All News Local News Peace

အစိုးရ တည်ဆောက်မည့် စစ်ရှောင်စခန်းများတွင် ရခိုင်ဒုက္ခသည်များ မနေလိုကြ

အစိုးရ တည်ဆောက်မည့် စစ်ရှောင်စခန်းများတွင် ရခိုင်ဒုက္ခသည်များ မနေလိုကြ

ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ်အစိုးရကနေ တည်ဆောက်ပေးရန် သတ်မှတ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင် ရခိုင်စစ်ဘေးဒုက္ခသည်များက မနေလိုကြကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

အစိုးရတည်ဆောက်မည့် စစ်ဘေးရှောင်စခန်းများ၏ နေရာကို အတိအကျ ဖော်ပြထားခြင်းမရှိသည့်အပြင် စခန်းတည်ဆောက်ရေးအတွက်လည်း ဒုက္ခသည်များနှင့် ညှိနှိုင်းခြင်းမရှိကြောင်း၊
စနစ်တကျတည်ဆောက်ထားခြင်းမဟုတ်သဖြင့် ဒုက္ခသည်များကလည်း နေထိုင်ရန် စာရင်းသွင်းထားခြင်းမရှိကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီထောက်ပံ့ရေး လုပ်ဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( REC ) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“ သူတို့ကို အဲ့နေရာခေါ်မယ်ဆိုရင် သူတို့အတွက် နေရေးထိုင်ရေး အဆင်ပြေမလား ၊ အခု သူတို့မှာ ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ပေးရုံ နဲ့ သူတို့ဘဝ ရပ်တည်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ သူတို့ နေရပ်စွန့်ခွာ ထွက်လာတဲ့ အချိန်မှာ သူတို့ ဒေသနဲ့ အလှမ်းဝေးတဲ့နေရာလည်း မဖြစ်နိုင်ဘူးလေ။ လက်ရှိအနေအထားအရ အစိုးရ ဆောက်ပေးတဲ့ နေရာ သွားမယ် ၊ မသွားဘူးဆိုတာ လူထုကြားထဲ ဆန္ဒသဘောထားတွေ အမျိုးမျိုး ကွဲပြားမှု ရှိနေတယ်။ ဘာဘဲဖြစ်ဖြစ် သူတို့က မြေနေရာ မရှိပေမဲ့ ဖြစ်သလို နေကြတဲ့ ပုံစံမျိုး ဖြစ်နေတယ် “ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( REC ) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

ရခိုင်ပြည်နယ် ၊ မြို့နယ် ၅ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ တည်ဆောက်ရန် ပြည်နယ်အစိုးရက ဘတ်ဂျက်ငွေ ၁ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တင်ဒါခေါ်ယူမည်ဖြစ်ပြီး ယခု တစ်လအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

မြို့နယ်တစ်မြို့နယ်တွင် စစ်ဘေးရှောင် စခန်း ၂ ခုလောက် တည်ဆောက်ပေးရန် ရှိနေပြီး ယခုကယ်ဆယ်ရေးစခန်းတည်ဆောက်ရန်အတွက် ဘတ်ဂျက်ကုန်ကျငွေကို ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့က ပူးပေါင်းကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဘတ်ဂျက်အခြေအနေက ကျနော်တို့ အစိုးရအဖွဲ့က စာရင်းလုပ်ထားတဲ့နေရာမှ နေထိုင်တဲ့ သူတွေ စာရင်းကောက်ခိုင်းတဲ့အခါ လာပြီး နေထိုင်တဲ့သူတွေ ဆန္ဒပြုထားတဲ့သူတွေ ရှိတယ်။ မူလကတော့ အကုန်လုံးအတွက် လျာထားလိုက်တဲ့အတွက် ငွေကြေးအကုန်အကျများတယ်။ အမှန်တကယ်နေထိုင်မယ့်သူကို စာရင်းလိုက်ကောက်ပါဆိုတော့ အမှန်တကယ်နေထိုင်မယ့်သူက လူဦးရေကနည်းလာတယ်။ အခုလောလောဆယ် လျာထားတော့ ၁ ဒသမ ၆ ဘီလီယံ လောက်ကုန်ကျမယ်ဆိုပြီးတော့ တင်ဒါခေါ်ထားတယ်။ ၁ ဒသမ ၆ ဘီလီယံမှ ၁ ဘီလီယံကတော့ ရခိုင်အစိုးရကတော့ ကျခံထားတယ်။ အခုလောလောဆယ်ပေါ့ ။ ဒသမ ၆ ဘီလီယံကိုတော့ ပြည်ထောင်စု အစိုးရကို တောင်းခံသွားမယ်လို ဆုံးဖြတ်ထားတယ်။ လူနည်းလို့ ဘတ်ဂျက်က လျော့နည်းသွားတာ။ ” ဟု ရခိုင်ပြည်နယ် ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဍားကျွန်း ၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀၀ ကျော်အနက် အိမ်ထောင်စု ၁၀၀၀ ကျော်သာ နေထိုင်ရန် စာရင်းပေးထားပြီး ၎င်းတို့အတွက် ပြည်နယ်အစိုးရက လုံခြုံရေး ၊ စားဝတ်နေရေး နှင့် ကျန်းမာရေးကိစ္စရပ်တွေကို စီစဉ်ပေးထားကြောင်း သိရသည်။

