Features Local News political news

ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး မြေကွက် ၇၃၈ ကွက် အရှုပ်တော်ပုံမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ အမှုပေါင်း ၃၆ မှုနဲ့ တိုင်ကြားခံထားရ

ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး မြေကွက် ၇၃၈ ကွက် အရှုပ်တော်ပုံမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ အမှုပေါင်း ၃၆ မှုနဲ့ တိုင်ကြားခံထားရ

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ လေးဒေါင့်ကန် စံပြကျေးရွာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် မြေကွက် ၇၃၈ ကွက် ချထားပေးခဲ့ပြီး အဲဒီမြေကွက်ကတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီက စီမံခန့်ခွဲရာမှာ ငွေကြေးအလွဲသုံးစားမှု၊ မြေကွက်ရိုက်ရောင်းစားမှု၊ ရပ်ကွက်ရုံးကို ကြံ့ခိုင်ရေးပါတီရုံး ပြောင်းလဲမှုတွေရှိတယ်ဆိုပြီး အမှုပေါင်း ၃၆ မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဦးမြင့်ဆွေ လက်ထက် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ လက်ထက် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ကျူးကျော်ပပျောက်ရေး စီမံချက်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ လေးဒေါင့်ကန်ကျေးရွာ၊ သံလမ်း အနောက်ဘက်ခြမ်းမှာ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

အဲဒီစီမံချက် အကောင်အထည်ဖော်ဖို့ လယ်သမားကြီး ၆ ဦးက သူတို့ပိုင်ဆိုင်တဲ့ မြေဧက ၃၈ ဒသမ ၈၆၁ ဧကကို လှူဒါန်းလိုက်ပါတယ်။ အဲဒီ မြေ ၃၈ ဒသမ ၈၆၁ ဧကကို ခွဲခြမ်းလိုက်တဲ့အခါမှာ မြေကွက် ၇၃၈ ကွက်ရရှိပါတယ်။ အဲဒီ မြေကွက် ၇၃၈ ကွက်ကို ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်ကြတဲ့ ဦးကျော် က ဥက္ကဋ္ဌ ၊ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးချစ်ညွှန့်က ဒုတိယဥက္ကဋ္ဌ ကော်မတီဝင် ၃၂ ဦး ဖွဲ့စည်းပြီး မြေကွက်တွေကို စီမံခန့်ခွဲမှု စတင်ခဲ့ပါတယ်။

မြေကွက်တွေ ခွဲဝေပြီ

မြေဧက ၃၈ ဒသမ ၈၆၁ မှာ လှူဒါန်းတဲ့ လယ်သမား ၆ ဦးကို ၁ ဧက မြေကွက် ၅ ကွက်နှုန်းနဲ့ မြေကွက် ၁၆၉ ကျော်ကို ပြန်လည်ပေးဝေခဲ့ပါတယ်။ မြေကွက်တွေကို ခွဲဝေရာမှာ အလျား ပေ ၂၀ ၊ အနံ ပေ ၆၀ မြေကွက် တစ်ကွက်ကို ၃၂၀၀၀၀ နှုန်း၊ အလျား ၁၀ ပေ – အနံ ၆၀ မြေကွက် ၁ ကွက်ကို ၁၇၅၀၀၀ နှုန်းနဲ့ ကောက်ခံပြီး အဲဒီကောက်ခံမှု ငွေတွေဟာ စည်ပင်သာယာ စရိတ်အဖြစ် ပေးသွင်းရတာပါ။

၂၀၁၅ ခုနှစ်၊ မတ် ၃ ရက်နေ့မှာ မြေကွက် ၁၂၄ ကွက်အတွက် တစ်ကွက်လျှင် ၃၂၀၀၀၀ ကျပ်နှုန်းနဲ့ ငွေကျပ် သိန်း ၃၉၆၈၀၀၀၀ ကျပ် ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ပေးသွင်းခဲ့ပြီး မြေကွက် ၁၂၄ ကွက်အတွက် ငွေသွင်းပြီး မြေချပါမစ်တွေ ထုတ်ယူခွင့် ရရှိခဲ့ပါတယ်။

ငွေကြေးကောက်ခံမှုတွေနဲ့ မြေကွက်လျှောက်ထားမှုတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေ ပါဝင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီကပဲ အဓိက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မြေကွက် ၂၄၈ ကွက်အတွက် တစ်ကွက်လျှင် ငွေကျပ် ၃၂၀၀၀၀ ကျပ်နှုန်းနဲ့ သိန်း ခုနစ်ရာသုံးဆယ်ကိုးသိန်းခြောက်သောင်း ကောက်ခံထားခဲ့ပါတယ်။ ဒါပေမယ့် ဒီငွေတွေကို ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီက မပေးသွင်းခင် ပြဿနာတွေ စတင်ဖြစ်ပွားလာပါတယ်။

