All News interview

” ရွာသားတစ်ယောက် ထွက်ပြေးရာက သေနတ်ထောင်ဖောက်ရင်း ကျန်တဲ့သူတွေ တောင်တောင်အီအီ ပြေးရာကနေ ကင်းသမားဖက်ကိုပြေးလို့ ပစ်ခံရတာ”

By ချမ်းမြေ့ / ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်နှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ပစ်ခတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်သွားရောက်စုံစမ်းစစ်ဆေးခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။ထိုပစ်ခတ်မှု ကြောင့် ကျေးရွာသား ၆ ဦးသေဆုံးကာ ၊ ၈ ဦး ဒဏ်ရာရှိပြီး ရွာသား ၆ ဦးလည်း ဖမ်းဆီးအရေးယူခံခဲ့ရပြီး တပ်မတော်ကလည်း ပစ်ခတ်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

မေး။ ။ ရခိုင်ပြည်နယ် ကျောက်တန်းဖြစ်စဉ်မှာ တပ်မတော်ရဲ့ ပစ်ခတ်မှုက ဘယ်လိုဖြစ်တာပါလဲ။

ဖြေ။ ။ ရည်ရွယ်ချက်နဲ့ ဖြစ်တာမဟုတ်ဘူး။ အဓိကက ရွာသား၂၇၅ယောက်မှာ ကျောင်းအဆောင်၃ဆောင်ရယ် အရှေ့က အုတ်တံတိုင်းတွေကြားမှာ ကွပ်လပ်ရှိတယ်လေ။ တန်းစီးတဲ့ကွင်းကွက်လပ် အလံတိုင်းကွင်း ကွက်လပ်ပေါ့။ အလံတိုင်းကွင်းထဲမှာ သူတို့စုံပြီးတော့ အိပ်ကျတာပေါ့။ စုပြီး အိပ်ကျတယ် ပတ်ချာလည်က အဆောင်သုံးဆောင်မှာတော့ ကင်းသမားတွေရှိတာပေါ့။ အဲဒီထဲက ရွာသားတစ်ယောက်က ည ၂နာရီ ၁၅လောက်မှာ အုတ်တံတိုင်းနားကို ကပ်ပြီးတော့ အပေါ့အပါးသွားတာပေါ့။ သွားလည်းပြီးရော အုတ်တံတိုင်းက ခါးသာသာ လောက်ပဲရှိတာပေါ့။

သူကအဲဒီ အုတ်တံတိုင်းကိုကျော်ပြီး ထွက်ပြေးတာ ထွက်ပြေးတော့ ရိုးရိုး ထွက်မပြေးဘဲနဲ့ ပြေးကြတော့ ဟေ့ပြေးကြဟေ့ ဆိုပြီးတော့ အော်ပြီးထွက်ပြေးတာ ပြေးသွားတော့ ကင်းသမားက မပြေးနဲ့ မပြေးနဲ့ဆိုပြီးတော့ ကောင်းကင်ကို ထောင်ဖောက်တာပေါ့။ သေနတ်ထောင်ဖောက်တယ် သူကပြေးတော့ လွတ်သွားတာပေါ့။ သူအော်တဲ့အသံရယ် သေနတ်ထောင်ဖောက်တဲ့အသံရယ်ကြားတော့ ကွင်းထဲမှာ အိပ်နေတဲ့သူထဲက စိတ်မနှံ့သူက ပြေးကြဟေ့ ပြေးကြဟေ့ဆိုပြီးတော့ ထအော်တာ ထအော်တော့ ရွာသားတွေက လန့်ပြီးတော့ ပြေးကျတော့တာပေါ့။