“ ကျနော်တို့ စခန်းတွေကို သွားရောက်ပြီး စာရင်းကောက်ထားတာ။ စစ်ရှောင့် စခန်းအတွက် စခန်းတာဝန်ရှိသူတွေက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး နေထိုင်လိုတဲ့စာရင်းကောက်ခံထားတယ်။ နေထိုင်လိုတဲ့စာရင်းအရ လုပ်ထားတာဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ် နေထိုင်လိုကြောင်း စာရင်းပေးရင် ကြီးကြပ်တဲ့လူဆီ စာရင်းသိရမယ်။ လက်ရှိတော့ အိမ်ထောင်စုပေါင်း ၁၁၄၈ စု ဖြစ်နေပြီ “ ဟု ရခိုင်ပြည်နယ် ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ရသေ့တောင်မြို့နယ် ၊ ဆင်ခုန်တိုင်ကျေးရွာအတွင်းရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ဒုက္ခသည် အများစုက အစိုးရက တည်ဆောက်ပေးမည့် စခန်းအတွင်း နေထိုင်ရန် ခက်ခဲနိုင်ကြောင်း ပြောဆိုသည်။

“ ကျမတို့က အဝေးကြီးနေဖို့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးကလည်း ဒီမှာပဲလေ။ စစ်တပ်ကလာတယ်ဆိုရင်လည်း လာတယ် ၊ သူတို့ပြန်သွားတဲ့အချိန် ကျမတို့က ကိုယ်ရွာမှာ စီးပွားရေးပြန်လုပ်တယ်။ အဲ့တော့ အဆင်မပြေဘူူးလေ။ အခုရွာမှာ နည်းနည်းပါးပါး အဆင်ပြေမယ်။ ကျမတို့ဆီမှ စားဝတ်နေရေးက အဓိကပဲလေ။ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်။ အလုပ်မရှိရင် ဘာနဲ့ သုံးစွဲရမလဲ ။ အဲ့တာကြောင့်မို့ သွားမနေချင်ကြတာ။ ဒီကို ပြန်လာဖို့လည်း အလှမ်းဝေးတယ်။ ဒီမှာက အိမ်ကော စီးပွားရေးကော အကုန်ရှိနေတာ ။ နေဖို့ အဆင်မပြေဘူး။ “ ဟု စစ်ဘေးရှောင့်ကယ်ဆယ်ရေးစခန်းအတွင်းက ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်လူမှုအဖွဲ့အစည်းများ၏ စာရင်းအရ ဒုက္ခသည်ဦးရေ ၅ သောင်းကျော် ရှိနေကြောင်း ဟု သိရှိရပြီး ပြည်နယ်အစိုးရစာရင်းများအရ စစ်ဘေးဒုက္ခသည် ၃ သောင်းကျော် ရှိနေ ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts