မလို့ ထိပ်ဆုံးမှာနေရာပေးရမယ်၊ ကားပေါ်မှာထိုင်ရမယ် ဒါမျိုးတွေမဟုတ်ဘူးဗျာ၊ ကျနော်တို့လိုအပ်တာက လူသားတစ်ယောက်အချင်းချင်းမြင်တဲ့ အမြင်မှာတန်းတူအခွင့်အရေး ပေးရမယ်ဆိုတာပဲ လိုအပ်တာပါ။ သူ့အဖွားအတွက် တကယ့်အရိပ်ဗျ”လို့ ကိုကျော်လင်းအောင်က ဆိုပါတယ်။

လူ့အဖွဲ့အစည်းက တုံ့ပြန်မှု

လက်ရှိမှာတော့ လူ့အဖွဲ့အစည်းက ကိုကျော်ဇင်ဝင်းသေဆုံးမှုအတွက် စာနာကြပေမယ့်လည်း လက်တွေ့မှာတော့ လိင်စိတ်ကွဲပြားမှုတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ စိတ်တွေကတော့ ပပျောက်သွားတယ်လို့ မဆိုနိုင်သေးပါဘူး။ ကိုကျော်ဇင်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး LGBT အရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားတဲ့ CSO တွေစုပေါင်း ကြေညာချက်ထုတ်ပြန်ပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကိုကျော်ဇင်ဝင်းရဲ့ နှစ်လိုဖွယ် ပုံရိပ်တွေက အခုထက်ထိတော့ ဆက်လက် ပျံ့နှံ့နေဆဲပါပဲ။ အဲဒီပုံရိပ်တွေမှာလည်း သူဟာ နှစ်လိုဖွယ် ပြုံးနေဆဲပါပဲ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com