interview Local News political news

လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှုနှင့် လူထု တုံ့ပြန်မှု

လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှုနှင့် လူထု တုံ့ပြန်မှု

By မိုးယံခ၊ စိုးထွန်းသိန်း/ ရန်ကုန်ခေတ်သစ်

လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီတာခများကို တိုးမြှင့်မည်ဖြစ်ကြောင်းကို ရန်ကုန်ခေတ်သစ်က အခြေခံလူထုလူတန်းစားများ၏ တုံ့ပြန်ချက် အသံများကို တွေ့ဆုံ မေးမြန်းထားပါသည်။

ဦးယောဟန်
ကုန်သည်

ဒါကတာတော့ အစိုးရအနေနဲ့ တိုးသင့်တယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လောင်စာနဲ့ အစိုးရ စိုက်ထားတဲ့ငွေတော်တော်များတယ်လေ။ ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တွေနဲ့ တွက်ရင် ကျွန်တော်တို့ဆီမှာ ဈေးနှုန်းတအား ချိုသေးတယ်လို့ ပြောရမှာပေါ့။

အခက်အခဲကရှိနိုင်တယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆီမှာ လူတိုင်းက အလုပ်မရှိဘူးဖြစ်နေတာလေ။ နိုင်ငံခြားမှာတော့ လူတိုင်းမှာ ဝင်ငွေရှိတယ်။ အခုကျွန်တော်တို့ဆီမှာ လူတိုင်းမှာ ဝင်ငွေမရှိဘူး။ အဲတော့ မိသားစုအနေနဲ့ တစ်ယောက်တည်းပဲ ဝင်ငွေရှိတဲ့သူတွေရှိတယ်။ အဲလူတွေကျတော့ တအား ဒုက္ခရောက်နိုင်တယ်။

ဒါကတော့ မကြားမိဘူး။ ကျွန်တော်တို့ကတော့ မီတာခတိုးမယ်။ ရေဖိုး ဘာညာတိုးမယ်ဆိုရင် ပြည်သူလူထုကိုအကြောင်းကြားပြီးတော့မှ ကောင်းကောင်းမွန်မွန် စည်းစည်းလုံးလုံး ပြည်သူလူထုရဲ့ သဘောထားပေါ့။ အဲဒါကောက်ယူပြီးတော့မှ အဆင်ပြေတယ်ဆိုရင် တိုးတာတော့ကောင်းတယ်။ အခုလို ဗြုန်းစားတိုးတာတော့ မကောင်းဘူး။

မဆုမြတ်
ဈေးရောင်း

အဲဒီလိုမီတာခတွေတိုးမြှင့်လိုက်ရင် ကိုယ်တိုင်ကိုယ်ကျ မီတာမဆောင်ရပေမယ့် အခန်းဌားနေတဲ့အတွက် အခန်းပိုင်ရှင်တွေက မီတာခ သူတို့ဘက်ကတက်မယ် ဆိုရင် ကိုယ်ဘက်က သူတို့က အခန်းလစာ တိုးမယ်လေ။ အခန်းလစာတိုးမယ်။ အခန်း လစာတိုးလာရင် ကိုယ်က ပိုပြီးတော့ရှာရမယ်။ တစ်သောင်းဆိုလည်း တစ်သောင်းအလျောက် အခုလိုတိုးသွားတဲ့အတွက် ကိုယ်က တစ်သောင်းတိုးလည်း တသောင်းအလျောက်ပေါ့။ ပိုပြီးတော့ရှာ ပိုပြီးတော့ ပင်ပန်းတာပေါ့။

ကိုယ်က ဈေးသည်ဆိုတော့ နားရက်မရှိ အဲဒီလိုမျိုးတွေရှာတာပေါ့။ အခန်းလစာတက်သွားရင် တချို့တွေက ပိုဆိုးတာဆိုရင် လူဦးရေကန့်သတ်တယ်လေ။ နေရတဲ့နေရာတွေက လူဦးရေကန့်သတ်တော့ အခန်း လေး၊ငါး ယောက်လောက်နေလို့ ရမယ့်နေရာမှာ နှစ်ယောက် သုံးယောက်လောက်ပဲလက်ခံအတွက် အခန်းက ၇သောင်း ၈သောင်းဆိုရင် နှစ်ယောက်တည်းရှာရတဲ့အတွက် စားစရိတ်သောက်စာရိတ်နဲ့ ကိုယ့်မိသားစုကို ထောက်ပံ့ရတာနဲ့ဆိုရင် ပိုဆိုးတာပေါ့။ ပိုပြီးတော့ ပင်ပန်းတာပေါ့။ သူတို့က မီတာခတိုးတယ်။ အခန်းဌားနေတဲ့သူတွေကျတော့ အိမ်လစာတိုးတယ်။ အဲလိုမျိုး အခက်အခဲလေးတွေရှိတယ်။

