Local News political news

ဦးဝီရသူကို ကြေညာထားသည့်အတိုင်း အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေဟု သာသနာရေးပြော

ဦးဝီရသူကို ကြေညာထားသည့်အတိုင်း အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေဟု သာသနာရေးပြော

ရန်ကုန်၊ ဇွန် ၁၂

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော ဦးဝီရသူကို အရေးယူနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကြေညာထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းဝင်းက ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ဇွန်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဦးဝီရသူ ကိစ္စ နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၊ သံဃနာယက အဖွဲ့က ခေါ်ယူပြီး ဆုံးမသြဝါပေးမှုကို လိုက်နာခြင်း မရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ( ၂၀/၉၀) အရ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလော ရန်ကုန်မြို့တွင် ဦးဝီရသူကို ထောက်ခံသည့် ဆုတောင်းပွဲများ၊ လမ်းလျှောက်ချီတက်ပွဲများ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး ဦးဝီရသူကိုယ်တိုင်ကမူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ ဦးဝီရသူအနေဖြင့် အဖမ်းခံခြင်းမပြုပါက အမှုကို မျက်ကွယ်တွင် စစ်ဆေးသွားမည်ဟုလည်း အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts