All News Local News

လာရှိူး လဝက ဝန်ထမ်း ၈ ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအမှုဖွင့်

လာရှိူး လဝက ဝန်ထမ်း ၈ ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအမှုဖွင့်

ရန်ကုန်၊ ဇွန်လ ၁၂

ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၈ ဦးကို အဂလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ.ဝ.က)ရုံးမှ မြို့နယ်ဦးစီးမှူး တိုက်နယ်မှူး များသည် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုး စာရင်းပြုလုပ်ခြင်း တို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူ ပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှ အဂတိလိုက်စားမှု စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ရန်တို့အတွက် စုစုပေါင်းငွေကျပ်(၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အဂတိလိုက်စားခဲ့ကြောင်း သိရှိရသည်။

ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ်(၁၅)သိန်းကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ် (၂၁)သိန်း၊ အကျိုးဆောင် အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်းအတွက် ငွေကျပ်(၅)သိန်းနှင့် မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ်(၆.၈)သိန်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်သည် အိမ်ထောင်စု စာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက်ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း အဂတိလိုက်စားသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားသည့် ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး (လဝက-၁၆၅၃၂) ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၆၉၃၅) ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၇၁၂၆) ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၆၈၆) ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၁၅၇၅၉)ဒေါ်အိအိမွန်အောင် နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၅၇၉၁) ဒေါ်ခင်မေထွန်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။ ၊

လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၄၆၁) ဉီးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်း တို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းတွင် ဇွန်လ ၁၂ ရက်နေ့ အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရှိရသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com