မီတာခတိုးမယ်လို့တော့ ကြိုမသိဘူးလေ။ ကိုယ်တွေက ကိုယ်ကိုတိုင် မဆောင်ရတော့ အဆောင်ရှင်တွေက သိလား မသိလားတော့ မသိဘူးလေ။ ကိုယ်တွေကတော့ မသိဘူးလေ သူတို့ဖက်က အခန်းလစာတိုးတော့မယ်ဆိုရင် သူတို့ရဲ့ နံရံတွေမှာ ချိတ်ဆွဲထားတာပဲ အဲဒီအခါကျရင် နောက်လဆိုကိုယ်တို့က ပေးရပြီပဲ အခန်းလစာကျတော့ နေပါအုန်းလို့ ရက်ဆိုင်းရွှေ့တာတို့ဘာတို့မရဘူးလေ ကိုယ်နေတဲ့အခန်းဆိုတော့ မဖြစ်မနေ ပေးရတာပဲ။

ဦးထွန်းလွင်
ကားမောင်း

ကျွန်တော်ကတော့ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အစိုးရက တော်တော် အကျပ်အတည်း ဖြစ်နေတယ်။ မီတာခနဲ့ ပတ်သက်ပြီးတော့ အရှုံးပေါ်နေတယ်။ အရှုံးပေါ်တဲ့အတွက်ကြောင့် မီးက မမှန်ဘူးပေါ့လေ မီးကိုပြင်ဆင်ချင်တယ်။ ဒါပေမယ့်သူက အရှုံးပေါ်နေတဲ့အတွက်ကြောင့် မလုပ်နိုင်ဘူး။ အဲ့တော့ မီတာခတိုးကောက်တာ ကောင်းတယ်လို့မြင်တယ်။
ဒါပေမယ့်တိုးကောက်ပြီးရင်တော့ မီးတော့ မှန်မှန်လာစေချင်တယ်။ ပြည်သူတွေအနေနဲ့လည်း မီးမှန်မှန်လာမှ နေရထိုင်ရတာ အဆင်ပြေတယ်။ နွေရာသီတွေဘာတွေဆိုရင်လည်းပူတယ်။ မီးမှန်မှန်လာမှ ကျွန်တော်ကတော့ သဘောကျတယ်။

ပြောနေတာကြာပြီလေ မီတာခ တိုးကောက်မယ်ဆိုတာကို ဘယ်နှ ယူနစ်ကို ဘယ်လောက်နှုန်းနဲ့ ကောက်မယ် ဘာညာဆိုတာ အမှန်ကတော့ နိုင်ငံတော်က လက်ရှိအစိုးရက တော်တော်စေတနာထားပါတယ်။ ပြည်သူတွေအတွက် တချို့ မသိဘူးဗျ တော်တော်လုပ်နေတယ် လက်ရှိအစိုးရက နိုင်ငံတော် တိုးတက်ရေးအတွက် ကျွန်တော်တို့ကတော့ ဒီအစိုးရကိုထောက်ခံပါတယ်။

ဒေါ် သိန်းသိန်းမာ
ရာသီပေါ်သီးနှံ ရောင်းချသူ

အစိုးရက ရှုံးနေတယ်ဆိုတော့ မီတာခတက်တာ ကျေနပ်ပါတယ်။ ဒါပေမယ့် မီးတော့ မှန်မှန်လာစေချင်တာပေါ့။ အဲတာမှ ပြည်သူလူထုတွေ အားလုံးကူညီလိုက်ရင် အစိုးရအနေနဲ့ သက်သာမယ်လေ။ မီးကိုတော့ မှန်မှန်လာစေချင်တယ်။