ပြဿနာတွေစတင်ပြီ

ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက် စတင်ချိန်က အိမ်ခြံမြေမရှိတဲ့ အိမ်ထောင်စုတစ်စုလျှင် ပေ ၄၀ – ပေ ၆၀ မြေကွက် တစ်ကွက်စီပေးမယ်လို့ ဆိုခဲ့ပေမယ့်လည်း ပေ ၂၀ – ပေ ၆၀ မြေကွက်တွေသာ ပေးတာမို့ တိုင်ကြားမှုတွေ ၂၀၁၆ ခုနှစ်မှာ စတင်လာခဲ့ပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ မြေကွက်များရောင်းမစားရ၊ ကိုယ်ပိုင်ခြံမြေရှိပါက မပေးရ၊ အခြားကျေးရွာများမှ လျှောက်ထားခွင့်မရှိ အပါအဝင် စည်းကမ်းသတ်မှတ်ချက် တွေရှိပေမယ့်လည်း ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီကိုယ်တိုင်က မလိုက်နာဘဲ ရောင်းချမှုတွေ ရှိတယ်လို့ တိုင်ကြားမှုတွေ ဖြစ်ပေါ်လာပါတယ်။

ကော်မတီဝင် ၃၂ ဦးက ယခင်ကတည်းက ပေ ၂၀ – ပေ ၆၀ မြေကွက်တစ်ကွက်စီ ရရှိထားပြီး နောက်တိုး ပြည်သူတွေကို ပေးတဲ့အခါမှာလည်း ၁၀ ပေ – ပေ ၆၀ မြေကွက် တစ်ကွက်စီကို အရန်ကော်မတီဝင်တွေကို ထပ်မံ ပေးခဲ့တဲ့အပြင် ဗဟိုကော်မတီ ၁၁ ဦးကလည်း ပေ ၂၀ – ပေ ၆၀ မြေကွက် တစ်ကွက်စီ ထပ်မံ ရယူခဲ့တယ်လို့ တိုင်ကြားခဲ့ကြပါတယ်။

ဒါ့အပြင် စီမံကိန်းနဲ့ ကပ်လျှက်ရှိတဲ့ စားကျက်မြေ ၂ ဧကကို ငွေကျပ်သိန်းပေါင်း ၄၅၀ နဲ့ လျှပ်စစ်မီးအတွက်လို့ ဆိုပြီး ဦးကျော်နဲ့ ဦးချစ်ညွှန့်တို့က ရောင်းချထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တိုင်ကြားမှုတွေ မကြာခဏ ရှိနေခဲ့တာပါ။

ကြံ့ခိုင်ရေးပါတီဝင်တွေပါဝင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီ ဖျက်သိမ်းခံရခြင်း

ကြံ့ခိုင်ရေးပါတီဝင်တွေ ပါဝင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိစဉ်မှာ ရပ်မိရပ်ဖ ဦးစံလှိုင် အပါအဝင် ဒေသခံ ၂၄၅ ဦးက အခြေအနေအရပ်ရပ်ကို စာပေးပို့ တိုင်ကြားခဲ့ပါတယ်။

ဒီတိုင်ကြားချက်ကြောင့်ပဲ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဖျက်သိမ်းပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီအသစ်ကို ဖွဲ့စည်းပေးလိုက်ပါတယ်။

ဒါပေမယ့် ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီဟောင်းက ငွေကြေး သိန်း ၇၀၀ ကျော်နဲ့ စာရွက်စာတမ်းတွေ လွှဲပေးတာမရှိဘူးလို့ ရပ်ကွက်သစ် ဖော်ဆောင်ရေးကော်မတီသစ် ဥက္ကဋ္ဌ ဦးစံလှိုင်က ဆိုပါတယ်။

“ကျနော်တို့ကို ဘာမှ လွှဲမပေးဘူး။ အကြိမ်ကြိမ်တိုင်တယ်။ ဘာမှ ဖြစ်မလာဘူး။ ငွေကြေးတွေလည်း လွှဲမပေးဘူး။ ငယ်မူ စာရွက်စာတမ်းတွေလည်း မလွှဲဘူး” လို့ ဦးစံလှိုင်က ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ရုံးများ ပေါ်ထွန်းလာခြင်း

ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီအဟောင်းက ကြံ့ခိုင်ရေးပါတီအတွက် မြေကွက် ၄ နေရာ လှူဒါန်းခဲ့ပြီး ကော်မတီရုံးခန်းကိုလည်း ကြံ့ခိုင်ရေးပါတီ ရုံးအဖြစ် အသုံးပြုလိုက်ပါတယ်။ ဒီလို အသုံးပြုမှုကို ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီသစ် က သဘောမတူဘဲ ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။

“၂၀၁၄ မှာ ကော်မတီဝင် ၃၂ ဦးလုံး သဘောတူညီချက်နဲ့ ဒီမြေနေရာကို ကြံ့ခိုင်ရေးပါတီကို လှူဒါန်းတာပါ။ လှူဒါန်းတယ်ဆိုပေမယ့် ဒီနေရာ ပြည်သူပိုင်တဲ့ နေရာပါ။ ဘယ်သူမဆို လာပြီး နားနေလို့ရတယ်။ ပွဲလမ်းတွေ လုပ်လို့ရတယ်” လို့ ရပ်ကွက်သစ်ဖော်ဆောင်ရေး ကော်မတီအဟောင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်ညွှန့်က ဆိုပါတယ်။

ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီသစ်ကတော့ ကြံ့ခိုင်ရေးပါတီရုံးအဖြစ် ပြည်သူပိုင်မြေကွက်ကို အသုံးပြုခွင့် မပြုနိုင်ဘဲ ပြန်လည်ရရှိဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ငွေကျပ် သိန်း ခုနစ်ရာကျော် မလွှဲပေးခြင်း

မြေကွက် ၂၄၈ ကွက်အတွက် ကောက်ခံထားငွေကျပ် သိန်း ခုနစ်ရာကိုးဆယ့်သုံးသိန်းခြောက်သောင်းကျပ်ကို ကော်မတီဟောင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ပေးသွင်းခြင်းမရှိသေးဘဲ ကိုင်ထားပါတယ်။

“ကျနော်တို့ မြေကွက်အတွက် ငွေသွင်းမယ်ဆိုပြီး ပြင်ဆင်တဲ့အချိန်မှာ မသွင်းနဲ့ဆိုပြီး သွားတားတယ်။ အဲဒီတော့ ငွေက သွင်းမရဘူး။ အခု စည်ပင်ကို မသွင်းရသေးတဲ့ ငွေသိန်း ၇၀၀ ကျော်ရှိတယ်”လို့ ကော်မတီဟောင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးချစ်ညွန့်က ဆိုပါတယ်။

ကော်မတီဟောင်းကနေ ကော်မတီသစ်ကို ငွေကြေးတွေ လွှဲမပေးသေးဘူးလို့ သူက ဆိုပါတယ်။

သိန်း ၈၀၀ ပေးရမယ်၊ ကော်မတီဟောင်း လုပ်ကိုင်ထားတာ လက်ခံရင် လွှဲပေးမယ်

လက်ရှိ ကော်မတီသစ်အနေနဲ့ ကော်မတီဟောင်းဆီက စာရွက်စာတမ်းနဲ့ ငွေကြေးတွေ လွှဲပြောင်းတာလက်ခံချင်ရင် ကော်မတီအဟောင်းရဲ့စိုက်ထုတ်ငွေ သိန်း ၈၀၀ ပေးရမယ့် အပြင် ကော်မတီဟောင်း လုပ်ကိုင်ခဲ့တာတွေကို လက်ခံရမယ်လို့ ကော်မတီဟောင်း ဦးချစ်ညွှန့်က ဆိုပါတယ်။

“ကျနော်တို့ စလုပ်တုန်းက ဘယ်သူမှ ငွေမရှိဘူး။ ဒီရပ်ကွက်ကြီးပေါ်လာဖို့ ၂၈ ဦးဆီကနေ ငွေတွေ ယူထားတာ။ ချေးထားတာရှိတယ်။ အဲဒါက သိန်း ၁၆၀၀ လောက်ရှိတယ်။ အဲဒီမှာသိန်း ၈၀၀ လောက်ကျန်သေးတယ်။ အဲဒီသိန်း ၈၀၀ ကို ကော်မတီသစ်က ဆပ်မယ်ဆိုရင် ဒီစည်ပင် သွင်းရမယ့် ငွေတွေလည်း ပေးလိုက်မယ်။ အကုန်လွှဲပေးလိုက်မယ်။ အခုက မလွှဲနိုင်ဘူး” လို့ ဦးချစ်ညွှန့်ကဆိုပါတယ်။

ကော်မတီဟောင်း ဥက္ကဋ္ဌ ဦးကျော်ကတော့ ဒီရပ်ကွက်ကြီးပေါ်ပေါက်လာဖို့ ကြံ့ခိုင်ရေးအသင်း ဘ၀ ၂၀၀၉ ခုနှစ်ကတည်းက တင်ပြ တောင်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အသင်းဘဝကတည်းက ကျနော်တို့က ကြိုးစားခဲ့ရတာ။ ဒီရပ်ကွက်ကြီးဖြစ်လာဖို့ကို ” လို့ ဦးကျော်က ဆိုပါတယ်။

လက်ရှိမှာလည်း ကော်မတီဟောင်းတွေ အများစုက ကြံ့ခိုင်ရေးပါတီဝင်များအဖြစ် ရှိနေကြဆဲဖြစ်ပါတယ်။

အမှုဖွင့်ကြခြင်း

ကြံ့ခိုင်ရေးပါတီဝင်တွေ ပါဝင်တဲ့ ကော်မတီအဟောင်း ၁၉ ဦးကို ငွေသွင်းထားတဲ့ ပြည်သူတွေက ဒဂုံမြို့သစ် အရှေ့ပိုင်း ရဲစခန်းမှာ အမှုဖွင့်ထားကြပါတယ်။

ငွေကျပ် ၃၂၀၀၀၀ စီ ပေးသွင်းထားတဲ့ ပြည်သူ တစ်ဦးချင်းစီက အမှုပေါင်း ၃၄ မှု ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ရပ်ကွက်ဖော်ဆောင်ရေးကော်မတီသစ်ဘက်ကလည်း အများပြည်သူထံက ကောက်ခံထားတဲ့ ငွေကျပ် သိန်း ၇၀၀ ကျော်ကို ကော်မတီဟောင်းက လွှဲပြောင်းမပေးတာ၊ စာရွက်စာတမ်းတွေ ၊ အထောက်အထားတွေ လွှဲမပေးတာ၊ စီမံခန့်ခွဲပိုင်ခွင့်တွေ လွှဲမပေးတာနဲ့ပတ်သက်လို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာ ပုဒ်မ ၄၀၉ ၊ ပ ၆၀၆/၁၉ နဲ့ မေလ ၂၆ ရက်နေ့မှာ အမှုဖွင့်လိုက်ပါတယ်။

ကြံ့ုခိုင်ရေးပါတီဝင် ပါဝင်တဲ့ ကော်မတီဟောင်း ၁၉ ဦးဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာ အမှုပေါင်း ၃၆ မှုကို လတ်တလော ရင်ဆိုင်နေရပြီး များမကြာမီ အမှုတွေ ထပ်တိုးလာဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကော်မတီသစ်က အမှုဖွင့်တာမဟုတ်ဘူး။ သက်ဆိုင်ရာ ထွေ/အုပ်က အမှုဖွင့်ခိုင်းလို့ ကော်မတီဟောင်းကို အမှုဖွင့်လိုက်တာ။ အခု ကော်မတီသစ်က ၆ လကျော်လာပြီ ဘာတစ်ခုမှ လက်ထဲ မရောက်သေးဘူး” လို့ ကော်မတီသစ်ဥက္ကဋ္ဌ ဦးစံလှိုင်က ဆိုပါတယ်။

အလွယ်တကူ မပြီးမယ့် ပြဿနာမှာ နစ်နာသူက ပြည်သူတွေ

ကော်မတီသစ်နဲ့ ကော်မတီဟောင်းအကြား လွန်ဆွဲပွဲ တွေရှိနေချိန်မှာ အမှန်တကယ် နစ်နာနေတဲ့ ပြည်သူတွေက ကယ်သူမဲ့ ဖြစ်နေပြီး နစ်နာနေတယ်လို့ ကော်မတီသစ် အတွင်းရေးမှူး ဒေါ်ညွှန့်ညွှန့်အေးက ဆိုပါတယ်။

“အမျိုးမျိုးလုပ်လို့မှ မရရင် ဆန္ဒထုတ်ဖော်မယ်” လို့ ဒေါ်ညွှန့်ညွှန့်အေးကဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ လက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့တဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက် မြေကွက်တွေ ချထားပေးမှုက အမှုအခင်းတွေ ဖြစ်ပေါ်လာတာမို့ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲ ရပ်ကွက်နေ ပြည်သူအားလုံး စိတ်ဝင်စားကြပေမယ့်လည်း အလွယ်တကူတော့ ပြီးစီးသွားမယ့် အခြေအနေမရှိဘူးလို့ ကော်မတီသစ် တာဝန်ရှိသူတွေက ဆိုကြပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com