ပြေးကြတော့ ပတ်ချာလည်မှာလည်း ကင်းက အဆောင် သုံးဆောင်ကလည်း ဂ ပုံသဏ္ဍန်ပေါ့နော်။ အဆောင်တွေ့ စပ်ဆောက်ထားတာမဟုတ်ဘူး တစ်ဆောင်စီဆောက်ထားတာ တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ လွတ်တဲ့နေရာလေးတွေရှိတယ်။ အဲဒီတော့ ကင်းသမားကလည်း ပတ်ချာလည်မှာ ၆ယောက်လောက်ရှိတယ်။ ကင်းသမားနဲ့ လွတ်တဲ့နေရာကိုပြေးတဲ့သူက လွတ်သွားကျတာပေါ့။ ၄ယောက်လောက် လွတ်သွားတယ်လို့တော့ ပြောတယ်။ အဲဒီနေ့ကလည်း ဆိုလာမီးကလည်း ပျက်နေတယ်။ ဘက်ထရီကုန်သွားလို့ ဘေးနား ဆောက်လုပ်ရေးက မီးသေးသေးလေးကို ယူပြီးတော့ ထွန်းထားတယ်။ အဲဒီလိုထွန်းထားတော့ ကွင်းတစ်ခုလုံးကို လုံးလောက်တဲ့အလင်းရောင်မရဘူး မှောင်နေတာပေါ့။ မီးရောင်က မပြည့်စုံ မှောင်မှောင်မဲမဲနဲ့ ဝိုးတိုးဝါးတားတွေဖြစ်နေချိန်မှာ လူတွေက ရုန်းရင်းဆန်ခတ် ထပြေးကျတာ ပြေးကျတော့ တချို့လည်း ကင်းသမားတွေရှိတဲ့ဖက်ကို ပြေးမိကျတာပေါ့။

ပြေးမိတော့ ကင်းသမားကလည်းသူတို့ဆီလာတော့ မပြေးနဲ့ ဆိုပြီးတော့ ကောင်းကင်ထောင်ဖောက်တယ်။ တားမရတော့ အောက်ကိုပစ်တယ်။ အောက်ကို ထိုးပစ်တော့ မှန်တာပေါ့။ မှန်တော့ ကျွန်တော်တို့တွေ့ရတဲ့ အလောင်းနေရာ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့လိုက်ရတဲ့နေရာကတော့ ကင်းသမားတွေရှိတဲ့ တောင်ဖက်က ဝရမ်တာမှာ နှစ်ယောက်သေတာတွေ့တယ်။ သူတို့ကကင်းသမားတွေရှိတဲ့နေရာကိုပြေးလို့ ကင်းသမားပစ်တယ်လို့ ယူဆရတယ်ပေါ့။နောက်တစ်ခုက မြောက်ဖက်ကအဆောင်ထိပ်မှာ ကျောင်းအုပ်ကြီး ရုံးခန်းရှိတယ်။ အဲ့ဒီ ကျောင်းအုပ်ရုံးမှာ အရာရှိတစ်ယောက် ဗိုလ်ကြီးတစ်ယောက်က အိပ်တယ်။ အိပ်တော့ အဲဒီဗိုလ်ကြီးက အပြင်မှာ ဆူညံဆူညံကြားတော့ သေနတ်ကိုင်ပြီး ထွက်လာတာပေါ့။

ထွက်လာတဲ့အချိန်မှာ လူတွေက အုပ်လိုက်ကြီး အော်ဟစ်ပြီးတော့ သူဆီကို ၈ယောက်ကပြေးလာတယ်။ ပြေးလာတော့သူက မလာနဲ့ မလာနဲ့ မပြေးနဲ့ မပြေးနဲ့ဆိုပြီးတော့ ကောင်းကင်ကို နှစ်ချက်ထောင်ဖောက်တယ်။ နှစ်ချက်ထောင်ဖောက်ပေမယ့် အဲဒီလူတွေက သူ့ဆီကို ဆက်ပြေးလာတော့ သူကရုံးခန်းထဲကိုဝင်ပြေးတယ်။

ရုံးခန်းထဲဝင်ပြေးတော့ အဲဒီလူတွေက ရုံးခန်းထဲထိဝင်လိုက်လာတယ်။ ဝင်လိုက်လာတော့ အခန်းထဲထိရောက်တော့ သူ(ဗိုလ်ကြီး) လည်းကြောက်တော့ အဲဒီလူတွေကို အဲဒါတော့ချိန်းပြီးပစ်ထည့်လိုက်တာပေါ့။ ချိန်းပြီးပစ်ထည့်လိုက်တော့ ပြေးလာတဲ့လူတွေတည်းကသုံးယောက်ကသေသွားတယ်။ ကျန်တဲ့သူတွေက သေနတ်နဲ့ ပစ်တော့ မဝင်ရဲကျတော့ဘူး။

တခြားနေရာဆက်ပြေးတာပေါ့။ ဗိုလ်ကြီးကတော့အခန်းထဲမှာ သူနဲ့ လူသုံးယောက်နဲ့ ကျန်ခဲ့တာပေါ့။ အဲဒီချိန်မှာ တပ်ရင်းမှူးက ရောက်လာပြီးတော့ အပစ်ရပ်ဖို့ ပြောတယ်။ အပစ်ရပ်သွားတော့ လူစစ်လိုက်တော့ ၄ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်။ ဗိုလ်ကြီးအခန်းထဲမှာ သုံးယောက်သေတယ်ပေါ့။ ကင်းသမားတွေဖက်ပြေးတဲ့သူက နှစ်ယောက်သေတယ်ပေါ့။ လူအုပ်ထဲမှာ သေတာကတော့ တစ်ယောက်ပဲသေတာ လူအုပ်ထဲမှာသေတဲ့လူက ကံဆိုးတာက ရမ်းပစ်ရင်း မှန်သွားတဲ့သဘောပေါ့။ ကင်းသမားတွေဖက်ကျတော့ သူတို့ဖက်ကိုလူပြေးလာတော့ ပစ်တာပေါ့။ ဗိုလ်ကြီး ကျတော့လည်း သူအိမ်တဲ့အခန်းထဲ ပြေးလာကြတော့ ပစ်တာပေါ့။ အဲဒီတော့ သူတို့ကို အပြစ်ရှိတယ် ပြောဖို့ကျတော့ နည်းနည်းခက်သွားတာပေါ့။

မေး။ ။ တပ်မတော်ဘက်ကို စစ်ဆေးတုန်းကကော ဘယ်လိုအခြေအနေရှိလဲ အဆင်ပြေပြေစစ်ဆေးလို့ ရလား။

ဖြေ။ ။ သူတို့ ကြည်ကြည်ဖြူဖြူ ရိုရိုသေသေ ကောင်းကောင်းမွန်မွန်ပဲ အစစ်ခံပါတယ်။

မေး။ ။ ဆရာတို့ စစ်ဆေးခဲ့စဉ်က တပ်မတော်ရဲ့ စစ်ဆေးမှုဟာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောတာတွေရှိလား။

ဖြေ။ ။ အဲတာတော့ ရွာသားတွေက မပြောဖူးဗျ သူတို့ကို မတရား ပစ်တယ်လို့တော့ မပြောဘူး။ အကုန်လုံးကတော့ ခြောက်ခြောက်ချားချား ပတ်ပြေးရင်းနဲ့ သေနတ်သံတွေ ကြားတယ်လို့ သဘောပြောတာပေါ့။ သူတို့ကို တမင်ပစ်တယ်လို့တော့ မပြောပါဘူး။

မေး။ ။စစ်ဆေးမှူးတွေအပြီး ဖမ်းဆီးခံရတဲ့သူတွေက ဘာကြောင့်ဖမ်းဆီးထားတယ်လို့ သိရလည်း ဆရာတို့ စုံစမ်းတုန်းကပေါ့။

ဖြေ။ ။ သူတို့က အဲဒီ အသုတ်လိုက်ပေါ့။ ၂၇၅ယောက်ထဲက လေးယောက်က ထွက်ပြေးသွားတယ်ပေါ့။ ဒဏ်ရာရတာ ရှစ်ယောက်ရှိတယ်။ ဒဏ်ရာရသူတွေတည်းက တစ်ယောက်ကရန်ကုန်ရောက်မှသေတာပေါ့။ ကျန်တဲ့သူတွေကို စစ်ဆေးရင်းနဲ့ ပထမတစ်သုတ်ဆိုပြီးတော့ လူတစ်ရာကျော်ပြန်လွှတ်တယ်။ စစ်လိုက်ဆေးလိုက်နဲ့ ပြန်လွှတ်လိုက်တယ်။ ရွာထဲမှာပဲနေကျဆိုပြီးတော့ထားတယ်ပေါ့။ စစ်ရင်းစစ်ရင်းနဲ့ တစ်ယောက်ယောက်ကတော့ ပြောမှာပေါ့။ ဒါကတော့ AAအဖွဲ့က ဘယ်သူပါတယ် ပြောမှာပေါ့။ ပြောတဲ့အခါကျတော့ လွှတ်ပြီးသားလူကို ပြန်ခေါ်ပြီးတော့ ပြန်ဖမ်းတာ အဲဒီတော့ အချင်းချင်းဖော်ကျတာပေါ့။ သူတို့က AAနဲ့ ဆက်သွယ်ပါတယ်။ ပြောကျတဲ့အခါမှာ အဲဒီပြောတဲ့သူတွေကိုဖမ်းတာပေါ့။ ဖမ်းပြီးတော့ စစ်တွေရဲစခန်းကိုပို့တယ်။ စစ်ဆေးတယ် စစ်ဆေးပြီးတော့မှ လက်မှတ်တွေဘာတွေထိုးပြီးတော့မှ တရားရုံးကိုတင်လိုက်တယ်ပေါ့။

မေး။ ။ ဆရာတို့ သုံးရက်ကြား စစ်ဆေးတဲ့ စစ်ဆေးမှုက လုံလောက်မှုရှိရဲ့လား။

ဖြေ။ ။ သုံးရက်မှာ ပထမတစ်ရက်က စစ်တွေအချုပ်ထဲမှာ ရှိနေတဲ့သူတွေကို စစ်တာပေါ့။ ဒုတိယရက်က ကျောက်တန်းစာသင်ကျောင်းကိုသွားကြည့်တာပေါ့။ စာသင်ကျောင်းကိုသွားကြည့်ပြီးတော့ ရွာသားတွေနဲ့ တွေ့တာပေါ့။ ရွာသားတွေတင်ပြတဲ့အခြေအနေတွေကိုနားထောင်ပါ့မယ်။ သွားပြောတာပေါ့။ သွားပြောပြီးတော့မှ ရသေ့တောင်ပြန်လာပြီးတော့မှ အဲဒီရွာသားတွေထဲမှ ပြောချင်တဲ့သူတွေက လာပြီးတော့ ကျွန်တော်တို့ကိုပြောတာပေါ့။

ကျွန်တော်တို့မေးတာကတော့ စစ်တွေ အချုပ်ထဲမှာရှိတဲ့သူ ၈ယောက် ရွာကအဲဒီ၈ယောက်ရဲ့ အမျိုးတွေပေါ့နော်။ နောက်သေဆုံးသွားတဲ့သူတွေရဲ့ အမျိုးတွေ တပ်မတော်သား၈ယောက်၊ ရင်ခွဲ ဆရာဝန်တစ်ယောက်ပေါ့။ စုစုပေါင်း ၃၈ယောက်ကိုမေးမြန်းခဲ့တာပေါ့။ ရွာသား ၂၉ယောက်ကိုမေးတော့ ရွာသားတစ်ယောက် ထွက်ပြေးရာက သေနတ်ထောင်ဖောက်ရင်း ကျန်တဲ့သူတွေ တောင်တောင်အီအီ ပြေးရာကနေ ကင်းသမားဖက်ကိုပြေးလို့ ပစ်ခံရတာလို့ ရွာသားတွေကပြောပါတယ်။ ထုတ်ပြန်ချက်က အတိုင်းပြောဆိုတာပေါ့။

မေး။ ။ ဒီဖြစ်စဉ်ကို ကိုယ်တိုင်စစ်ဆေးခဲ့တော့ ဖြစ်စဉ်တစ်ခုလုံး ခြုံငုံ သုံးသပ်ပေးပါအုန်း။

ဖြေ။ ။ အဓိကကတော့ ရွာသားတွေထဲမှာ AAရှိနေတယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးရာကနေ စတာပေါ့။ ကျွန်တော်တို့အနေနဲ့ကလည်း တကယ်လို့များ AAအဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်းကိုယ်လုပ်တာ မပြောလိုပါဘူး။ သို့သော် ရွာသူရွာသားကြားထဲမှာ ဝင်နေခဲ့မယ်ဆိုရင်တော့ ရွာသားတွေက နစ်နာတာပေါ့။ အခုလို နစ်နာပြီး အစစ်ဆေးခံရတယ်။ အစစ်ဆေးခံရတော့ ရွာသားက ကြောက်လို့ ထွက်ပြေးတယ်။

ပြေးတော့ တပ်ကပစ်တယ် အဲဒီလိုနဲ့ ဂျအေးကို သူ့အမေရိုက်သလိုပဲ အကုန်လုံး အဓိက နစ်နာတော့ ရွာသားဖြစ်နေတာပေါ့။ တပ်အနေနဲ့ကလည်း အခုလိုဖြစ်စဉ်မျိုးတွေထပ်မဖြစ်အောင် သတိထားပြီး လုပ်ဖို့နဲ့ စစ်ဆေးတဲ့အခါမှာလည်း ရွာသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးမထိခိုက်အောင် သတိထားပြီးလုပ်ဖို့ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံတာပါပဲ။

ဓာတ်ပုံ- ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းရွာသားများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ၈ ဦးအနက်မှ ဒဏ်ရာရရှိသူ ကိုအောင်လင်းကျော်သည် မေလ ၁၅ ရက်နေ့က မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသခံယူနေရင်း ကွယ်လွန်သွားခဲ့သည်။ Photo Credit- Narinjara

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com