အဆမတန်ကြီးတော့ မတက်စေချင်ဘူးပေါ့။ လုပ်စားကိုင်စားရတာလဲ ကျပ်တည်းတယ်လေ စီးပွားရေးတွေကျပ်တော့လေ သူဟာနဲ့သူ တန်ရာလောက်တော့ တက်စေချင်တာပေါ့။ အစိုးရလည်းအဆင်ပြေအောင် ပြည်သူလူထုတွေလည်းအဆိုပြေအောင် မီးလေးရတော့အဆင်ပြေတယ်လေ ။ သတင်းစာထဲမှာတော့ မီတာခ တက်မယ်ဆိုတာ ဖတ်လိုက်ရပါတယ်။

မစိုးစိုး
ကွမ်းရောင်းချသူ

မီတာခတိုးသွားတာကတော့ အမတို့မကြိုက်ဘူး။ ပုံမှန်အတိုင်းပဲဖြစ်စေချင်တယ်။ မီတာခ တိုးကောက်ရင်တော့ တော်တော်ကို အခက်အခဲဖြစ်မှာ အခက်အခဲဖြစ်မယ်ဆိုတာ အမတို့ဝင်ငွေနဲ့ သုံးတဲ့ဟာနဲ့ ပေါ့နော် အမက တအားတော့ မသုံးပါဘူး။ မီတာနဲ့ ပတ်သတ်တာ အများကြီးမရှိဘူး။ ဒါပေမယ့် ဒီလက်ရှိဟာတောင် မနည်းဆောင်နေရတာ ကိုယ်ဝင်ငွေနဲ့လေ ကိုယ့်ဝင်ငွေကလည်း အဲဒီလောက်များတာမဟုတ်ဘူး။ မီတာခ တိုးမယ်ဆိုတာ ကြိုပြီးတော့ မသိပါဘူး။ သူများပြောတာကြားတော့ ကြားတယ်။ ကြားတာကတော့ လွန်ခဲ့တဲ့ ၃လ လောက်တည်းကကြားနေတာ

ဒေါ် ရီရီသန်း
ဈေးသည်

ဒီပုံစံအတိုင်းဆိုရင်လည်း မဆိုးပါဘူးကောင်းပါတယ်။ ဒီထက်အတက်ဖို့ပေါ့နော်။ အခုစားနေရတဲ့ဟာတွေ အခုက သူ့ဟာနဲ့သူ အားလုံးအဆင်ပြေပါတယ်။ ဒီထက်တက်သွားတယ်ဆိုရင် အဆင်မပြေတော့ဘူးပေါ့။ ကုန်ဈေးနှုန်းကတက်လာတယ်လေ။ အကုန်လုံးကဝယ်စားရတာ ဆန်တွေကလည်း တအားဈေးတက်တယ်။ အကုန်လုံးက တက်မယ်ဆိုတော့ အဆင်မပြေဘူး။

အန်တီတို့က ဝန်ထမ်းဆိုတော့ ဒီဝန်ထမ်းလခကို ဝန်ထမ်းတစ်ယောက် အလုပ်လုပ်တယ်ဆိုတော့ အမတို့က မှီခိုနေရတာလေ ဒီအပြင်မှာလည်း အမတို့က ဈေးရောင်းတယ်။ ဈေးရောင်းတဲ့အခါကျတော့ ဒီဝန်ထမ်း လခက ဘယ်လောက်မှ မရဘူး။ ဒီအောက်ခြေဝန်ထမ်းပေါ့။ ဒီလိုမီတာခတွေလည်း တက်မယ်။ ကုန်ဈေးနှုန်းတွေကလည်းတက်မယ်ဆိုတော့ အမတို့က အရောင်းအဝယ်က ကောင်းတာမဟုတ်ဘူး။ အဲဒီတော့ စီးပွားရေးက ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ အမတို့မှာကျောင်းသားတွေလည်းရှိတယ်။ ကျောင်းသားရှိတဲ့အတွက်ကို အမတို့က စီးပွားရေး တအားလုပ်ရတယ်။ လုပ်ရတဲ့အခါကျတော့ ဒီဝန်ထမ်းလစာနဲ့ လိုက်မမှီဘူးပေါ့။ လိုက်မမှီတဲ့ဟာကို အနောက်က ဒီလိုမျိုးတက်လာမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။

