All News Local News

ဦးဝီရသူ လျောက်ထားချက် မဟန ပယ်ချ၊ တရားရုံးက ဆုံးဖြတ်ပြီးမှ ဝိနည်းတော်နှင့် အညီ စိစစ်မည်

ဦးဝီရသူ လျောက်ထားချက် မဟန ပယ်ချ၊ တရားရုံးက ဆုံးဖြတ်ပြီးမှ ဝိနည်းတော်နှင့် အညီ စိစစ်မည်

ရန်ကုန်၊ ဇွန် ၂၇

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ဦးဝီရသူကို ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် တရားရုံးက ဆုံးဖြတ် ဖြေရှင်းပြီးမှ ဓမ္မစက်ဖြင့် ဝိနည်းတော်အရ စိစစ်မည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) ကဆုံးဖြတ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်သည်။

ဦးဝီရသူက မေလ ၃၁ ရက်နေ့တွင် ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ ခံယူမည်ဖြစ်ပြီး ဆရာတော်ကြီးများ၏ ဓမ္မစက်ကိုကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေးယူမှုကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ လက်ခံလိမ့်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံသို့ စောပးပို့ လျှောက်ထားခဲ့သည်။

အဆိုပါလျှောက်ထားချက်နှင့်ပတ်သက်ပြီး ဇွန်လ ၁၉ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် ဒသမအစည်းအဝေးတွင် ဦးဝီရသူ လျောက်ထားချက်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး တရားရုံးက ဆုံးဖြတ်ပြီးမှ ဝိနည်းတော်နှင့် အညီ စိစစ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ပြစ်မှုကျူးလွန်သော ရဟန်းသာမဏေများကို ဝိနည်းတရားတော်ဖြင့် အရေးယူခြင်းကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားလွှာအမှတ် (၁၅)အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ညွန်ကြားလွှာ အမှတ် (၁၅)တွင် ပြစ်မှုဆိုင်ရာ ဥပဒေတစ်စုံတစ်ရာ ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ အပြစ်ဒဏ်ချမှတ်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နှင့်အညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးဖြင့် တရားစွဲဆိုထားပြီး ၎င်းကို ဖမ်းမမိသေးသဖြင့် ရာဇဝတ်ကျင့်ထုံး ၅၁၂ အရ တရားလိုကိုစတင်စစ်ဆေးလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts