All News China Watch Local News

BRI ကြောင့် အကြွေးပိပြီး မြန်မာနိုင်ငံ တရုတ်ကျွန်ဖြစ်နိုင်ဟု လွှတ်တော်တွင် NLD အမတ် သတိပေး

BRI ကြောင့် အကြွေးပိပြီး မြန်မာနိုင်ငံ တရုတ်ကျွန်ဖြစ်နိုင်ဟု လွှတ်တော်တွင် NLD အမတ် သတိပေး

ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI) စီမံကိန်းကြောင့် အကြွေးပိပြီး တရုတ်ကျွန်ဖြစ်နိုင်ကြောင်း ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးမှ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က သတိပေးလိုက်သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပေးပို့ထားသော ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးးပေါင်းဆောင်ရွက်ခြင်းစနစ်တည်ထောင်သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖြစ်ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြသည်။

“ဒီစီမံကိန်းတွေအတွက် ရင်းနှီးမြုပ်နှံမယ်ဆိုရင် တရုတ်ရဲ့ အကြွေးပိပြီး ကျွန်ဖြစ်နေနိုင်ပါတယ်။ မြေယာပြဿနာ တောင်သူများလုပ်ပိုင်ခွင့်မြေယာများဟာ ဒီစီမံကိန်း နယ်မြေထဲပါနေရင် ထိုက်တန်တဲ့မြေယာလျော်ကြေးပေးဖို့လိုပါတယ်။ အကယ်၍ မပေးခဲ့ဘူးဆိုရင် သူဌေးသင်္ဘောမှောက်တာအရေးမကြီးဘူး သူတောင်းစားခွက်ပျောက်မှာ ဆိုးတယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့စိတ်ပူပန်မှုကို တွေ့ရှိရပါတယ်။ ဒီနားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက တာဝန်ရှိသူများအနေနဲ့ မိမိနိုင်ငံနဲ့တိုင်းပြည် လူမျိုးအပေါ်မှာ သစ္စာစောင့်သိလျက် ပြီးခဲ့တဲ့ဖြစ်စဉ်များအပေါ်နမူနာယူပြီးဆောင်ရွက်ပေးဖို့တိုက်တွန်းလိုပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

OBORစီမံကိန်းသည် ကောင်းမွန်သောရည်မှန်းချက်များဖြစ်သည်ဟူသောအချက်မှာ ပြောစရာမလိုသည့်သော်လည်း ထိုစီမံကိန်းတွင် မြန်မာနိုင်ငံအနေဖြင့် ပိုးလမ်းမစီမံကိန်းကို ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်ရန် မဖြစ်သေးသည့်အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နည်းပညာလုံလောက်မှုမရှိသေးခြင်း၊ ဘဏ္ဍာငွေလုံလောက်မှုမရှိခြင်း၊ မြေယာပြဿနာများရှိခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပါက ၂၁ ပင်လုံညီလာခံလုပ်လာသည်မှာ ၃ ကြိမ်ရှိပြီဖြစ်သော်လည်း တိုးတက်မှုရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်-မြန်မာနယ်စပ်တွင်ခြံစည်းရိုးခွထိုင်သလိုဖြစ်နေပြီး ရင်းနှီးမြုပ်နှံမှုနှင့်တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်ခက်ခဲမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအခွန်စီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ခြင်းနားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖြစ်ပါဝင်လက်မှတ်ထိုး/မထိုး မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိသဖြင့် ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ- ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတ တွေ့ဆုံစဉ်။ Photo Credit – အတိုင်ပင်ခံရုံး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com