မီတာခ တက်မယ်ဆိုတာ ကြိုတော့ မသိဘူး။ အခုပြောသံတွေကြားတာပေါ့နော်။ သိတော့မသိဘူး။ အခုမီတာခ တက်မယ် ဘယ်နေ့ ဘယ်လိုတက်မယ်ဆိုတာကတော့ မသိဘူး။ အမတို့တက်မယ်ဆိုတာကတော့သိတော့သိတယ်။

မဘိုမ
သား၊ငါးရောင်းချသူ

ဒီလို လက်လုပ် လက်စားသမားပေါ့။ ဒီဈေးရောင်းပြီးတော့ ဒီအိမ်လခတောင်းမစုမိဘူး။ မဆုမိတဲ့အပြင်ကို ဒီလို အတိုးလေးထုတ်ပြီးပေးရတော့ အတိုးကတစ်ခါတက်တယ်။ အဲဒီလိုဖြစ်နေတာပေါ့။ ပိုက်ဆံက လည်ပတ်မှုမရှိဘူးပေါ့။

အန်တီတို့က အိမ်ဌားနေတာပေါ့။ တစ်လကို ၇သောင်းပေးရတယ်။ အခုလိုမီတာတွေတိုးလာပြီဆိုရင်တော့ အိမ်လခတွေက ထပ်တိုးမှာပဲ ထပ်တိုးတော့ ဒေါ်ကြီးတို့ အခက်အခဲတော့ ဖြစ်လာပြီပေါ့။ မီတာခတက်မယ်ဆိုတာ ကြိုတင်ကြားတော့ ကြားမိပါတယ်။

ကိုဝင်းကို
အချဉ်ပေါင်းရောင်းသူ

အလုပ်လုပ်နေတာကလည်း အိမ်မှာ တစ်ယောက်တည်း ကလေးကျောင်းစရိတ်နဲ့ တခြားအခကြေးငွေ သုံးစွဲနေရတာတွေလည်းရှိတယ်လေ။ ဖြစ်နိုင်ရင်တော့ မတိုးစေချင်ဘူးပေါ့ကွာ။ လုပ်နေရတာလည်း တစ်ယောက်တည်း ဝင်ငွေကလည်း အချဉ်ပေါင်းရောင်းနေတာလေးပဲရှိတယ်ဆိုတော့ သိပ်ပြီးတော့ ဝင်ငွေက မရှိဘူးဗျ။ ကိုယ်ကြီးအလုပ်လုပ်မှ မိသားစုက စားရတာဆိုတော့ များသောအားဖြင့်တိုးတော့ မတိုးစေချင်ဘူးဗျ။ ပုံမှန်လေးပဲသွားစေချင်တယ်။ ကိုယ်ကြီးကတော့ အဲတာလေးပဲ ပြောချင်တာပါ။

အခက်အခဲကတော့ ပိုရှာရတော့မှာပေါ့။ အများဖြစ်နိုင်ရင်တော့ ကိုယ်တစ်ဦးတစ်ယောက်တည်းဆိုရင်တော့ မတိုးစေချင်ဘူး။ မသိခဲ့ဘူး။ တစ်နေ့ကုန် ဈေးရောင်းနေရတော့။

ဒေါ်အေးအေးမော်
သီးနှံရောင်းချသူ

အရောင်းအဝယ်တွေကလည်း ပါးတယ်ဆိုတော့ အဆင်မပြေဘူးပေါ့။လက်ရှိဝင်ငွေနဲ့ ပြောရရင် အခုဈေးရောင်းတာတောင် ၈ထောင် ၁သောင်းလောက်ပဲ မြတ်တာဆိုတော့ မီတာခ တွေပေးမယ်ဆိုရင် အမြတ်ငွေထဲကနေ ပါမှာပေါ့။ ပြေလည်မှုတော့မရှိဘူးပေါ့။ မီက အမတို့က သုံးစွဲတာတော့ သိပ်မရှိပါဘူး။ အရင်က စောင်ရရင် လေး၊ငါး ခြောက်ထောင် လောက်စောင်ရတယ်။ အခုလို တက်သွားတယ်ဆိုရင်တော့ သောင်းကျော်သွားရင်တော့ ကိုယ့်အမြတ်ငွေနဲ့ အဆင်မပြေဘူးပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts