All News

အောက်စက်တော်ရာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်မှု မဘသ ရှုတ်ချ၊ သာသနာ ပျက်စီးအောင် လုပ်သူများ မဲမပေးရန် တိုက်တွန်းဟု ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက နိုင်ငံတော်အတိုင်ပင်ခံကို ရှုတ်ချခြင်းအပါအဝင် NLD အစိုးရ၏ လုပ်ဆောင်ချက်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်သော ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်ငး(ဗဟို) ၏ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲကို ကျင်းပခဲ့ပြီး ယင်းအခမ်းအနားအပြီးတွင် အချက် ၇ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် အမျိုးသမီး မဝင်ရဟု ကန့်သတ်ထားသော အောက်စက်တော်ရာကို နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးကိုယ်တိုင် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်) ဝင်ရောက်ခြေချခြင်းသည် မြန်မာ့ယာဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင် ပြုလုပ်ခြင်းပင်ဖြစ်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ ရက်နေ့ က မကွေးတိုင်း၊ မင်းဘူးမြို့နယ်သို့ သွားရောက်၍ မန်းရွှေစက်တော်ရှိ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာကို ဖူးမြှော်ခဲ့သည်။

အလားတူ ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ခြင်း၊ ဇာတိမာန်သီချင်းကို မလိုတော့ဟု ပြောကြားခြင်း၊ အမျိုးသားရေးဝါဒသည် ဒီမိုကရေစီ၏ အန္တရာယ်ဟု ပြောဆိုခြင်းသည် အမျိုးသားရေး လက္စဏာကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်သည်ဟု ဖော်ပြထားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၂၀ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းကို မွေးဖွားခြင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခြင်းသည် လူမျိုးရေး ဝါးမျိုမှုကို အားပေးရာ ရောက်သဖြင့် ပြင်းပြင်းထန် ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဧည့်စာရင်းဥပဒေ၊ နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ ၊ အရေးပေါ် စီမံချက် ဥပဒေတို့ကို ပယ်ဖျက်ခဲ့ခြင်းသည် နိုင်ငံတော်လုံခြုံရေး ခြံစည်းရိုးကျိုးပေါက်၍ ရှုတ်ချကြောင်း၊ ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုမှုကိုလည်း ရှုတ်ချကြောင်း၊ သာသနာရေးဝန်ကြီးဌာန၏ အာဏာစက်ဖြင့် အရေးယူခံရသူကို ဆရာတော်ဟု မခေါ်ဆိုထိုက်ဟုလည်းကောင်း၊ မကြာခဏ ဝိနည်းသိက္ခာပုဒ် ကျူးလွန်သူကို ဒုဿီလဟု ခေါ်ဆိုရမည်ဟု လည်းကောင်း ထုတ်ပြန်ချက်ကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

တိုင်းပြည်၊ လူမျိုး ဘာသာ သာသနာကို ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့် ပါဝင်လုပ်ဆောင်နေသူများကို ဆန္ဒမဲမပေးခြင်း အပါအဝင် တရားနှင့်အညီ ရသည့်နည်းဖြင့် တွန်းလှန် ဖယ်ရှားကြပါဟု ရဟန်းရှင်လူများကို တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com