Local News political news

ဦးသန်းရွှေ မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်အပေါ် သြဇာကြီးနေဆဲ (သို့မဟုတ်) ဓာတ်ပုံများက ပြောသော မြန်မာ့နိုင်ငံရေး

ဦးသန်းရွှေ မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်အပေါ် သြဇာကြီးနေဆဲ (သို့မဟုတ်) ဓာတ်ပုံများက ပြောသော မြန်မာ့နိုင်ငံရေး

By သာလွန်ဇောင်းထက်/ရန်ကုန်ခေတ်သစ်

စစ်အစိုးရ (နအဖ) လို့ခေါ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကို ၂၀၁၁ ခုနှစ်မှာ ဖျက်သိမ်းပြီး သမ္မတဦးသိန်းစိန်အစိုးရကို အာဏာလွှဲပြောင်းခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

နေအိမ်ကို လာတွေ့တဲ့ တရုတ်သံအမတ်၊ စင်ကာပူသံအမတ်နဲ့အတူ ဓာတ်ပုံတွေတော့ မကြာမကြာ ထွက်ပေါ်လာပေမယ့် ထင်သာမြင်သာတဲ့ အများပြည်သူ မြင်ကွင်းရှေ့မှာ မြင်ရလေ့မရှိပါဘူး။

လျှို့ဝှက်စွာ နေထိုင်လွန်းတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ ရဲ့ ခင်ပွန်း ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းနိုင်ရဲ့ အသုဘ လာရောက် တက်ရင်း အများပြည်သူ မြင်ကွင်းရှေ့မှာ ပြန်လည် ထွက်ပေါ်လာပါတယ်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ကွေ့ကြီးသုသာန်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့ မြင်ကွင်းဓာတ်ပုံများစွာလည်း ထွက်ပေါ်လာပြီး အဲဒီဓာတ်ပုံတွေမှာ မြန်မာနိုင်ငံရေးကို ထင်ဟတ်စေတဲ့ အကြောင်းအရာများစွာ ပါဝင်နေပါတယ်။

ဦးသန်းရွှေ ကျန်းမာရေးကောင်းနေဆဲ

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ နံဘေးမှာ တွဲကူသူတစ်ဦးနဲ့အတူ ကားပေါ် အတက်အဆင်း၊ အသုဘရှုချိန် အပါအဝင် အသုဘ အခမ်းအနားတစ်လျှောက်လုံးမှာ ရှိနေခဲ့တာ မြင်တွေ့ရတယ်လို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ စစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံတွေမှာလည်း ကွေ့ကြီးသုသာန် ငြိမ်းအေးဇရပ် အဝင်ကစလို့ နံဘေး တွဲကူတစ်ဦး ရှိနေပြီး နောက်ဆုံး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင် အလောင်းကို ကြည့်နေချိန်မှာလည်း တွဲကူတစ်ဦးက ဘေးနားမှာ ပါနေပါတယ်။ အထိုင်အထ လဲကျမှာစိုးရိမ်လို့ နံဘေးမှာ တပည့်သားတွေက တွဲကူတဲ့ ပုံစံလည်း ဖြစ်နိုင်ပါတယ်။

ဦးသန်းရွှေဟာ အမြင်အားဖြင့်တော့ သူ့ကျန်းမာရေး ဟာ ကောင်းမွန်နေဆဲပါပဲ။ ဆေးဆိုးထားတဲ့ မည်းနက်နေတဲ့ ဆံပင်တွေ ၊ သပ်ရပ်နေတဲ့ သူ့အသွင်အပြင်အရ သူဟာ ကျန်းမာရေးကောင်းမွန်တဲ့အပြင် ဓိတ်ဓာတ်အားဖြင့်လည်း ခိုင်မာနေမှုကို ပြသနေပါတယ်။

သာမန် အသက် ၈၀ ကျော်အရွယ် အဘိုးတစ်ဦးထက် ဦးသန်းရွှေက ကြံ့ခိုင် မာကျော သာလွန်လှတာ မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

တပ်မတော်အပေါ် သြဇာကြီးနေဆဲ

ဇွန်လ ၁၃ ရက်နေ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင် ကွယ်လွန်မှုအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဦးသန်းရွှေနဲ့ မိသားစုဆီ အရောက်သွား အားပေး ကန်တော့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအဝိုင်းက ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့ အသုဘအခမ်းအနားကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်း မရှိတော့ဘဲ မူလ စီစဉ်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ ခရီးစဉ်ကို ထွက်ခွာသွားခဲ့ပါတယ်။ ဒီခရီးစဉ်ကလည်း နာရေးမတိုင်ခင်ကတည်းက စီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ အသုဘရှု မြင်ကွင်းမှာတော့ ဦးသန်းရွှေဘေးမှာ ခရီးထွက်သွားတဲ့ တပ်ချုပ် မင်းအောင်လှိုင်က လွဲရင် နေပြည်တော်မှာကျန်ရစ်တဲ့ တပ်ခေါင်းဆောင်တွေအားလုံး အရပ်ဝတ်နဲ့ တက်ရောက်ခဲ့ကြပါတယ်။

ဦးသန်းရွှေ နံဘေးမှာ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တစ်ချိန်လုံးရှိနေခဲ့သလို ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော် ဆွေအပါအဝင် တပ်ခေါင်းဆောင် တွေအားလုံး အရပ်ဝတ်နဲ့ မြင်တွေ့ရပါတယ်။

ဦးသန်းရွှေဟာ တပ်မတော်အပေါ် အာဏာ ချုပ်ကိုင်ထားတာမဟုတ်ပေမယ့်လည်း သြဇာကြီးနေဆဲ ဆိုတာ အသုဘ အခမ်းအနားမြင်ကွင်းတွေက ဖော်ပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းနည်းစာ

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ ကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ဝမ်းနည်းစာကို ဖော်ပြလိုက်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားတဲ့ အဲဒီစာမှာ ဦးသန်းရွှေကို ဒေါ်အောင်ဆန်းစုကြည်က Uncle လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး စာအဆုံးမှာ ရိုသေလေးစားစွာဖြင့် အောင်ဆန်းစုကြည် ဆိုပြီး လက်မှတ်ထိုးထားပါတယ်။

လက်ရှိ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းနည်းစာဟာ ဦးသန်းရွှေအနေနဲ့ လက်ရှိ အစိုးရအပေါ်မှာလည်း တစ်စုံတစ်ရာ သြဇာကြီးနတေယ်ဆိုတာ သွယ်ဝိုက် ဖော်ပြခြင်းဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဇွန်လ ၁၅ ရက်နေ့ သမက်ဖြစ်သူ အသုဘ အခမ်းအနားတက်ရင်း ထွပ်ပေါ်လာတဲ့ ဓာတ်ပုံတွေက ဦးသန်းရွှေအနေနဲ့ အာဏာမရှိတော့ပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်အပေါ်မှာ သြဇာကြီးနေဆဲဆိုတာ ဖော်ထုတ်ပြသ နေတယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။

Photo Credit- KHP , Nay Shwe Thway Aung , Superstar Media, Zaw Win Hlaing

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com