All News Local News

အင်းဒင်မှ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှုသည် လုပ်နည်းလုပ်ဟန်လွဲမှား၍ ကျူးလွန်သူ တပ်မတော်သားများကို တပ်ချုပ်က ပြစ်ဒဏ်လျှော့ လွှတ်ပေးဟုဆို

အင်းဒင်မှ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှုသည် လုပ်နည်းလုပ်ဟန်လွဲမှား၍ ကျူးလွန်သူ တပ်မတော်သားများကို တပ်ချုပ်က ပြစ်ဒဏ်လျှော့ လွှတ်ပေးဟုဆို

ရန်ကုန်၊ ဇွန် ၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော အင်းဒင်ကျေးရွာမှ မွတ်စလင် ၁၀ ဦးအသတ်ခံရမှုတွင် တပ်မတော်သားများသည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း လုပ်နည်းလုပ်ဟန် လွဲမှား ကျူးလွန်ခြင်းဖြစ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးလိုက်ခြင်းဖြစ်ကြာင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

” ပြစ်မှုကျူးလွန်သူတိုင်း လူဆိုးမဟုတ်ပါဘူး။ဒီကိစ္စမှာ ပြစ်မှုကျူးလွန်ကြတဲ့သူတွေက ပြစ်မှု ကျူးလွန်ခဲ့ကြတာမှန်တယ်။သို့သော် တာဝန်ထမ်းဆောင်ရင်းနဲ့မှ လုပ်နည်း လုပ်ဟန် လွဲမှားပြီး သူတို့ ပြစ်မှုကို ကျူးလွန်မိတာဖြစ်ပါတယ်။အဲဒီ ပြစ်မှုကျူးလွန်နေတဲ့အချိန်မှာလည်း အခြားသော အကြောင်းအရင်းတွေ များစွာရှိပါတယ်။နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေရင်းနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေရင်းနဲ့ဖြစ်တဲ့အခြေအနေတွေလည်းဖြစ်တယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ရှင်းပြသည်။

အင်းဒင်ကျေးရွာ လူသတ်မှုကြောင့် ပြစ်ဒဏ်ကျ တပ်မတော်သားများသည် အမှတ်မထင် ဆောင်ရွက်ခဲ့မှုအပေါ် အသနားခံစာ တင်သွင်းခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အသက်ကို စွန့်လွှတ်တာဝန်ထမ်းဆောင်မှု၊ သစ္စာရှိမှုများအပေါ် မူတည်၍ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတိုရဲ့ ယခင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်အပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတိုရဲ့ သစ္စာရှိမှု ၊ ပြီးလို့ရှိရင် အသက်ကိုစွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တာရှိတယ်။ကျူးလွန်ကြတဲ့သူတွေက နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း လုပ်နည်းလုပ်ဟန်မှားယွင်းပြီးတော့ အမှတ်မထင် ဆောင်ရွက်မိတဲ့ အခြေအနေတွေအပေါ်မှာအသနားခံစာ အယူခံတင်ပါတယ်။ဒီအယူခံကလည်း အဆင့်ဆင့် တင်ပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြစ်ဒဏ်လျှော့ပေါ့ ပေးလိုက်တယ်။ ဟာ ဒါ လျှော့ပေါ့ပြီးတော့ သူတို့မှာ အထောက်အထား အချက်အလက်တွေနဲ့ သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုတွေအပေါ်မှာ လျှော့ပေါ့ပေးလိုက်တယ်။ လျော့ပေါ့ပေးလိုက်တော့ သူတို့ လွတ်လာတယ်။ ပြစ်ဒဏ်လျှော့ပေါ့တဲ့ ကာလ စေ့ရောက်တဲ့အချိန်မှာ လွတ်လာတယ်။ သူတို့ တပ်မတော်သား ပြန်မဖြစ်တော့ဘူး။သူတို့ဘ၀ အခြားဘဝတစ်ခုနဲ့ပဲ သူတို့ပြန်ပြီးတော့ တည်ဆောက်ရတော့မယ်။
သူတို့ မိသားစုတွေလည်း တပ်မတော်သား မိသားစုတွေ မဟုတ်တော့ဘူးဗျ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပြန်လွှတ်ပေးလိုက်မှုအပေါ် မီဒီယာများက ဝမ်းသာအားရ သတင်းဖော်ပြကြပြီး နိုင်ငံတကာ ဖိအားတိုးအောင်လည်း လုပ်ဆောင်နေကြကြောင်း၊ မီဒီယာများအနေဖြင့် ရေးသင့် မရေးသင့်၊ ဖော်ပြ မဖော်ပြသင့် စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါကို ကျနော်တို့က ဝမ်းသာအားရနဲ့ ဖော်ပြ နေကြတာရှိပါတယ်။ကျနော် အတော်စိတ်မကောင်းပါဘူး။ကျနော်တို့က လက်လွတ်စပယ် လွှတ်ပစ်လိုက်တယ်။ လွှတ်ပစ်လိုက်တယ်။ ဒါမျိုး တွေ သုံးနှုန်းကြတာ ကျနော် မီဒီယာတွေ နာမည်တပ်ပြောရင် မကောင်းလို့ပါ။ရေးသင့်လား၊ မရေးသင့်လား၊ ဖော်ပြသင့်လား မဖော်ပြသင့်လား။သူတို့မှာ ပုဂ္ဂိုလ်ရေးအရ မည်သူမဆိုပါ ခုနကလည်း မေးတယ်။ တာဝန်ရှိတဲ့သူကို အရေးယူသလား။ အဲဒါတွေက မမေးသင့်တော့ဘူးလေ။နိုင်ငံတကာကလည်း ဖိအားတွေဖြစ်လာအောင် ဖန်တီးပေးတဲ့သူတွေရှိတယ်ဗျ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

အင်းဒင်ကျေးရွာမှ မွတ်စလင် ၁၀ ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သား ၇ ဦးကို ထောင်ဒဏ် ပြစ်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြစ်ဒဏ်လျှော့ပေါ့မှုဖြင့် တပ်မတော်သား ၇ ဦးလုံး ပြစ်ဒဏ်မှ လွတ်မြောက်သွားခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts